Sunday, August 8, 2010

မှောင်ရိပ် (အပိုင်း-၁)


မုန့်စားဆင်း ခေါင်းလောင်း ထိုးသံကို ကြားလိုက်သည်။ ကျွန်မ မုန့်စားဆင်းရန် ထိုင်ခုံမှ အထတွင် ကျွန်မ သူငယ်ချင်း သီရိက ရေကြီးသုတ်ပြာဖြင့် ကျွန်မဆီသို့ ပြေးလာပြီး ပန်းအိ သူ့ကျောင်းခန်းထဲတွင် ငိုနေသည့် အကြောင်းလာပြော၍ စိတ်ပူသွားသည်။ ကျွန်မက ဆယ်တန်းအေ တွင် တက်ပြီး ကျွန်မ အစ်မွှာညီမဖြစ်သူ ပန်းအိကတော့ ဆယ်တန်းဘီမှာ တက်ရောက် နေသည်။ ကျွန်မ ဆယ်တန်းဘီအခန်းထဲသို့ ၀င်လာတော့ ပန်းအိ တစ်ယောက် စားပွဲခုံပေါ်တွင် ၀င်လျားမှောက်လျှက် ငိုနေသည်ကို တွေ့သည်။

ကျွန်မ ။ ။ ပန်းအိ ဘာလို့ ငိုနေတာလဲ…
ကျွန်မ အသံကြားတော့ ပန်းအိ အရမ်းငိုထားသဖြင့် မျက်လုံးများ မို့နေသော မျက်နှာလေးဖြင့် မော့ကြည့်လျှက်၊

ပန်းအိ ။ ။ နှင်းအိ ငါရှက်လွန်းလို့ ကျောင်းတောင် မတက်ချင်တော့ပါဘူးဟာ…
ကျွန်မ ။ ။ ဘာဖြစ်လို့လဲ ပန်းအိရဲ့…
ပန်းအိက အရမ်းဝမ်းနည်းစွာဖြင့် မျက်ရည်များကျလာပြီး၊

ပန်းအိ ။ ။ ဟိုကောင် ဇေယျလေ၊ အတွင်းခံ ဘောင်းဘီ တစ်ထည်ကို ကျောင်းယူလာပြီး၊ ငါဟာဆိုပြီး လူတကာကို လိုက်ပြနေတယ်လေ…
ကျွန်မ ။ ။ ဘာပြောတယ်။ ဒီကောင် တော်တော် အောက်တန်းကျပြီး လူမဆန်တဲ့ကောင်…

ဟုပြောကာ ကျွန်မ အရမ်းစိတ်ဆိုးပြီး ဇေယျကို လိုက်ရှာရန် အခန်းထဲမှ ထွက်လာခဲ့သည်။ ဇေယျကတော့ မုန့်ဈေးတန်းတွင် သူ့သူငယ်ချင်းတွေနဲ့ ရယ်မော ဟားတိုက်နေသည်။

ကျွန်မ ။ ။ ဇေယျ ဒီဘက်ကို လာခဲ့စမ်း။ နင်နဲ့ ငါစာရင်းရှင်းစရာ ရှိတယ်…
ဇေယျက ကျွန်မနားသို့ ဒေါင့်မကျိုးတဲ့ အိုက်တင်နဲ့ လမ်းလျှောက် လာသည်။
ဇေယျ ။ ။ အေး၊ ဘာလဲပြော…
ထိုအချိန်တွင် ပန်းအိ ဘယ်ကရောက်လာသည်မသိ၊ မြန်ဆန်သော လက်ဝါးဖြင့် ဇေယျပါးကို ဗြန်းခနဲမြည်အောင် ရိုက်လိုက်သဖြင့် ကျွန်မတောင် မျက်လုံးပြူးသွားသည်။

ပန်းအိ ။ ။ လူယုတ်မာ၊ တိရစ္ဆာန်လောက်တောင် အဆင့်မရှိတဲ့ကောင်။ ငါ နင့်ကို မုန်းတယ်…
ဇေယျ မျက်နှာ ချက်ချင်း နီရဲတက်လာပြီး ပန်းအိကို ပြန်ရိုက်ရန် သူလက်ကို ရွယ်လိုက်ပြီးခါမှ အောက်သို့ ပြန်ချလိုက်ပြီး၊

ဇေယျ ။ ။ ပန်းအိ၊ ပန်းအိ နင်ဟုတ်လို့ပေါ့ကွာ။ တခြားသူသာ ဆိုရင် ငါဒီနေရာမှာတင် သတ်ပစ်လိုက်တာ ကြာပြီ…
ကျွန်မ ။ ။ အောင်မာ ပန်းအိကို လက်ဖျားနဲ့ တို့ရဲတို့ကြည့် ငါနဲ့ အရင်တွေ့သွားမယ်…
ဇေယျ ။ ။ နှင်းအိ နင်နဲ့ မဆိုင်ရင် မဆိုင်သလိုနေစမ်းပါ…

တခြားကျောင်းသား၊ ကျောင်းသူတွေ ရှေ့မှာ ပါးရိုက်ခံရသဖြင့် ဇေယျ အရမ်းရှက်ပြီး သူ့သူငယ်ချင်းတွေနဲ့ လှည့်ထွက်သွားသည်။ ကျွန်မစိတ်ထဲ ပန်းအိ ဇေယျကို ပါးချလိုက်သဖြင့် အရမ်းဝမ်းသာမိသည်။ ဇေယျသည် ကျွန်မတို့ ဖခင်၏ အလုပ်ရှင်သား ဖြစ်တာ တစ်ကြောင်း၊ ငယ်သူငယ်ချင်း ဖြစ်တာတစ်ကြောင်းမို့ သူ့ကို အမြဲတမ်းသည်းခံနေခဲ့ရသည်။ ဇေယျနဲ့ ကျွန်မတို့ အစ်မွှာညီမ၊ ၃တန်းလောက် ကတည်းက ကျောင်းနေဖက် သူငယ်ချင်းတွေ ဖြစ်ကြသည်။ ဇေယျက ငယ်စဉ်က ဥာဏ်အရမ်းကောင်းပြီ စာတစ်ပုဒ်ကို ဖတ်ရုံနဲ့ အားလုံး အမြဲမှတ်မိသည်။ ကျွန်မတို့ ဘာအကူညီပဲ လိုလို သူက အမြဲလည်း ကူညီပေးတတ်သည်။ ၆တန်းအထိတော့ ကျွန်မတို့ ၃ယောက်ဟာ အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြသည်။ သို့သော် ခုနှစ်တန်းစတက်တဲ့ အချိန်က စပြီး ဇေယတစ်ယောက် အပေါင်းအသင်းမှား၍ စတင်ပျက်စီးလာသည်။ အေတန်းမှ စီတန်း၊ နောက်ဆုံး အီတန်းထိကျလာပြီး တဖြည်းဖြည်းနဲ့ ပညာကို လုံးဝ စိတ်မပါတော့ပေ။

ဇေယျက အနေထိုင်အေးပြီး မြန်မာဆန်အောင် လှသော ပန်းအိကို ငယ်စဉ်ကတည်းက သဘောကျနှစ်ချိုင့်သည်။ ဇေယျက သူ့မိဘ ပိုက်ဆံချမ်းသာတာမို့ ငွေကုန်မောက်နေတဲ့ လူစားမျိုးပေ။ ရုပ်ကလည်း တော်တော်ဖြောင့်သဖြင့် ကျောင်းမှာဆို King ဖြစ်ပြီး သူ့ကို လိုက်တဲ့ မိန်းခလေးများ ၀ိုင်းဝိုင်းလည်နေသည်။ ပန်းအိက သူလိုလူမျိုးကို ပြန်မကြိုက်သဖြင့် မကျေနပ်ပဲ ပန်းအိကို တစ်ခုပြီတစ်ခု ဒုက္ခပေးတတ်သည်။ ဒီတစ်ခါတော့ တော်တော် နှောင်ကျဉ်သွားပုံရသည်။

ပန်းအိ ။ ။ နှင်းအိ ငါလုပ်တာ မှန်လားဟင်…
ကျွန်မ ။ ။ မှန်တာမှ အရမ်းမှန်တာပေါ့။ ဒါမှ ဒီကောင် ပန်းအိကို နောက်ဘယ်တော့မှ မနှောင့်ယှက်ရဲတော့မှာ။ ဒါပေမယ့် ကျောင်းဆင်းရင် တစ်ယောက်ထဲ မဆင်းနဲ့အုန်း၊ ငါကို စောင့်ပြီဆင်း…
ပန်းအိ ။ ။ အေးပါ…

