Tuesday, June 15, 2010

မောင်းရင် မကြမ်းနဲ့



ကျွန်ုပ်သူငယ်ချင်း ဘမောင် ဆီသို့ သွားလည်ရန် အိမ်မှထွက်လာခဲ့သည်။ ဘောက်ထော် ကားဝိတ်လျှော့နားဆိုရင် လူတိုင်းသိတာမို့ တက္ကစီဌားပြီး လာခဲ့သည်။ ဘမောင်တို့ ခြံရှေ့ရောက်တော့ ခြံတံခါးပိတ်ထား၍ အကြားကြီး ရပ်စောင့်နေရသေးသည်။ ခေါင်းလောင်းတီးသော်လည်း တစ်ယောက်မှ အရိပ်အယောင်တောင် မတွေ့ရပေ။ ကျွုန်ုပ်ကလည်း စိတ်ရှည်သူ မဟုတ်၍ အိမ်ရှေ့ကနေ ဘေးအိမ်တွေက ကြားသည်အထိ အသာကုန် အော်ခေါ်တော့သည်။

ကျွုန်ုပ် ။ ။ ဒီအိမ်က ဘမောင်အိမ်လား၊ ဘယ်သူမှ မရှိကြဘူးလားဟေ့...

အိမ်ထဲမှ အမျိုးသားတစ်ဦး၏ အသံကိုကြားလိုက်ရသည်။

အမျိုးသား ။ ။ ဘယ်သူနဲ့တွေ့ချင်လို့လဲ...
ကျွန်ုပ် ။ ။ ဘမောင် မရှိဘူးလား၊ ကျွန်ုပ်က ဘမောင် ငယ်သူငယ်ချင်း ဦးချစ်တီးပါဗျ...
အမျိုးသား ။ ။ လာပြီးဗျ၊ လာပြီး...

အိမ်တံခါးမကို ဖွင့်ပြီး အမျိုးသားတစ်ဦး ထွက်လာသည်။ ကျွုန်ုပ်ကလည်း အသက် ၆၀ကျော်ပြီးမို့ မျက်မှန်တပ်နေရတော့ အဝေးကို သေချာကြည်ကြည်လင်လင် မမြင်ဘူးဗျ။ ထိုအမျိုးသားက အနီးရောက်လာမှ ကျွန်ုပ် သူငယ်ချင်းဘမောင် ဖြစ်နေ၍ ၀မ်းသာသွားသည်။ ဘမောင်က ကျွန်ုပ်ရဲ့ ကျောင်းနေဖက် ငယ်သူငယ်ချင်းဖြစ်သည်။ ဘမောင်နဲ့ မတွေ့ဖြစ်တာ ၁၀နှစ်လောက်ရှိသော်လည်း ဘမောင်ကတော့ အရင်အတိုင်း ဘာမှမပြောင်းလည်းပေ။

ကျွန်ုပ် ။ ။ ဘမောင်၊ မင်းကိုအော်ခေါ်ရတာ မောလိုက်တာကွာ...
ဘမောင် ။ ။ ဘယ်သူများလည်းလို့ ချစ်တီးပါလားကွ။ ငါလည်း မင်းကို တွေ့ချင်နေတာနဲ့ အတော်ပဲ၊ အထဲဝင်...

ဘမောင်က ခြံတံခါးကို လာဖွင့်ပေး၍ ကျွန်ုပ်နဲ့ ဘမောင်အိမ်အတွင်းသို့ တူတူဝင်သွားကြသည်။ ဘမောင်တို့ အိမ်ကို ကျွုန်ုပ် လူပျိုအရွယ်တုန်းက ညအိပ်၊ညနေထိ နေခဲ့ဖူးပေမယ့် မရောက်တာကြာတော့ အိမ်အပြင်အဆင်တွေလည်း ပြောင်းလို့ဗျ။ ဘမောင်ကိုယ်တိုင်က အင်ဂျင်နီယာဆိုတော့ အပြင်အဆင်တွေက ကျွုန်ုပ်အိမ်လို ရှေးမကျပဲ ခေတ်မီတယ် ပြောရမှာပေါ့။ ထို့နောက် ကျွန်ုပ်လည်း အိမ်ရှေ့ခန်းမှာ ၀င်ထိုင်လိုက်သည်။

ဘမောင် ။ ။ ချစ်တီး လာရင်းကို ပြောစမ်းပါအုန်း၊ ငါမင်းနဲ့ မတွေ့တာ ၁၀နှစ်လောက်တောင် ရှိသွားပြီးကွ...
ကျွန်ုပ် ။ ။ အေးဟုတ်တယ်။ ဘာမှတော့ ထွေထွေထူးထူးမရှိပါဘူး၊ ငယ်သူငယ်ချင်းတွေ သတိရလို့ လာလည်တာပါ...