ဇေယျသည် အငြိုးအတေးကြီးသည့်အပြင် သူလိုချင်လျှင် ရအောင် လုပ်တတ်သည့် အကျင့်ရှိသည်။ ဒါကြောင့် သူ့ကို အရှက်ခွဲလို့ ပန်းအိကို ကလဲ့စားပြန်ချေမည် စိုး၍ ထိုသို့ ပြောခြင်းဖြစ်သည်။ ကျောင်းခေါင်းလောင်းထိုးသည်နှင့် ပန်းအိ ကျောင်းခန်းရှေ့တွင် ကျွန်မကို ရပ်စောင့်နေသည်။ ပန်းအိက တင်ပါးထိရှည်သော သူမ၏ လှပသည့် ဆံပင်ရှည်လေးကို ပန်းရောင်အစည်းလေးနဲ့ စည်းထားသည်။ ငိုထားသဖြင့် ပန်းအိ မျက်နှာမှာ သနပ်ခါးလေးတွေ မရှိတော့ပေ။ ကျွန်မကတော့ သနပ်ခါးလိမ်းသည်ကို သဘောမကျသဖြင့် အမြဲ ပေါင်ဒါလိမ်းပြီး ဆံပင်တိုကို နားနောက်သို့ သတ်ထားလေ့ရှိသည်။ ကျောင်းအကျီင်္လက်စကကိုလည်း လက်မောင်းနားရောက်သည့်တိုင်အောင် ခေါက်တင်ထားတတ်သည့်အပြင် ကျောင်းစိမ်းလုံခြည်ကို ခြေမျက်စိဖုံးသည်အထိ ၀တ်ဆင်ထားတတ်သည်။ ပန်းအိနှင့်တူတူ ကျွန်မ ကျောင်းဝသို့ ထွက်လာကြသည်။ ကျောင်းဝနားတွင် ဇေယျကို မတွေ့၍ စိတ်အေးသွားသည်။ ကျွန်မတို့ကားရပ်တဲ့ နေရာသို့ တူတူလမ်းလျှောက်လာခဲ့သည်။ ကားရပ်နားနေရာတွင် ရပ်စောင့်နေသော ဇေယျတို့ အဖွဲ့ကို တွေ့သဖြင့် ကျွန်မရော၊ ပန်းအိရော လန့်သွားကြသည်။

ပန်းအိ ။ ။ နှင်းအိ ဟိုမှာ ဇေယျ၊ ငါတို့ ဘယ်လိုလုပ်ကြမလဲ…
ကျွန်မ ။ ။ ပန်းအိ ပါးရိုက်တုန်းကတော့ မကြောက်ပဲ၊ ခုမှ ကြောက်နေပြီလား။ မသိချင်ယောင်ဆောင်ပြီနေ၊ သူ့ကို သွားမကြည့်နဲ့…

အမှန်တော့ ကျွန်မစိတ်ထဲမှာလည်း လန့်နေမိသည်မှာ အမှန်ပင်။ ဇေယျ မျက်နှာက အရမ်းမတင်းမာတော့ပဲ၊ စိတ်ဆိုးအနည်းငယ် ပြေသွားပုံရသည်။ ဒါနှင့် မသိချင်ယောင်ဆောင်ပြီး သူ့ကို ကျော်မည် အလုပ်တွင် ဇေယျက ကျွန်မတို့ ရှေ့ကနေ သူ၏လက်ကို တန်းထားလိုက်သည်။

ကျွန်မ ။ ။ ဇေယျ နင်ဒါဘာလုပ်တာလဲ၊ ပါးတစ်ချက်ပဲ အရိုက်ခံရတာ မကျေနပ်လို့ နောက်တစ်ချက်ပါ အချခံချင်လို့လား…

ဇေယျက ကျွန်မကို ဂရုမစိုက်ပဲ ပန်းအိကိုသာ ကြည့်၍၊

ဇေယျ ။ ။ ဒီနေ့ကိစ္စမှာ ငါအရမ်းမှားသွားတယ်ဟာ။ အဲဒီအတွက် ငါတောင်းပန်ပါတယ်…
ပန်းအိ ။ ။ ရပါတယ်။ ငါလည်း နင်ကို စိတ်ဆိုးပြီ ရိုက်လိုက်မိတယ်၊ နာသွားလား…
ဇေယျ ။ ။ မနာပါဘူး။ နင်ပါးချတာကို ငါက ငါ့ကိုမွှေးမွှေးပေးတယ်လို့ပဲ အောင်းမေ့နေတာ…

ဇေယျက ပန်းအိကို တကယ်ချစ်သည် ဆိုတာတော့ ကျွန်မသိသည်။ ဇေယျက မာနအရမ်းကြီးသည်၊ တော်ရုံမည်သူ့ကိုမှ တောင်းပန်လေ့မရှိပေ။ ပန်းအိအပေါ် အမြဲ ဒုက္ခပေးတတ်သလို၊ အောက်ကျလည်း ခံသည်။ ဇေယျအပေါင်းအသင်း မမှားပဲ လူကောင်းသာဆိုလျှင် သူလိုလူမျိုးက ပန်းအိနဲ့ သဘောတူမိမှာ အမှန်ပင်။ ဘာပဲဖြစ်ဖြစ် ဇေယျနဲ့ ကျေအေးလိုက်ပြီမို့ စိတ်နည်းနည်း အေးသွားမိသည်။ ထို့ကြောင့် ဇေယျ မကျေနပ်၍ ကျွန်မတို့ကို တစ်ခုခုလုပ်မှာကို မစိုးရိမ်ရတော့ပေ။

ကျွန်မတို့ အိမ်သို့ ကားဖြင့် ပြန်လာခဲ့ကြသည်။ အိမ်လည်း ရောက်ရော စိတ်ဆိုးပြီ ရပ်စောင့်နေသော ကျွန်မတို့ အဖေကို တွေ့သည်။

ဖေဖေ ။ ။ နင်တို့ နှစ်ယောက်လုံး အိမ်ထဲ မြန်မြန် ၀င်ခဲ့စမ်း…
ပန်းအိ ။ ။ ဘာဖြစ်လို့လဲ ဖေဖေ…
ဖေဖေ ။ ။ မေးခွန်းထုတ်မနေနဲ့ ၀င်ခဲ့စရာရှိ မြန်မြန်ဝင်ခဲ့…

ပန်းအိ နဲ့ ကျွန်မ ကုတ်ကုတ်လေး အဖေ့နောက်မှ အိမ်တွင်းသို့ ၀င်သွားကြသည်။

ဖေဖေ ။ ။ ဇေယျကို ဘယ်သူ ပါးရိုက်လိုက်တာလည်း ပြောစမ်း…
ကျွန်မ ။ ။ သမီးရှင်းပြ ပါရစေ…
ဖေဖေ ။ ။ ငါမေးနေတာကိုပဲ အရင်ဖြေစမ်းပါ…
ပန်းအိ ။ ။ သမီးရိုက်လိုက်တာ။ သမီး ဂုဏ်သိက္ခာကို စော်ကားလို့…
ဖေဖေ ။ ။ ဘယ်လောက်ပဲ ဖြစ်ဖြစ် အဲဒီလောက်ထိ လုပ်စရာ အကြောင်းကို မရှိဘူး။ ဇေယျအမေ ဒေါ်သိ ๎ဂီက သူ့သားကျောင်းကတောင် ပြန်မရောက်သေးဘူး ဆရာမဖုန်းဆက် ပြောလို့ အကုန်သိပြီးနေပြီ။ နင်တို့တွေ ငါ့ကို အလုပ်ပြုတ်အောင် လုပ်နေကြတာလား။ နင်တို့ နှစ်ယောက်ကို လိုလေသေးမရှိအောင် မိဘတွေ ဘယ်လိုထားခဲ့တာတွေ မေ့သွားကြပြီလား။ ခုချက်ချင်း ဒေါ်သိ ๎ဂီကို ဖုန်းဆက်ပြီး တောင်းပန်လိုက်ကြ…

ဇေယျ အမေဒေါ်သီဂီင်္က သူ့သားကို ပါးရိုက်လို့ ခုလောက်ဆို ဆွေ့ဆွေ့ခုန်နေမှာ သေချာသည်။ ကျွန်မတို့ အနေနဲ့လည်း ကိုယ်မမှားတဲ့ ကိစ္စကို တောင်းပန်နေစရာ မလိုပေ။

ပန်းအိ ။ ။ ဟုတ်ကဲ့ တောင်းပန်လိုက်ပါ့မယ်…
ကျွန်မ ။ ။ ပန်းအိ ဘာမှ တောင်းပန်စရာ မလိုဘူး။ ဒီလောက် လုပ်လိုက်တာတောင် နည်းသေးတယ်…
ဖေဖေ ။ ။ နှင်းအိ ပါးစပ်ပိတ်ထားစမ်း။ နင်လည်း ပန်းအိကို လိုက်မြှောက်ပေးမနေနဲ့။ ပန်းအိ ဖုန်းဆက် တောင်းပန်လိုက်၊ ငါ ဒါပဲ ပြောချင်တယ်…

ပြောကာ ဖေဖေ စိတ်တိုတိုဖြင့် ကားဖြင့် ရုံးသို့ ပြန်ထွက်သွားသည်။ မေမေ စိပ်ပုတီးကိုင်လျှက် အိပ်ခန်းထဲမှ ထွက်လာသည်။

မေမေ ။ ။ သမီး၊ ပန်းအိ ပြန်တောင်းပန်လိုက်ပါ။ ရန်စကို တိုစေတာ ကောင်းပါတယ်ကွယ်…
ပန်းအိ ။ ။ ဟုတ်ကဲ့ မေမေ….

မေမေက တရားသမား ဆိုတော့ စကားနည်းနည်းပဲ ပြောသည်။ ပန်းအိက တောင်းပန်ရန် ဖုန်းဆက်နေသည်။ ကျွန်မလည်း ဖေဖေစကားကို မလွန်ဆန်နိုင်တာမို့ မတားလိုက်ပေ။

ပန်းအိ ။ ။ ပန်းအိပါ အန်တီ။ ဟုတ်ကဲ့။ ဟုတ်ကဲ့ တောင်းပန်ပါတယ်။ နောက်ဒါမျိုး မဖြစ်စေရပါဘူး။ ဟုတ်ကဲ့…

ကျွန်မ ဘေးက ဖုန်းကို ပြေးဆွဲပြီး ၀င်အော်လိုက်ချင်သည့် စိတ်ကို မနည်းချုပ်တည်းထားရသည်။ ပန်းအိ ဖုန်းလည်းချပြီးရော၊

ကျွန်မ ။ ။ ဒေါ်သီဂီင်္ဘာပြောလဲ…
ပန်းအိ ။ ။ ဒီလိုပါပဲ။ သူ့သားကို သူတောင် မရိုက်ရက်လို့ တခါမှ မရိုက်ဖူးဘူး၊ ဘာညာပေါ့။ ထားလိုက်ပါ ခေါင်းထဲ ထည့်မနေနဲ့…

ဒီနေ့အတွက်တော့ ကိစ္စကပြီးသွားပေမယ့် ပန်းအိ နောင်ရေးအတွက် ကျွန်မ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဆယ်တန်းဆိုတော့ အိမ်မှာ ထမင်းစားပြီးတာနဲ့ ကျူရှင်တက်ရ၊ စာကျက်ရနဲ့ ကျွန်မတို့မှာ အားတဲ့ အချိန်ကို မရှိပေ။ နောက်နေ့ ကျောင်းသွားတက်တော့လည်း ပြသာနာက မပြီသေးပေ။ ပန်းအိနဲ့ ကျွန်မ မုန့်စားဆင်းချိန်တွင် တူတူ ဆင်းလာကြသည်။ ဇေယျကို သဘောကျသော မိန်းခလေးများက ပန်းအိကို မကျေနပ်ပဲ ၀ိုင်းစုပြီး စောင့်နေကြသည်။ ထိုမိန်းခလေးတွေထဲမှ နိုင်နိုင်ဆိုတဲ့ ၀တုတ်မက ပန်းအိကို အရင်ဆုံး ရန်လာလုပ်သည်။

နိုင်နိုင် ။ ။ နင်က ဘာကောင်မ ဟုတ်လို့၊ ဇေယျကို ပါးရိုက်ရတာလဲ ပြောစမ်း…
ပန်းအိက တစ်ခြား အချိန်တွေဆို အနေထိုင် အရမ်းအေးသော်လည်း ရန်ဖြစ်ရင်တော့ သူကို ဘယ်သူမှ မမှီနိုင်ပေ။

ပန်းအိ ။ ။ နင်က သူ့မိန်းမဟုတ်လို့၊ သူဘက်ကနာနေတာလား…
ကျွန်မ ။ ။ ပန်းအိ သူက ဇေယျမိန်းမ ဖြစ်ချင်နေတာ၊ သွားမပြောနဲ့ ကြိတ်ဝမ်းသာနေလိမ့်မယ်…
နိုင်နိုင် ။ ။ အမွှာနှစ်ကောင်ပေါင်းပြီ ငါ့ကို လာဗိုလ်ကျမနေနဲ့။ နင်တို့ နှစ်ကောင်ကို တစ်ယောက်ထဲ ဖြစ်အောင် ပေါင်းပစ်လိုက်လို့ရတယ်…
ပန်းအိ ။ ။ ကိုယ့်အလေးချိန်မှ ကိုယ်အားမနာပဲ ဒီစကားမျိုး ပြောရက်လိုက်တာနော်။ ငါတို့က ဗိုလ်ကျတာလား၊ နင်က လာစော်ကားတာလား ပြောလေ…
ကျွန်မ ။ ။ ပန်းအိ လင်မရနိုင်လို့ လင်ငတ်နေတဲ့ မိန်းမနဲ့ ရန်ဖြစ်ဖို့ မတန်ပါဘူး၊ လာသွားမယ်…

ဝတုတ်မက ကျွန်မတို့ လှည့်အထွက်တွင် ပန်းအိဆံပင်ကို အနောက်က စောင့်ဆွဲပြီး သူအားနဲ့ စောင့်တွန်းချလိုက်သည်။ ပန်းအိ ပြုတ်ကျသွားပြီ သံပန်းတလင်းနဲ့ စောင့်မိတာမို့ လက်မှာလဲ သွေးတွေ ထွက်လာသည်။ ကျွန်မလည်း ဒေါသထွက်ပြီ ၀တုတ်မနှင့် သတ်ပုတ်မည် အလုပ်တွင် ဇေယျတို့ သူငယ်ချင်းတစ်စု ရောက်လာသည်။

ဇေယျ ။ ။ ပန်းအိ ဘာဖြစ်တာလဲ…

ဇေယျ ပန်းအိကို သွားထူသည်။ ပန်းအိ စိတ်ဆိုးပြီ ဇေယျကို ပြန်ပိတ်တွန်းလိုက်သည်။ ဇေယျလည်း စိတ်ဆိုးတဲ့ အသံဖြင့် ကျယ်လောင်စွာ၊

ဇေယျ ။ ။ ဘယ်သူလုပ်လိုက်တာလဲကွ…
နိုင်နိုင် ။ ။ ဇေယျကို ပါးရိုက်လို့၊ တို့က ကလဲ့စားချေ ပေးတာပါ…
ဇေယျ ။ ။ ဘာပြောတယ်၊ ခင်များက ဘာကောင်မ ဟုတ်လို့ ပန်းအိကို ထိရဲတာလဲ…

ဇေယျက ၀တုတ်မ မျက်နှာ တည့်တည့်ကို လက်သီးနှင့် ပိတ်ထိုးလိုက်သဖြင့် ကျွန်မတို့ အားလုံး အရမ်းကို ထိတ်လန့်သွားပြီး အသက်ရှုတောင် ရပ်သွားသည်။ ၀တုတ်မကလည်း ငိုပြီး ထွက်ပြေးသွားတော့သည်။ ပန်းအိကို ရန်လုပ်ဖို့ စောင့်နေတဲ့ တခြားမိန်းခလေးတွေ အားလုံးလည်း လစ်ထွက်သွားကြသည်။ ကျွန်မလည်း ပန်းအိကို ခေါ်ပြီ ကျောင်းခန်းထဲသို့ ပြန်လာခဲ့သည်။ ဇေယျလည်း နောက်က ပတ်တီး၊ ဆေးတွေ ယူလာပြီး လိုက်လာသည်။ သူကိုယ်တိုင် ပန်းအိရဲ့ ဒဏ်ရာရသွားတဲ့ လက်ကို ဆေးထည့် ပတ်တီးစီးပေးသည်။ ၀တုတ်မကို လက်သီးဖြင့် ထိုးလိုက်သဖြင့် ဇေယျလည်း ကျောင်းအုပ် ရုံးခန်းရောက်ပြီး တော်တော် ပြသာနာ တက်သွားသေးသည်။ ဒေါ်သိ ๎ဂီလည်း ပျာပျာသလဲလဲ ကျောင်းသို့ရောက်လာသည်။ နောက်ဆုံးတော့ ဒေါ်သိ ๎ဂီဒေါသက ပန်းအိကိုပဲ အပြစ်ပုံချပြန်တာပေါ့လေ။