ဘမောင် ။ ။ ဒါနဲ့ မင်းရဲ့သား သီဟ တစ်ယောက်ရော ဘာလုပ်နေလဲ...
ကျွန်ုပ် ။ ။ မပြောချင်ပါဘူးကွာ။ ငါမှာလည်း သားလေး တစ်ယောက်ရှိတယ် ဆိုလို့ အလိုလိုက်ခဲ့မိတာ မှားတာပဲ။ သူ့မိန်းမနဲ့လည်း ကွဲပြီး ငါတို့အိမ်ပြန်ရောက်လာ ကတည်းက သောက်လိုက်တဲ့အရက်။ ပြီးရင် ည၂နာရီ၊ ၃နာရီလောက်မှ မူးပြီး ကားနဲ့ ပြန်လာတယ်လေ...
ဘမောင် ။ ။ အရက်သောက်ပြီး ကားမောင်းတာ အသက်အန္တရာယ်ရှိတယ်၊ မင်းသေချာ နားဝင်အောင် ဆုံးမအုန်းကွ...
ကျွန်ုပ် ။ ။ ငါလည်း ဆုံးမတာပဲကွ၊ မရပါဘူး။ သီဟက အရက်ကို စွဲနေတာ။ မမူးတဲ့အချိန်မှာ ကောင်းလားဆိုတော့လည်း မကောင်းပြန်ဘူး။ ကားမောင်းလည်း အရမ်းကြမ်းပဲကွ။ ငါမင်းကို ရီစရာတစ်ခု ပြောရအုန်းမယ်...

ဘမောင် ။ ။ ဘာရီစရာများလဲကွ...
ကျွန်ုပ် ။ ။ ငါမှာ သွေးတိုးရောဂါရှိတာ မင်းသိတယ်မလား...
ဘမောင် ။ ။ အေး သိတယ်လေ...

ကျွန်ုပ် ။ ။ အေး အဲဒါ ငါဟိုတစ်လောက သွေးတိုးပြီး ခေါင်းနည်းနည်းလေး ကိုက်ချင် သလိုဖြစ်တာနဲ့ ဆေးခန်းသွားပြမယ် ဆိုပြီး သီဟကို ကားမောင်းပို့ခိုင်းမိပါတယ်။ တစ်လမ်းလုံး ရှေ့ကားက နှေးနေလို့ မကျေနပ်။ ဟွန်းတွေလဲ အစပ်မပြတ်တီးပြီး လိုက်ဆဲလို့ဆဲ။ ဟိုကားကို ကျော်တက်လိုက်၊ ကားချင်းပြိုင်မောင်းလိုက်နဲ့။ ကား၂စီးတိုက်မိမို့တောင် နည်းနည်းပဲ လိုတော့တယ်။ ငါကလည်း ဘေးက နေမကောင်းလို့ ဖြေးဖြေးမောင်းပါ၊ ပြောတော့လည်း မရ...

ဘမောင် ။ ။ အဲဒါနဲ့ မင်း စိတ်ဆိုးပြီး ကားပေါ်ဆင်းပြီး လမ်းမှာ ကျန်ခဲ့တယ်မလား...
ကျွန်ုပ် ။ ။ ဟားဟား အဲဒီထက်ပိုဆိုးတယ်ကွ။ ငါအစက ခေါင်းကိုက်ရုံပဲကွ။ သူမောင်းတဲ့ ကားစီးပြီးမှ ဆေးရုံရောက်သွားလို့ ဆေးရုံမှာ ၁ပတ်လောက်နေလိုက်ရတယ်...

ဘမောင်က ကျွန်ုပ်အကြောင်း နားထောင်ပြီုး အလွန်သဘောကျလျှက် အားရပါးရ ရယ်ပါတော့သည်။

ဘမောင် ။ ။ မင်းအဖြစ်က တော်တော်ဆိုးတာပဲကွ။ သားဆိုး အမေတဖားဖား စကားပုံပဲ ကြားဖူးတယ်။ မင်းမှပဲ သားဆိုး အဖေ ဆေးရုံရောက် ဖြစ်တော့တယ်...
ကျွန်ုပ် ။ ။ အေးမင်းလှောင်ရင်လည်း ခံရုံပဲ ရှိတော့တာပေါ့ကွာ...
ဘမောင် ။ ။ အလကား နောက်တာပါကွာ...