ညနေအိမ်ပြန်ရောက်တော့ အဖေက ထိုကိစ္စကို သိပုံမရ၍ ကျွန်မတို့ကို ဘာမှ မပြောပေ။ ကျောင်းပြောင်းပြေးရင်တောင် ကောင်းမည်ဟု ကျွန်မတွေးမိသေးသည်။ ဇေယျကြောင့် ပြသာနာ တက်သည်မှာ ဒါပထမဆုံး အကြိမ်မဟုတ်ပေ။ ဒီလို ပြသာနာမျိုး မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ရဖူးသည်။ ညမိုးချုပ် ၁၀နာရီလောက် ကျွန်မ စာကျက်နေချိန်တွင် ဖုန်းသံကြား၍ ကျွန်မ ဖုန်းကောက်ကိုင် လိုက်သည်။

ကျွန်မ ။ ။ ဟယ်လို…
ဇေယျ ။ ။ ပန်းအိလား ကိုယ်ပါ…
ကျွန်မ ။ ။ ဇေယျ ငါနှင်းအိ၊ ဘာကိစ္စလဲ…
ဇေယျ ။ ။ ပန်းအိကို ခေါ်ပေးစမ်းပါ…
ကျွန်မ ။ ။ ပန်းအိ စာကျက်နေတယ် မအားဘူး…
ဇေယျ ။ ။ ဘာလို့ မအားရမှာလဲ၊ နင်ခေါ်ပေးရင် ခေါ်ပေး။ မခေါ်ပေးရင် အန်ကယ် ဟမ်းဖုန်းကို ဆက်ပြီး ငါခေါ်ခိုင်းမှာနော်…
ကျွန်မ ။ ။ နင်ကလေ တကယ့်ကိုဂြိုလ်ကောင်ပဲ၊ ခဏကိုင်ထားအုန်း…

အဖေနဲ့ အမေ အိပ်နေ၍ နှိုးသွားမှာ စိုးသည်နှင့် ပန်းအိကိုခေါ်ပေးလိုက်ရသည်။ ပန်းအိနဲ့ ဇေယျဖုန်းပြောနေသည်ကို ကျွန်မ စာကျက်ချင် ယောင်ဆောင်၍ ခိုးနားထောင်နေသည်။

ပန်းအိ ။ ။ အေးဇေယျ ဘာလဲပြော။ ငါ စာကျက်နေတာ၊ မနက်ဖြန် အစမ်းစာမေးပွဲ ရှိတယ်။ နင်လည်း စာမကျက်ပဲ ဘာလုပ်နေတာလဲ။ စာမေးပွဲ မအောင်ရင် ငါဆီက ဘာမှမျှော်လင့် မနေနဲ့။ အောင်ရင် နင့်ကို ပြန်ကြိုက်မယ်လို့ တခါမှ ငါမပြောဘူးနော်။ ဒါပဲ နောက်မှ ဆက်တော့…

ပန်းအိ ဖုန်းချလိုက်သည်နှင့် ကျွန်မ ပန်းအိနားသို့ သွားပြီ၊

ကျွန်မ ။ ။ ပန်းအိ၊ သူ စာမေးပွဲအောင်ရင် ပြန်ကြိုက်မယ် သွားပြောနေတာလား…
ပန်းအိ ။ ။ မပြောပါဘူး၊ သူဘာသာသူ ပြောနေတာ…

ကျွန်မ စိုးရိမ်သည်မှာ ဇေယျက ရုပ်ချောတော့ ပန်းအိပြန်ကြိုက် လိုက်မည်ကိုပင်၊
ကျွန်မ ။ ။ ဇေယျနဲ့ ငါလုံးဝ သဘောမတူဘူးနော်…
ပန်းအိ ။ ။ သိပါတယ် နှင်းအိရဲ့။ ဇေယျကို ပြန်ကြိုက်ရလောက်အောင် ငါမမိုက်ပါဘူး။ စိတ်ချပါ…

ကျွန်မလည်း စာဆက်ကျက် နေလိုက်သည်။ နောက်ရက်တွေ ကျောင်းတက်တဲ့အခါ ဇေယျကို ကြောက်၍ ကျွန်မတို့နှင့် ဘယ်သူမှ ရန်မဖြစ်ရဲကြတော့ပေ။ ကျွန်မတို့ နှစ်ယောက်လည်း စာကိုပဲ ကြိုးစားသင်ယူသည်။ ဇေယျကတော့ ဒုက္ခအကြီးအကျယ် မပေးတော့ပေမယ့် သေးသေးမွှားမွှားတော့ ပေးနေကျပင်။ ၁၀တန်း စာမေးပွဲ ဖြေဖို့ကလည်း တဖြည်းဖြည်း နီးကပ်လာသည်။ စာမေးပွဲ ဖြေခါနီး တစ်လလောက် အလိုတွင် ဇေယျ ကျွန်မတို့ ကျူရှင်တို့ ရောက်လာပြီ ပန်းအိကို ကျွန်မမရှိတုန်း အပြင်ကို ခေါ်ထုတ်သွားသည်။ ကျွန်မလည်း စာမေးပွဲကလည်း နီးနေပြီမို့ ပန်းအိအတွက် အရမ်းစိတ်ပူနေမိသည်။ တော်တော်ကြာမှ ပန်းအိကို ဇေယျကားဖြင့် ပြန်လာပို့သွားသည်။

ကျွန်မ ။ ။ ပန်းအိ၊ ငါ့မှာ စိတ်ပူလိုက်တာဟယ်။ ဘာလို့ ဇေယျနဲ့ လိုက်သွားတာလဲ…
ပန်းအိ ။ ။ မလိုက်ရင်၊ စာမေးပွဲ မဖြေတော့ဘူး ဇွတ်လုပ်နေတာနဲ့ လိုက်သွားလိုက်ရတာ…
ကျွန်မ ။ ။ ဘယ်သွားကြတာလဲ…
ပန်းအိ ။ ။ တခြား မဟုတ်ပါဘူး။ သူ့သူငယ်ချင်း ကောင်လေး တစ်ယောက် သြစတေးလျက ပြန်လာလို့ သွားတွေ့တာ။ ငါ့ကိုပါ မိတ်ဆက်ပေးချင်လို့ ခေါ်သွားတာပါ…
ကျွန်မ ။ ။ စာမေးပွဲက နီးနေပြီ။ သူရဲ့ အကျိုးမရှိတာတွေ လိုက်လုပ်ပေး မနေနဲ့။ စာမေးပွဲ မဖြေရင် သူပဲ ကျမှာ၊ ကိုယ်နဲ့ ဘာမှမဆိုင်ဘူး အနေသာကြီး…
ပန်းအိ ။ ။ ဟုတ်ပါတယ်။ ဒီတစ်ခါထဲပါ နောက်ခါတွေဆို လုံးဝပဲ…

ကျွန်မက စာမေးပွဲ ဖြေခါနီးလေ ပန်းအိ အပေါ် ပိုဂရုစိုက်ရလေ။ တော်ကြာ ဇေယျကြောင့် ပန်းအိ စာမေးပွဲ မဖြေနိုင်မှာစိုးလို့ပင်။ ကျွန်မက စာမှာ ပန်းအိထက် နည်းနည်းပိုတော်သော်လည်း ၀ီရိယ အရာမှာတော့ ပန်းအိကို မမှီပေ။ အတန်းတင် ဆယ်တန်း စာမေးပွဲ ဖြေသည့်ရက်သို့ တဖြည်းဖြည်း ရောက်လာသည်။ စာမေးပွဲ ဖြေသည့် ပထမဆုံးနေ့တွင် မြန်မာစာဘာသာရပ် ဆိုတော့ ကျွန်မတို့ နှစ်ယောက်စလုံးက ပိုင်သည်။ ဒါကြောင့် စာမေးပွဲ ဖြေရန် ပြည်လမ်း တီတီစီသို့ ပျော်ရွှင်စွာ ထွက်လာကြသည်။ စာမေးပွဲ ခန်းရှေ့တွင် ကျွန်မတို့ သူငယ်ချင်းတွေနဲ့ စကားတွေပြောနေတုန်း ဇေယျတို့ အဖွဲ့ ရောက်လာသည်။