ကျွန်ုပ် နဲ့ ဘမောင် စကားလက်ဆုံကျနေစဉ် အိမ်နောက်ဖေးမှ အိမ်ဖော် ကောင်မလေး တစ်ယောက် လက်ဖက်ရည်နှင့် ပေါင်မုန့်ကြက်ဥကြော် ယူလာပြီး ကျွန်ုပ်ရှေ့မှာ လာချပေးသည်။

ဘမောင် ။ ။ မင်း လက်ဖက်ရည်နဲ့ ပေါင်မုန့်ကြက်ဥကြော် ကြိုက်တတ်မှန်းသိလို့၊ ငါလုပ်ခိုင်းလိုက်တာ...
ကျွန်ုပ် ။ ။ ဘမောင် မင်းကဘယ်ဆိုးလို့လဲ။ ငယ်သူငယ်ချင်း ပီသတယ်ကွ။ ခုထိ ငါ့အကြိုက်ကို သိတုန်းပဲ...

ကျွန်ုပ်အကြိုက် လက်ဖက်ရည်ချိုစိမ့်လေးနဲ့ ပေါင်မုန့်ကြက်ဥကြော်လေး စားလိုက်ရတာ ဘယ်လို အရသာရှိမှန်းကို မသိပေ။ စားသောက်ပြီးလို့ ဗိုက်လည်း ဝသွားရော စကားပြောခန်း ပြန်စကြလေသည်။

ကျွန်ုပ် ။ ။ ဒါနဲ့ မင်းအမျိုးသမီး မိခိုင်ရော မရှိဘူးလား...
ဘမောင် ။ ။ မိခိုင်က ကလေးတွေနဲ့ ပြည်ကို ခဏပြန်သွားတယ် သဘက်ခါလောက်မှ ပြန်လာမှာကွ...
ကျွန်ုပ် ။ ။ ဒါဆို မင်းတစ်ယောက်ထဲပေါ့၊ ဒါနဲ့ မင်းရောခုထိ ကားမောင်းတုန်းပဲလားကွ...

ဘမောင် ။ ။ ငါလည်း မင်းလိုပဲလေကွာ။ အသက်ကရလာတော့ ကားမောင်းရတာ အရင်ကလို သိပ်အဆင်မပြေတော့ဘူးကွ။ ဒါနဲ့ ကားမောင်းဒရိုင်ဘာ တစ်ယောက်ဌားထားတယ်...
ကျွန်ုပ်က အစိုးရပင်စင်စာ တစ်ယောက်ဆိုတော့ ဘမောင်တို့လိုတော့ မပြည့်စုံဘူး။ ဘမောင်ကတော့ မိဘလက်ထက်ထဲက ပိုက်ဆံချမ်းသာတာ၊ ခုထိပဲ ဆိုပါတော့။

ကျွုန်ုပ် ။ ။ မင်းတို့ကတော့ ပိုက်ဆံရှိတော့ ဒရိုင်ဘာဌားနိုင်တာပေါ့ကွာ။ ငါမှာတော့ ငါသား မောင်းတဲ့ကားလည်း မစီးရဲတော့၊ တက္ကစီနဲ့ပဲ သွားလာနေရတာ...
ဘမောင် ။ ။ မင်းက ငါအိမ်က ကားမောင်းဒရိုင်ဘာ အကြောင်း မသိလို့ ကောင်းတယ် ထင်တာပါကွာ...
ကျွန်ုပ် ။ ။ မင်းဒရိုင်ဘာက ဘာဖြစ်လို့လဲ...

ဘမောင် ။ ။ ဟားဟား၊ ကားမောင်းကြမ်းတာမှ သီဟ တောင်သူကို အရှုံးပေးရမယ်။ သူကအရင်က ကုန်တင်ကားကြီးတွေ မောင်းခဲ့တော့ ငါအိမ် ဆူပါဆလွန်ကားလောက်ကို ဒုံးပျံမောင်းသလို မောင်းတာ ကိုယ့်လူ...
ကျွန်ုပ် ။ ။ ဒုံးပျံလောက်တော့ ဘယ်သူမှ မမောင်းနိုင်ပါဘူးကွာ။ မင်းက ငယ်ငယ်က အကျင့်မပျောက်သေးဘူး။ အပိုတော်တော်ပြောတယ်...
ဘမောင် ။ ။ မယုံမရှိနဲ့ ကိုယ့်လူ။ ၁နာရီနဲ့ သွားရမယ့် ခရီးကို သူမောင်းရင် ၁၀မိနစ်နဲ့ ရောက်တယ်...

ကျွန်ုပ်လည်း ဘမောင်ပြောတဲ့စကားကို မယုံတဲ့ အနေနဲ့ ရိလိုက်သည်။
ကျွန်ုပ် ။ ။ မင်းဟာကလည်း ဟုတ်ပမလား။ ၁နာရီခရီးကို ဘယ်သူမှ ၁၀မိနစ်နဲ့ မမောင်းနိုင်ပါဘူးကွာ...
ဘမောင် ။ ။ အေး မင်းမယုံရင်၊ အခု ငါဆီက အိမ်ပြန်ရင် င့ါကားမောင်း ဒရိုင်ဘာနဲ့ ပြန်လိုက်ပို့ပေးမယ်...
ကျွန်ုပ်ကလည်း လက်တွေ့သမားဆိုတော့ ပါးစပ်ပြောဆို နည်းနည်းမှာ ယုံတတ်တာ မဟုတ်ဘူး။

ကျွန်ုပ် ။ ။ စိန်လိုက်လေကွာ၊ ငါကလည်း လက်တွေ့မှကြိုက်တာ။ ဒါနဲ့ မင်းက ဒီလောက် ကားမောင်းကြမ်းတဲ့ ဒရိုင်ဘာကို ဘာလို့ မထုတ်ပစ်တာတုန်း...
ဘမောင် ။ ။ အေး... မပြောချင်ပါဘူး။ ငါ့မိန်းမပေါ့ကွာ။ ဒီဒရိုင်ဘာက ငါတို့အတွက်တော့ လူယုံလိုဖြစ်နေတာဆိုတော့ ဖြုတ်မပစ်ရက်ဘူးကွ။ ငါမှာတော့ သူမောင်းပုံနဲ့ ဘယ်နေ့တစ်ခုခုဖြစ်မလဲပဲ တွေးပူနေရတာ...

ကျွန်ုပ်လည်း တစ်ချက်ရယ်လိုက်ပြီး၊ နာရီကို လှန်းကြည့်လိုက်တော့ ညနေ၄နာရီ ပင်ထိုးနေသည်။
ကျွန်ုပ် ။ ။ ညနေ ၄နာရီတောင် ထိုးနေပြီပဲ။ ငါလည်း ပြန်လိုက်အုန်းမယ်။ မင်းလည်း အားရင် ငါအိမ်ကို လာလည်အုန်းကွ...
ဘမောင် ။ ။ အေး၊ မိခိုင်ပြန်လာရင် လာခဲ့မယ်။ ဒါနဲ့ မင်းလက်တွေ့စမ်းတဲ့ အနေနဲ့ ငါဒရိုင်ဘာမောင်းတဲ့ ကားနဲ့ ပြန်ပေးတော့...

ကျွန်ုပ်က ကျွန်ုပ်သားမောင်းတဲ့ကားကို စီးနေကျမို့ သူ့ဒရိုင်ဘာ ဘယ်လောက် ကြမ်းအောင် မောင်းနိုင်မလဲ စမ်းကြည့်ချင်၍ ဘမောင်ကို နှုတ်ဆက်ပြီး သူ့ကားပေါ်တက်လိုက်သည်။

ဘမောင် ။ ။ မင်းလက်တွေ့ဆင်းတာ ဘယ်လိုလည်း ဖုန်းဆက်ပြန်ပြောပြအုန်းကွ...
ကျွန်ုပ် ။ ။ အေးပါ၊ စိတ်ချ...

ကျွန်ုပ်ကားပေါ်ရောက်သည်နှင့် ကားမောင်းဒရိုင်ဘာကို တချက်ရှိုးလိုက်သည်။ ဒရိုင်ဘာက အသက် ၃၈၀န်းကျင်လောက်ပဲ ရှိသေးသည်။ ကျွန်ုပ်သားနဲ့ အသက်မတိမ်းမယိမ်း ပဲရှိအုန်းမည်။ ကားတောင် မထွက်ရသေးဘူး ကားလီဗာကို ဇွတ်နင်းနေသဖြင့် ကျွန်ုပ်စိတ်ထဲ နည်းနည်းတော့ ထင့်သွားသည်။

ဒရိုင်ဘာ ။ ။ အန်ကယ် ဘယ်ကိုမောင်းရမှာလဲ...
ကျွန်ုပ် ။ ။ ရန်ကင်းဘက်ကိုမောင်း...