ကျွန်မ ။ ။ ဇေယျ နင်စာမေးပွဲခန်း ၀င်ခါနီး ဘာလာရှုပ်ပြန်ပြီလဲ…
ဇေယျ ။ ။ စာမေးပွဲ မဖြေခင်လေး ပန်းအိ မျက်နှာလေးကို မြင်ချင်လို့ပါ။ ပန်းအိ စာမေးပွဲ ပြီသွားရင် ကတိအတိုင်းပဲနော်…
ပန်းအိ ။ ။ ဘာကတိလဲ…
ဇေယျ ။ ။ ကိုယ်ကို အဖြေပေးမယ် ဆိုတာလေ…
ပန်းအိ ။ ။ ဇေယျ ငါစာမေးပွဲ အေးအေးဆေးဆေး ဖြေချင်တယ်ဟာ။ ငါကို စိတ်ရှုပ်အောင် မလုပ်ပါနဲ့နော်။ ငါတောင်းပန်ပါတယ်…
ဇေယျ ။ ။ ဒါဆို ငါမနှောင့်ယှက်တော့ဘူး။ စာမေးပွဲ ဖြေတဲ့ နောက်ဆုံးနေ့ကျမှ ပြန်တွေ့တာပေါ့။ အဲဒီနေ့ ရောက်ရင် နင်ဟာငါအတွက်ပဲ ဖြစ်စေရမယ်…

ဇေယျတို့ အဖွဲ့ ပြန်လှည့်ထွက်သွားသည်။ ကျွန်မလေ စာမေးပွဲ ဖြေရမှာမို့ သည်းခံလိုက်တာ မဟုတ်လို့ကတော့ ဒင်းကို နှုတ်နှုတ်စဉ်းလိုက်ချင်တယ်။ ပန်းအိ စိတ်တွေ ရှုပ်ကုန်မှာ စိုးလို့ မနည်းပြန်ပြောရသည်။

ကျွန်မ ။ ။ ပန်းအိ ဇေယျပြောတာတွေကို ခေါင်းထဲ ထည့်မနေနဲ့ စာကိုပဲ ကြိုးစားဖြေနော်…
ပန်းအိ ။ ။ အေးပါ၊ ငါ အကောင်းဆုံး ဖြေမှာပါ…

ပြောပြီ ပန်းအိက သူစာမေးပွဲ ဖြေတဲ့ အခန်းထဲသို့ ၀င်သွားသည်။ ကျွန်မက ပန်းအိ စာမေးပွဲ ဖြေခန်း ဘေးခန်းမှာ ဆိုတော့ ကျွန်မလည်း ခေါင်းလောင်းထိုးသည်နှင့် ၀င်သွားသည်။ မြန်မာစာဖြေသည့်နေ့က ပန်းအိရော၊ ကျွန်မရော ကောင်းမွန်စွာ ဖြေဆိုနိုင်သည်။ ထို့နောက် တရက်ပြီးတရက် အတန်းတင်စာမေးပွဲကို ကျွန်မရော၊ ပန်းအိပါ ကောင်းမွန်စွာ ဖြေလာခဲ့သည်။ နောက်ဆုံး စာမေးပွဲ ဖြေတဲ့နေ့ထိ ဇေယျ ကိုလဲမတွေ့ရတော့ပေ။ စာမေးပွဲ ဖြေဖို့ နောက်ဆုံးနေ့ရောက်တော့ ကျွန်မစိတ်အရမ်းလှုပ်ရှား နေမိသည်။ စာမေးပွဲဖြေရန် အခန်းရှေ့တွင် စောင့်နေစဉ် ကျွန်မ သူငယ်ချင်း သီရိ ရောက်လာပြီး၊

သီရိ ။ ။ နှင်းအိနဲ့ ပန်းအိ ငါတို့ စာမေးပွဲ ပြီးရင် ချောင်းသာ သွားမလို့ လိုက်မလား…
နှင်းအိ ။ ။ စာမေးပွဲ ဖြေပြီးမှ ဒီအကြောင်းတွေ ပြောပါဟယ်။ ခုတော့ ရင်တွေပူနေတာမို့ အဲဒီအကြောင်းတွေ မစဉ်းစားနိုင်သေးပါဘူး…
ပန်းအိ ။ ။ ငါလည်း လိုက်တော့ လိုက်ချင်တယ်။ နောက်မှ ဆက်ဆွေးနွေးတာပေါ့…

နောက်ဆုံးနေ့ စာမေးပွဲ ဖြေဖို့ ခေါင်းလောင်းထိုးသံကြားသည်နှင့် ပန်းအိက ကျွန်မလက်ကို လှမ်းကိုင်လိုက်ပြီ၊

ပန်းအိ ။ ။ နှင်းအိ ငါလက်တွေ အရမ်းအေးနေတယ်နော်…
ကျွန်မ ။ ။ အေးဟုတ်တယ်၊ ဘာမှ စိတ်ပူမနေနဲ့ နင်ဖြေနိုင်မှာပါ…
ပန်းအိ ။ ။ အေးပါ…

စာမေးပွဲ မေးခွန်းလာချပေးသည်နှင့် ကျွန်မလည်း မေးခွန်းကို သေသေချာချာ ဖတ်ပြီ အကောင်းဆုံး ကြိုးစားဖြေဆိုသည်။ ကျွန်မလည်း ဖြေဆိုနိုင်လျှင် ပန်းအိလည်း ဖြေဆိုနိုင်မှာ သေချာတာမို့ စိတ်ထဲ ၀မ်းသာနေမိသည်။ စာမေးပွဲပြီလို့ ခေါင်းလောင်းထိုးသည်နှင့် ဆရာမက အဖြေစာရွက်တွေ အားလုံးကို လိုက်သိမ်းသည်။ ကျွန်မလေ စာမေးပွဲ ကောင်းမွန်စွာ ဖြေနိုင်သည်မို့ စိတ်ထဲ ဘယ်လို ပျော်မှန်းကို မသိပေ။ စာမေးပွဲခန်း ထဲမှထွက်မည် အလုပ်တွင် သီရိ ကျွန်မ စာမေးပွဲ ဖြေခန်းသို့ ပြေးဝင်လာသည်။

သီရိ ။ ။ နှင်းအိ ဒုက္ခပါပဲ၊ နင်အဖေ ကားအက်စီးဒင့် ဖြစ်လို့ ဆေးရုံမှာ ရောက်နေတယ်…
ကျွန်မ အရမ်းကို ထိတ်လန့်သွားသည်။
ကျွန်မ ။ ။ ဘာပြောတယ်။ ဒါဆို ခုဆေးရုံကို လိုက်သွားရမှာပေါ့။ ဒါနဲ့ ပန်းအိရော…
သီရိ ။ ။ ပန်းအိက စာမေးပွဲ ဖြေတာ တစ်ဝက်တစ်ပျက်ကြီး ထထွက်သွားတယ်။ ငါလည်း စာမေးပွဲဖြေနေတော့ သူကို မတားလိုက်နိုင်ဘူး…
ကျွန်မ ။ ။ ဘယ်သူလာပြောသွားတာလဲ…
သီရိ ။ ။ ငါလည်း သေချာတော့ မသိဘူး၊ နင်အဖေရုံးက လူတစ်ယောက်ထင်တယ်…

ကျွန်မစိတ်ထဲ အဖေများ အခြေအနေ တော်တော်ဆိုးနေပြီလား စိုးရိမ်နေသည့်အပြင်၊ ပန်းအိ စာမေးပွဲ ဖြေတာ မပြီးပဲ ထွက်သွားသည်မို့ စာမေးပွဲ ကျနေမှဖြင့် ဒုက္ခ ဆိုတဲ့ ပူပန်မှုတွေနဲ့ ပြည့်နှက်သွားသည်။ ကျွန်မလည်း သီရိနဲ့ တူတူ အဖေဆေးရုံသို့ လိုက်ရန် ကျောင်းဝင်းထဲမှ ဒုံးဆိုင်းထွက်လာခဲ့သည်။ ကျောင်းပြင်သို့ ရောက်တော့ ဘုရားစာအုပ်ကိုင်လျှက် ရပ်စောင့်နေသော အမေ့ကို တွေ့တော့၊