ကျွန်ုပ်စကားတောင် မဆုံးသေးပေ၊ ကားကိုလျင်မြန်သော အရှိန်ဖြင့် မောင်းထွက်သွားသဖြင့် ကားနောက်ခန်း ဘေးက ပြတင်းပေါက်နဲ့ ခေါင်းဆောင့်မိသွားသည်။ ကျွန်ုပ်သူငယ်ချင်း ဘမောင်ပြောသော စကားသည်မှန်လိမ့်မည်ဟု ကျွန်ုပ် ၉၀ရာခိုင်နှုန်း ယုံသွားသည်။ ကားတွေရှုပ်နေသည့် ကြားထဲမှာပင် တခြားကားတွေကို မထိရုံတမယ် ရှောင်ပြီး မောင်းသည့်အပြင်၊ တချို့နေရာများတွင် လမ်းပြောင်းပြန် မောင်းသေးသည်။

ကျွန်ုပ် ။ ။ ဟေ့လူ ဖြည်းဖြည်းမောင်းဗျ၊ အားအား အရှေ့မှာကား...
ဒရိုင်ဘာ ။ ။ ဒီလောက်ကတော့ ကျွန်တော် ရှောင်နေကျပါ။ အန်ကယ်က ဇွတ်ကြောက်နေတာပဲ။ ကားမောင်းရင် ဒီလောက်တော့ မောင်းရမှာပဲဗျ...

မိုင်နှုန်း ၁၂၀လောက်နဲ့များ ပြိုင်ကား မောင်းနေသည့်အလားပင် ကျွန်ုပ် ခေါင်းပေါ်မှ ချွေးစီးချွေးပေါက်တွေ ကျလာသည်။ ဒီဒရိုင်ဘာ မောင်းပုံနဲ့ဆိုရင် ကျွန်ုပ်အိမ်ပြန်မရောက်ပဲ၊ သချိုင်းရောက်ဖို့ ပိုနီးစပ်လာသည်ဟု တွေးမိသည်။ ကျွန်ုပ် အရမ်းကြောက်လာသဖြင့် လက်များလည်းတုန်လာသည်။ ဘေးက ထိုင်ခုံခါးပတ်ကို ယူပြီး ကိုယ်မှာပတ်ဖို့တောင် လက်က မမြဲတော့ပေ၊ မျက်လုံးများလည်း မှုန်ဝါးလာသည်။ ကျွန်ုပ်သည်းမခံနိုင်တဲ့ အဆုံး ကျယ်လောင်သော အသံဖြင့်...

ကျွန်ုပ် ။ ။ ကားကို ရပ်ရပ်ရပ်...

ကျွန်ုပ်အသံအဆုံးမှာ၊ ဒရိုင်က ကားကို ဘရိတ်စောင့်အုပ်လိုက်သဖြင့် အရှေ့ကထိုင်ခုံနှင့် ပြေးဝင်တိုက်မိ၍ တော်တော် မူးဝေသွားသည်။ ကျွန်ုပ်လည်း ဒီဒရိုင်ဘာ မောင်းတဲ့ ကားပေါ်က အမြန်ပြေးဆင်းပြီး ပလက်ဖောင်းနားမှာ မူးအန်ပါလေရော။

ဒရိုင်ဘာ ။ ။ အန်ကယ် ဘာဖြစ်သွားတာလဲ...
ကျွန်ုပ် ။ ။ မင်းငါနားက ခုထွက်သွား၊ ငါဘာသာငါ အိမ်ပြန်မယ်ကွ...

ဒရိုင်ဘာလည်း သူ့ကားမောင်းပြီး ထွက်သွားမှ ကျွန်ုပ်မှာ နေသာထိုင်သာ ရှိသွားတော့သည်။ ကျွန်ုပ်လည်း ခဏနားပြီးမှ တက္ကစီဌားပြီး အိမ်ပြန်တာမှ ကောင်းအုန်းမည် အကြံရသည်နှင့် တက္ကစီတစ်စီးကို တားလိုက်သည်။

တက္ကစီဒရိုင်ဘာ ။ ။ ဦးလေး ဘယ်သွားချင်လို့လဲ...
ကျွန်ုပ် ။ ။ ရန်ကင်းဈေးနားရှေ့ လေးတင်ပဲ၊ ဘယ်လောက်လဲ...
တက္ကစီဒရိုင်ဘာ ။ ။ ၁၅၀၀တော့ ပေးဗျာ...