ကျွန်မ ။ ။ မေမေ၊ ဖေဖေဆေးရုံမှာဆို…
မေမေက ကျွန်မကို ကြောင်ကြည့်နေပြီး၊

မေမေ ။ ။ သမီးကို ဘယ်သူပြောလဲ၊ မဟုတ်ပါဘူး…
ကျွန်မ ။ ။ ရှင်…
သီရိ ။ ။ ဒါဆို ပန်းအိက ဘယ်ကိုလိုက်သွားတာလဲ…

ဒါဇေယျလက်ချက်ပဲ ဖြစ်ရမည်ကို ကျွန်မ ချက်ချင်းသိလိုက်သည်။ ဇေယျဆိုတဲ့ လူက လူမဆန်ရုံမက၊ အခု ပန်းအိ ပညာရေးလည်း သူ့ကြောင့် ထိခိုက်သွားပြီ ဖြစ်သည်။ ဒီတစ်ခါတော့ သူ့ကို ဘယ်လိုမှ ခွင့်မလွှတ်နိုင်ပေ။

ကျွန်မ ။ ။ မေမေ ပန်းအိကို ဇေယျ လိမ်ခေါ်သွားပြီ။ ပန်းအိ စာမေးပွဲ တစ်ဝက်တစ်ပျက်ကြီးနဲ့ ထွက်သွားတာ။ ခုရဲသွားတိုင်မှ ဖြစ်မယ်…
မေမေ ။ ။ ဒါဆို ဒုက္ခပါပဲ သမီးရယ်။ အရင်ရှာကြည့်ပြီးမှ ရဲတိုင်ပေါ့။ အဖေဆီ ဖုန်းအရင် ဆက်လိုက်အုန်းမယ်…

မေမေလည်း ဖေဖေ့ဆီကို ဖုန်းဆက်လိုက်သည်။ အဖေလည်း ဟိုဘက်ကနေ ပျာပျာသလဲလဲ ဖြစ်သွားသည်။ ကျွန်မမှာ ဆယ်တန်းစာမေးပွဲပြီးလို့ ပန်းအိနဲ့ အတူတူပျော်မယ့် အိမ်မက်တွေ အားလုံး ပျက်စီးသွားသည်။ ဇေယျအမေ ဒေါ်သီဂီင်္ဆီ ဖုန်းဆက်မေးတော့လည်း သူ့သား အိမ်မှာ မရှိဖူးသာ ပြောသည်။ ကျွန်မမှာဖြင့် ပန်းအိအတွက် အရမ်းကို စိတ်ပူလွန်းလို့ အသက်ရှုလို့တောင် မ၀တော့ပေ။ နောက် ၁နာရီလောက်နေတော့ ပန်းအိ အိမ်ပြန်ရောက်နေသည်ဟု ဖုန်းဆက်ပြောသဖြင့် ကျွန်မနှင့် အမေ အိမ်သို့ အမြန်လိုက်သွားကြသည်။ အိမ်ရောက်တော့ ဆိုဖာပေါ်မှာ ထိုင်လျှက် ငိုနေသော ပန်းအိကို တွေ့သည်နှင့်၊

မေမေ ။ ။ သမီးပန်းအိ စိတ်ပူလိုက်တာကွယ်။ ဘယ်လိုဖြစ်တာလဲ…
ပန်းအိ ။ ။ မေမေ သမီးတော့ ရေတိမ်နစ်ပါပြီ…
ပန်းအိ စကားကြောင့် ကမ္ဘာကြီး တစ်ခုလုံး ပျက်စီးသွားသည့်အလား ကျွန်မခံစားလိုက်ရသည်။ ဇေယျများ ပန်းအိကို စော်ကားလိုက်သလား ဆိုတဲ့ မေးခွန်းကို ကိုယ်ဘာသာကိုတောင် မမေးရက်ပေ။

ကျွန်မ ။ ။ ပန်းအိ နင့်ကို ဇေယျဘာလုပ်လိုက်လဲ။ ငါခုချက်ချင်း ဇေယျကို သွားသတ်မယ်…
ပန်းအိ ။ ။ သူ ငါ့ကို ဘာမှ မလုပ်ပါဘူး။ ဒါပေမယ့် သူလိမ်ခေါ်လို့ ငါစာမေးပွဲ ဖြေတာ တစ်ဝက်တစ်ပျက်ကြီးနဲ့ ထွက်လာခဲ့တာ။ စာမေးပွဲ ကျပြီ ထင်ပါတယ် နှင်းအိရယ်…

ပန်းအိ ၀မ်းနည်းပက်လက် ငိုကြွေးတော့သည်။ ကျွန်မလည်း ပန်းအိကို သနားလွန်းလို့ ပန်းအိနဲ့ အတူတူဖက်ငိုကြသည်။

ကျွန်မ ။ ။ ပန်းအိရယ် နင်ကိုက ဇေယျရဲ့ ၀ဋ်ကြွေးပါလာတယ် ထင်ပါတယ်ဟာ...
မေမေ ။ ။ ဒီကိစ္စမှာ ဇေယျ အရမ်းကို လွန်လာပြီ။ မေမေကိုယ်တိုင် ဒီကိစ္စကို ဒေါ်သိ ๎ဂီနဲ့ သွားရှင်းမှ ဖြစ်တော့မယ်…

မေမေလည်း တခြားကိစ္စတွေ ၀င်စွက်ဖက်လေ့ မရှိသော်လည်း ဒီကိစ္စမှာ မေမေကိုယ်တိုင် ဒေါ်သိ ๎ဂီဆီ လိုက်သွားပြီ ဇေယျလုပ်ရပ်တွေ အရမ်းလွန်တဲ့ အကြောင်း သွားပြောသည်။ အဖေကတော့ ထုံးစံအတိုင်း သူ့အလုပ်ရှင် ဖြစ်နေတာမို့ သွားမပြောဖို့ တားသည်။ အမေ ဒေါ်သိ ๎ဂီဆီက ပြန်လာတော့ မျက်နှာညှိုးလျှက် ပြန်လာခဲ့သည်။

ကျွန်မ ။ ။ မေမေ ဘာပြောခဲ့လဲ…
မေမေ ။ ။ ဒီလို လူလောက်တောင် အသိဥာဏ်မရှိတဲ့ လူမျိုးတွေ အမေတစ်ခါမှ မတွေ့ဖူးဘူး သမီး…
ပန်းအိ ။ ။ ဒေါ်သီဂီင်္က မေမေကို ဘာပြောလိုက်လို့လဲ…
မေမေ ။ ။ သမီးပန်းအိက သူ့သားကို မြူစွယ်ပြီး ခေါ်ထုတ်သွားတာ ပါတဲ့လေ။ ဒါကြောင့် တောင်းပန်မယ် ဆိုရင် သူတို့ကို တောင်းပန်ရမယ်တဲ့လေ…
ကျွန်မ ။ ။ တော်တော်ငွေဂုဏ်မောက်တဲ့ မိန်းမ။ ဒင်းတစ်နေ့တော့ ၀ဋ်ပြန်လည် စေရမယ်...
ပန်းအိ ။ ။ ပန်းအိကြောင့် မေမေ အပြောခံရလို့ ပန်းအိ စိတ်မကောင်းပါဘူး။ ပန်းအိ သူတို့ကို ဒီတသက် မကျေဘူး။ ပန်းအိ ဘာဆက်လုပ်ရမယ် ဆိုတာ ပြောပါအုန်း...

ကျွန်မတို့ စကားပြောနေစဉ် ဧည့်ခန်းထဲသို့ ခေါင်းဦးစိုက်လျှက် ဇေယျ ၀င်လာသည်ကို တွေ့သဖြင့် ကျွန်မ ဒေါသထောင်းခနဲ ထွက်သွားသည်။ ပန်းအိလည်း ဇေယျမျက်နှာကို မြင်လိုက်သည်နှင့် နားကြည်းမုန်းတီးတဲ့ လူတစ်ယောက်ကို မြင်လိုက်ရသလို ဒေါသထွက်လာသည်။

ကျွန်မ ။ ။ ဇေယျ ခုချက်ချင်း ငါတို့အိမ်က ထွက်သွားစမ်း။ မဟုတ်ရင် ငါလူသတ်မှု ဖြစ်လိမ့်မယ်နော်...
ပန်းအိ ။ ။ နင်ထွက်သွား၊ နင်ထွက်သွား။ နင်မျက်နှာကို ငါမမြင်ချင်ဘူး...

ဇေယျလည်း မျက်ရည်များစီးကျလာပြီ ကြမ်းပြင်ပေါ်မှာ ဒူးထောက်လျှက်၊

ဇေယျ ။ ။ ပန်းအိ နင်ငါကို လုပ်ချင်သလို လုပ်ပါတော့ဟာ။ နင်သတ်မယ် ဆိုလည်း ငါခံပါမယ်...

မေမေ ထိုင်ရာမှ ထလာပြီ ၊
မေမေ ။ ။ ဇေယျ မင်းဒီအချိန်မှာ ပြန်သွားတာ ကောင်းပါလိမ့်မယ်။ မင်းအမေက ငါတို့ကို စော်ကားရုံ မကျေနပ်လို့ မင်းက ထပ်စော်ကားချင်လို့လား။ ခုချက်ချင်း ပြန်ရင်ပြန်၊ မဟုတ်ရင် ငါလက်ပါ မိတော့မယ်...
ဇေယျ ။ ။ အန်တီ ဘာပဲလုပ်လုပ်၊ ကျွန်တော် မပြန်နိုင်ဘူးဗျာ။ ကျွန်တော် အမှားကို ကျွန်တော်လည်း မခွင့်လွှတ်နိုင်ဘူး...

ထိုစဉ် ကျွန်မတစ်သက်မှာ တစ်ခါမှ မတွေ့ဖူးသော မြင်ကွင်းကို မြင်လိုက်ရ၍ အရမ်း အံ့အားသင့်သွားသည်။ မေမေသည် သူ့ဘေးတွင် ရှိသော ထီးရှည်ဖြင့် ဇေယျကို အားနဲ့လွှဲပြီး ၅ချက်လောက် ပိတ်ရိုက်လိုက်သည်။ မေမေ ရိုက်ချက်ပြင်းသဖြင့် ဇေယျ ကြမ်းပြင်ပေါ်သို့ လှဲကျသွားပြီ ပါးစပ်မှလည်း သွေးများ စီးကျလာသည်။ ဇေယျသည် လှဲကျသွားရာမှ ပြန်ကုန်းထပြီး ဒူးထောက်နေပြန်သည်။ မေမေလည်း စိတ်လျှော့လျှက် ထီးရှည်ကို ပစ်ချပြီး ငိုလျှက် အိပ်ခန်းထဲသို့ ၀င်သွားတော့သည်။ ကျွန်မလည်း ဇေယျမျက်နှာကိုလည်း ဆက်မကြည့်ချင်တော့တာမို့ ပန်းအိကို အတင်းခေါ်ပြီ အိပ်ခန်းထဲသို့ ၀င်လာခဲ့သည်။ အိမ်ခန်းထဲရောက်တော့ ပန်းအိခမျာ ဘယ်လောက်များ စိတ်ပင်ပန်းသည် မသိ၊ အိပ်ပျော်သွားတော့သည်။ ကျွန်မလည်း အိမ်ရှေ့ခန်းသို့ ထွက်ကြည့်တော့ ဇေယျ မပြန်သေးပဲ ရှိနေသည်ကို တွေ့သည်။

ကျွန်မ ။ ။ ဇေယျ နင်ပြန်ပါတော့ဟာ၊ ပန်းအိ ဘ၀တက်လမ်းကို ဖျက်စီးပြီးတာတောင် ဘာကို နင်က မကျေနပ်နိုင်ဖြစ်နေရတာလဲ...

ဇေယျ ဘာမှ ပြန်မပြောပဲ ခေါင်းငုတ်ထားသည်။ ကျွန်မမှာ ဆက်သည်းခံနိုင်သည့် အရည်အချင်း မရှိတော့သဖြင့် အိမ်နောက်ဖေးမီးဖိုချောင် ထဲသို့ ၀င်သွားပြီ ဓားမတစ်ချောင်းကို ယူလျှက် ဧည့်ခန်းသို့ ပြန်ထွက်လာသည်။

ကျွန်မ ။ ။ နင်ပြန်မလား မပြန်ဘူးလား။ မပြန်ရင် ငါဒီဓားမနဲ့ ခုတ်သတ်မှာနော်...

ထိုအချိန်တွင် အဖေ ရုံးကပြန်လာပြီ အလန့်တကြား အိမ်ပေါ်သို့ ပြေးတက်လာ၍ ကျွန်မလက်ထဲမှာ ကိုင်ထားသော ဓားမကို ဆွဲယူလျှက် အဝေးသို့ လွှတ်ပစ်လိုက်သည်။

ဖေဖေ ။ ။ နှင်းအိ နင်လူသတ်မှု ဖြစ်ချင်လို့လား...
ကျွန်မ ။ ။ လူသတ်မှု ဖြစ်တော့လည်း ဘာဖြစ်လဲ။ ဖေဖေကသာ ဖေဖေဘ၀တက်လမ်း ပိတ်မှာစိုးလို့ ပန်းအိဘ၀ကို ခြေဆင်းခံခိုင်း နေတာမလား...
ဖေဖေ ။ ။ နင်ပြောလေ ကဲလေပါလား။ နင်ပါးစပ်ပိတ်ထားစမ်း နှင်းအိ...

ဒါပေမယ့် ကျွန်မ ဇေယျကို သတ်ချင်တဲ့ စိတ်တွေ ဒီလောက်နဲ့ မလျှော့နည်းသွားနိုင်ပေ။

ဇေယျ ။ ။ အန်ကယ် ကျွန်တော် အမှားပါဗျာ။ ကျွန်တော် တောင်းပန်ပါတယ်။ ပန်းအိကို ကျွန်တော်အပြစ်အတွက် တာဝန်ယူပါမယ်...
ကျွန်မ ။ ။ နင်က ဘာကို တာဝန်ယူမှာလဲ။ ပန်းအိ စာမေးပွဲကျတာကို နင်က အောင်အောင် လုပ်ပေးမှာမို့လို့လား။ နင်စာမေးပွဲ မအောင်နိုင်တိုင်း ပန်းအိကို စာမေးပွဲကျအောင် တမင်လုပ်တဲ့ ခွေးလောက်တောင် အဆင့်မရှိတဲ့ လုပ်ရပ်အတွက် နင်ဘာတာဝန်ယူနိုင်မှာလဲ...
ဖေဖေ ။ ။ ဇေယျ မင်းလည်း ပြန်သင့်ပြီ၊ ငါမင်းကို ဒီတစ်ခါတော့ ဘယ်လိုမှ မခွင့်လွှတ်ပေးနိုင်ဘူး။ မင်းပြန်ပါတော့ကွာ...
ဇေယျ ။ ။ တောင်းပန်ပါတယ်…

ဇေယျလည်း ထထွက်ပြီ လှည့်ပြန်သွားတော့သည်။

ဖေဖေ ။ ။ သမီးပန်းအိရော ဘယ်မှာလဲ...
ကျွန်မ ။ ။ အိမ်ခန်းထဲမှာပါ...

ဖေဖေ အိမ်ခန်းထဲဝင်သွားသဖြင့် ကျွန်မလည်း အနောက်က လိုက်ဝင်သွားသည်။ ဖေဖေ ပန်းအိကို လှုပ်နှိုးသော်လည်း ပန်းအိ မနှိုးသဖြင့် ကျွန်မ မျက်လုံးပြူးသွားသည်။ ပန်းအိ အသက်ရှုသေးလား စမ်းကြည့်တော့ အသက်ရှိသေးသည်။ ပန်းအိ စိတ်ထိခိုက်လွန်းလို့ မေ့မျှောသွားခြင်း ဖြစ်သည်။ ပန်းအိကို ကျွန်မတို့ အားလုံး ဆေးရုံကို အမြန်တင် လိုက်ကြသည်။ Emergency ခန်းရှေ့တွင် ကျွန်မခေါက်တုတ်ခေါက်ပြန် လမ်းလျှောက်ရင်း ပန်းအိ အတွက် အရမ်းကို စိတ်ပူနေမိသည်။ ခဏကြာတော့ ပန်းအိ သတိပြန်လည်လာမှ ကျွန်မ၀မ်းသာနိုင်တော့သည်။