ကျွန်ုပ်အတွက်က ခုချိန်မှာ ဈေးဆစ်ဖို့ထက် အန္တရာယ်ကင်းကင်းနဲ့ အိမ်ပြန်ရောက်ဖို့က အရေးကြီးတာမို့ ဈေးမဆစ်တော့ပဲ တက္ကစီပေါ်တက်လိုက်လာခဲ့သည်။ ကားပေါ်ရောက်ရောက်ခြင်း ထိုင်ခုံခါးပတ်ကို ပတ်ထားလိုက်သည်။ တက္ကစီဒရိုင်ဘာက မဆိုးဗျ၊ ကားမောင်းတာ ပုံမှန်ပဲ အရမ်းမမြန်ဘူး၊ ကံကောင်းတယ်ဟု တွေးမိသည်။ ခဏကြာတော့ ဖုန်းသံကြား၍ ကျွန်ုပ် ဟမ်းဖုန်းမြည်သည်ထင်နှင့် ကြည့်လိုက်တော့ တက္ကစီဒရိုင်ဘာ ဟမ်းဖုန်းက မြည်နေတာ ဖြစ်သည်။ တက္ကစီဒရိုင်ဘာက ဟမ်းဖုန်းလေးပြောပြီး စတီယာတိုင်ကို လက်တဖက်ထဲနဲ့ ကိုင်ပြီး မောင်းနေသည်။ ဖုန်းပြောတာလည်း တခြားတဖက်က လူနဲ့ ရန်ဖြစ်နေလားမသိပါဘူး အော်ကြီးဟစ်ကျယ်နဲ့။ ကားကို မောင်းရင်းမောင်းရင်းနဲ့ ကားက ဟိုဘက်ရမ်းသွားလိုက်၊ ဒီဘက်ရမ်းသွားလိုက်နဲ့ ကျွန်ုပ်မှာ Rollercoaster စီးနေလားအောင်းမေ့ပါသည်။ တက္ကစီဒရိုင်ဘာ ဖုန်းပြောရင်း အော်လိုက်လျှင် စတီယာတိုင်ကို ကိုင်ထားတဲ့ လက်တစ်ဖက်က လွှတ်လွှတ်သွားလို့ ဘေးက ကားကို ထိတော့မယ်ဖြစ်လိုက်နဲ့။ ကျွန်ုပ်မှာ ကြည့်ရင်း အူတွေ၊ အသဲတွေတောင် ယားလာတာနဲ့ ဘယ်လိုမှ မနေနိုင်တော့ပဲ...

ကျွန်ုပ် ။ ။ ဒီမှာဒရိုင်ဘာ၊ ကားမောင်းနေရင်း ဖုန်းမပြောနဲ့လေ။ ခင်များမောင်းတာ ကားက ဟိုဘက်ရမ်းလိုက် ဒီဘက်ရမ်းလိုက်ဖြစ်နေပြီး...
တက္ကစီဒရိုင်ဘာ ။ ။ ကျွန်တော်မောင်းနေတာ ကျွန်တော်သိပါတယ်...

စကားတောင် မဆုံးသေးပေ ရှေ့က မီးပွိုင့်နီလို့ ရပ်ထားတဲ့ ကုန်တင်ကားကြီးကို နောက်က ၀င်တိုက်ပစ်လိုက်သည်။ တက္ကစီကားအရှေ့ပိုင်း တစ်ခြမ်းလုံး တွန့်ကြေသွားပြီး တက္ကစီဒရိုင်ဘာကတော့ ခေါင်းမှာ ဒဏ်ရာနည်းနည်းရသွားသည်။ ကျွန်ုပ်ကတော့ ခါးပတ်ပတ်ထားလို့ ဘာမှမဖြစ်ပေ။ ဒါကြောင့် ကားမောင်းတဲ့သူရော၊ စီးတဲ့လူပါ ခါးပတ်ပတ်ထားကြဖို့ သတိပေးနေတာပေါ့။ ကျွန်ုပ်လည်း ဒေါကြီးမောကြီးနဲ့ တက္ကစီဒရိုင်ဘာကို ဆဲဆိုပြီး လမ်းလျှောက် ထွက်လာခဲ့သည်။ ကျွန်ုပ်အိမ်ကို ရောက်ဖို့က လမ်းလျှောက်သွားလို့ ရတဲ့ အနေထား မဟုတ်သေး၍ တက္ကစီလည်း မစီးရဲတော့တာမို့ ဘတ်စကားနဲ့ အိမ်ပြန်ရင် ကောင်းမည်ဟု အကြံရလိုက်သည်။ ဒါကြောင့် နီးစပ်ရာ ဘတ်စကားဂိတ်သွားပြီး ပထမဆုံးလာတဲ့ ကားပေါ်တက်လိုက်လာခဲ့သည်။ ဘတ်စ်ကားကို ၂၀၀ကျပ်ပေးပြီး စီးရတာမှ စိတ်ချမ်းသာသေးတယ်ဗျ။ ဘတ်စကားမှာ ထိုင်ခုံအပြည့်ပဲ လူတင်တယ်၊ အဲယာကွန်းကလည်း ဖွင့်ထားသေးတယ်၊ စီးရတာလည်း ဇိမ်ကျလို့ဗျ။ အညိမ့်သား စီးသွားရင်းနဲ့ ကျွန်ုပ်တစ်ချက် ငိုက်သွားသည်။ ကားစပယ်ရာက ကျွန်ုပ်ကိုလာနှိုးမှ လန့်နှိုးလာသည်။

စပယ်ရာ ။ ။ အဘ ဂိတ်ဆုံးနေပြီးဗျ...
ကျွန်ုပ် ။ ။ အေးဟုတ်လားကွ၊ ဒါနဲ့ ခုဘယ်ရောက်နေတာလဲ...
စပယ်ရာ ။ ။ မှော်ဘီရောက်နေတာလေ၊ မှော်ဘီမှာ ဂိတ်ဆုံးတာ...
ကျွန်ုပ် ။ ။ ဘာ၊ ခုမှော်ဘီမှာ...

ကျွန်ုပ်ခေါင်းတစ်ခုလုံး ထူးပူသွားတော့သည်။ ကျွန်ုပ်အိမ်မောကျသွားပြီး ဘယ်လို မှော်ဘီထိပါသွားသည်ကို မသိပေ။ စပယ်ရာကောင်းလေး ကတော့ ဘယ်ဘတ်စ်ကားကို ပြန်စီးပြီး ရန်ကင်းကို ပြန်လို့ရတယ် ပြောပြပါတယ်။ ဒါပေမယ့် လေးဘီးအဌားကား တွေ့သည်နှင့် ၀မ်းသာအားရနှင့် ပြေးလိုက်သွားသည်။ လေးဘီးကားက နှေးပေမယ့် အိမ်ကို အန္တရာယ် ကင်းကင်းပြန်ရောက်ဖို့က အရေးကြီးတယ် မဟုတ်လားဗျ။ တစ်နေ့လုံး ကားမောင်းမြန်တာတွေပဲ စီးခဲ့လို့လား မသိပါဘူး၊ လေးဘီးကား သွားနေတာကို နှေးလွန်းလို့ ကျွန်ုပ်မှာ အားမရတာနဲ့။

ကျွန်ုပ် ။ ။ လေးဘီးကားဆရာ ကားကိုဒီထက်မြန်မြန်မောင်း မောင်းလို့ မရဘူးလားဗျ…
ကားဆရာ။ ။ ကျွန်တော်လည်း အမြန်ဆုံးမောင်းနေတာပဲ…
ကျွန်ုပ် ။ ။ အမြန်မောင်းပေလို့ပဲ၊ ခင်များမောင်းပုံနဲ့ဆို ကျွန်ုပ် မနက်မိုးလင်းမှ အိမ်ပြန်ရောက်မှာ သေချာတယ်…
ကားဆရာ ။ ။ အန်ကယ်ကြီးက စိတ်သိပ်လောတာကိုး၊ အန္တရာယ်ကင်းကင်းနဲ့ အိမ်ပြန်ရောက်ဖို့က အရေးကြီးတာ မဟုတ်လားဗျ…

လေးဘိန်းမောင်းတဲ့ ကားဆရာ ပြောတော့လည်း မှန်သားပဲ တွေးမိသည်နှင့် ကျွန်ုပ် ဘာမှ အထွဋ်မတက်တော့ပဲ ငြိမ်ငြိမ်လေးစီးပြီး လိုက်လာခဲ့သည်။ မောင်းရင်းနဲ့ ကားက တွန့်ဆုတ်တွန့်ဆုတ်ဖြစ်ပြီး စက်သေသွားလေသည်။

ကျွန်ုပ် ။ ။ ကားဆရာ၊ ဘာဖြစ်တာတုန်း...
ကားဆရာ။ ။ ကားက ဘာဖြစ်သွားမှန်းမသိပါဘူး။ ကျွန်တော် တစ်ချက်ဆင်းကြည့်လိုက်အုန်းမယ်...
ကျွန်ုပ် ။ ။ ဒါဆိုလည်း မြန်မြန်လုပ်ဗျာ။ ညမိုးချုပ်နေပြီးဗျ...
နောက် ၁၀မိနစ်လောက်ကြာတော့ ကားဆရာက ကျွန်ုပ်နားသို့ လမ်းလျှောက်လာသည်။

ကားဆရာ ။ ။ ကားက ပြင်တော့ပြီးပြီ။ ဒါပေမယ့် အနောက်က နည်းနည်းတွန်းပေးမှ ဖြစ်မယ်...
ကျွန်ုပ် ။ ။ ငါက ကားတွန်းပေးရမှာပေါ့ ဟုတ်လား...
ကားဆရာ ။ ။ ဟုတ်တယ် အန်ကယ်ကြီးရဲ့...
ကျွန်ုပ် ။ ။ အေး အိမ်ပြန်ရောက်ဖို့က အရေးကြီးတယ်။ လာတွန်းပေးမယ်...

ကျွန်ုပ်က လေးဘိန်းကားကို နောက်ကပဲ တွန်းပေးလိုက်တော့ စက်နှိုးလို့ရသွားသည်နှင့် ခရီးဆက်နှင်လာသည်။ ဒီလိုနဲ့ ည၈နာရီတောင် ကျော်လာပြီး အိမ်သို့ပြန် မရောက်သေးပေ။ ကျွန်ုပ်အိမ်နားရောက်ခါနီးမှာ လေးဘီးက မောင်းရင်း စက်ထပ်ရပ်သွားပြန်သည်။

ကျွန်ုပ် ။ ။ ခင်များကားက စက်သေသွားပြန်ပြီလား…
ကားဆရာ ။ ။ ဟုတ်တယ်၊ ဒီနေ့မှ ဒီကားက ဘာဖြစ်နေမှန်းကို မသိပါဘူး…
ကျွန်ုပ် ။ ။ ခင်များကားဆီရတာ မဟန်ပါဘူးဗျာ။ ကျွန်ုပ်ဘာသာ ကျွန်ုပ်ပဲ လမ်းလျှောက်ပြန်တာ ပိုမြန်အုန်းမယ်။ ရော့ ကားခ…

ကျွန်ုပ်လည်း ကားခပေးပြီး အိမ်သို့ ၁၀မိနစ်လောက် ခြေကျင်လမ်းလျှောက် ပြန်ခဲ့ရလေတော့သည်။

ပြီး...

9 comments:

  1. i love that one...it was funny one...aja fighting ;)

    ReplyDelete
  2. ဒီဝတ္တုတိုက ခရီးသွားဂျာနယ် ၀တ္တုတိုပြိုင်ပွဲ ၀င်ဖို့ ရေးထားတာ။ ဆုရမယ်လို့တော့ မထင်ပါဘူး၊ စိတ်ကြိုက်ရေးထားတာ.... :)

    ReplyDelete
  3. ၀တ်ရည် တော်လိုက်တာ။
    ခရီးသွား ယာဉ်အန္တရယ် သတိပေး ၀တ္တု လေးပဲ ။
    ကောင်းတယ် ၀တ်ရည် ရေ..။

    ReplyDelete
  4. ငရည်ရေ ကောင်းတယ် ရယ်ရတယ် ဟာသလေးတွေက အမောပြေစေလို့ ကြိုက်တယ်း)

    ReplyDelete
  5. ငရည်လေး ဆုရပါစေး)

    ReplyDelete
  6. မမအိရေ ခုလို လာလည်ပြီး ဖတ်ပေးသွားလို့ အ၇မ်းကျေးဇူးတင်ပါတယ်။ နောက်လည်း လာလည်ပါအုန်းနော်.. :)

    ReplyDelete
  7. သူငယ်ချင်း ဖြူသန့်ရေ ကျေးဇူးပဲ၊ အကြံဥာဏ်လေးတွေလည်း ပေးပါအုန်း.. :)

    ReplyDelete