ပန်းအိ နေပြန်ကောင်းသွားသဖြင့် အိမ်သို့ ပြန်ခေါ်လာခဲ့ကြသည်။ ပန်းအိ ဆေးရုံပြန်ဆင်းပြီ နောက်ပိုင်း ၁လလောက် အရင်ကလို သွက်သွက်လက်လက် မရှိတော့ပဲ၊ အိပ်ခန်းထဲမှာပင် ထိုင်ငေးငိုင်နေတော့သည်။ ကျွန်မနဲ့လည်း အရင်ကလို စကားမပြောတော့ပေ။ ကျွန်မလည်း ပန်းအိ စိတ်ပျေလက်ပျောက် ဖြစ်သွားအောင် ခရီးတစ်ခုသွားရင် ကောင်းမည် အကြံရသည်။

ကျွန်မ ။ ။ ပန်းအိ ငါတို့ ခရီးတစ်ခုထွက်ကြရင် မကောင်ဘူးလား။ မနေ့က သီရိဖုန်းဆက်တယ်။ သူငယ်ချင်းတွေ စုပြီး ချောင်းသာသွားဖို့ လိုက်မလား မေးနေတယ်…
ပန်းအိ ။ ။ ငါဘယ်မှ သွားချင်စိတ် မရှိပါဘူး နှင်းအိရယ်…
ကျွန်မ ။ ။ လိုက်ခဲ့ပါ ပန်းအိရယ်၊ နင်ပဲ ချောင်းသာ အရမ်းသွားချင် နေတာမလား။ နင်ကြိုက်တဲ့ ကမာတွေလည်း စားရမှာလေ…

ကျွန်မ အတင်းခေါ်သဖြင့် ပန်းအိ ချောင်းသာသွားဖို့ အတူတူလိုက်ရန် ခေါင်းညိတ်လိုက်သည်။ ကျွန်မလည်း ပန်းအိနဲ့ ကျွန်မအတွက် အထုတ်ပိုးတွေ ပြင်ဆင်ပေးသည်။ သီရိရယ်၊ တခြား ယောကျာ်းလေး၊ မိန်းခလေး သူငယ်ချင်းတွေ ၁၅ယောက်လောက် စုသွားမှာဆိုတော့ ပျော်ဖို့ကောင်းမှာ သေချာသည်။ ချောင်းသာသွားသည့် နေ့ရောက်တော့ ဖေဖေနဲ့ မေမေ မနက်အစောကြီး သီရိတို့ အိမ်ကို လိုက်ပို့ပေးသည်။ ချောင်းသာ သွားသည့် လမ်းတောက်လျှောက် သီးချင်းတွေဆို၊ ရယ်စရာတွေပြောနဲ့ ပန်းအိ နည်းနည်း ပြန်ပြုံးရွှင်လာသည်။

သီရိ အကိုဝမ်းဖြစ်သူ ကိုရဲမင်းထက်လည်း ကျွန်မတို့ ကားနဲ့ တူတူလိုက်ပါလာသည်။ ကိုရဲမင်းထက်က ဆေးကျောင်းတက်နေသည့် ဆရာဝန်လောင်း တစ်ယောက် ဖြစ်သည်။ သူက သိပ်မချောပေမယ့် ကျွန်မအတွက်တော့ ဆွဲဆောင်မှုရှိသည့် ယောကျာ်းလေးမျိုး ဖြစ်သည်။ ကိုရဲမင်းထက်နဲ့ ကျွန်မ ကားပေါ်မှာ ကတည်းက တစ်ခါတစ်လေ အကြည့်ချင်း ဆုံမိသည်။ အကြည့်ချင်းဆုံတိုင်း ရင်ထဲမှ ရင်ခုန်သံတွေကို ကျွန်မကြားနေရသည်။

ချောင်းသာသို့ ကျွန်မတို့ကားကြီး ဆိုက်ရောက်လာသည်။ မတ်(စ်) ဟိုတယ်မှာ ကျွန်မတို့ တစ်စု တည်းခိုကြသည်။ လူငယ်တွေ ပီပီ ဟိုတယ်တွင် ပစ္စည်းတွေချပြီး အကျီင်္မလှဲတော့ပဲ ရေထဲသို့ အကုန်ပြေးဆင်းကြသည်။ ပန်းအိလည်း ချောင်းသာ ရေနဲ့ ထိတွေ့လိုက်သဖြင့် စရယ်လာတော့သည်။ တစ်ယောက်နဲ့ တစ်ယောက် ရေနဲ့ပက်ရင်း ကစားကြတာ အရမ်းကို ပျော်စရာကောင်းသည်။ ရေကူးပြီးလို့ ထမင်းစားပြီး တရေးလောက် မှေးလိုက်သေးသည်။ ကျွန်မတို့ မိန်းခလေး ၈ယောက်က တစ်ဆောင်တည်းပြီး ယောကျာ်းလေး ၇ယောက်က တခြားအဆောင်တွင် တည်းသည်။ ကျွန်မလည်း နေလည်ခင်း တစ်ယောက်ထဲ လေပြင်းခံရအောင် ဟိုတယ်ရှေ့က ဒန်းလေးစီးနေသည်။ ထိုစဉ် ကိုရဲမင်းထက် ရောက်လာပြီး၊

ကိုရဲမင်းထက်။ ။ ကိုယ်ဒီမှာ ထိုင်လို့ရမလား…
ကျွန်မ ။ ။ ဟုတ်ကဲ့ ရပါတယ်…
ကိုရဲမင်းထက် ကျွန်မဘေးမှာ လာထိုင်သဖြင့် ရင်ထဲ ဘယ်လို အေးသွားမှန်းမသိပေ။

ကိုရဲမင်းထက်။ ။ ဒါနဲ့ ညီမနာမည်က နှင်းအိနော်…
ကျွန်မ ။ ။ ဟုတ်ကဲ့…
ကိုရဲမျိုး ။ ။ နှင်းအိတို့ အမွှာညီမက ရုပ်ချင်းတော်တော်ဆင်းတာပဲ။ ဒါပေမယ့် ဘယ်လိုပြောရမလဲ၊ နှင်းအိက ပိုသွက်သွက်လက်လက်နဲ့ ခေတ်ဆန်တယ်နော်…
ကျွန်မ ။ ။ ဟုတ်တယ်။ ပန်းအိက မြန်မာဆန်ပြီ အနေအေးတယ်။ နှင်းအိကတော့ ခေတ်ဆန်ပြီ အပေါင်းအသင်းလည်း များတယ်။ social ကျတယ်ပေါ့လေ…
ကိုရဲမျိုး ။ ။ ကိုယ်အတွက်တော့ ခေတ်ဆန်ပြီ အပေါင်းအသင်းများတဲ့ မိန်းခလေးက ပိုဆွဲဆောင်မှုရှိတယ်…
ကျွန်မ ။ ။ အော်ဟုတ်လား၊ တော်ပါသေးရဲ့…

ကိုရဲမင်းထက်နဲ့ နှစ်ယောက်ထဲစကားပြောခွင့်ရတာမို့ နှင်းအိစိတ်ထဲ ကြိတ်ပျော်နေမိသည်။ ကိုရဲမင်းထက်က ပွင့်ပွင့်လင်းလင်း ရှိတဲ့ လူမျိုးမို့လား မသိပေ၊ ချက်ချင်းပင် အရမ်းကို ရင်းနှီးသွားကြသည်။ ထိုစဉ် သီရိ အနောက်က ရောက်လာပြီး၊

သီရိ ။ ။ မိပြီ၊ မိပြီကွ။ ဒီမှာ လာပြီးချိန်းတွေ့ နေကြတယ်ပေါ့လေ…
ကျွန်မ ။ ။ သီရိ၊ နင်ဘာတွေ လျှောက်ပြောနေတာလည်း ရှက်စရာကြီး…

ကိုရဲမင်းထက်ကတော့ ဘာမှ ပြန်မပြောပဲ ရယ်နေသဖြင့် ကျွန်မလည်း ရှက်ရမ်းရမ်းပြီ အဆောင်ထဲသို့ ပြန်ပြေးဝင်လာခဲ့သည်။ အဆောင် အခန်းထဲရောက်တော့ ရင်တွေ တထိတ်ထိတ်ခုန်နေသောကြောင့် ရင်ဘက်ကို လက်ဖြင့် ဖိထားရသည်။ ပန်းအိက ကျွန်မကို အနီးကပ်ကြည့်ပြီး၊

ပန်းအိ ။ ။ ရည်စားနဲ့ ချိန်းတွေ့တာကို လူမိလို့ ထွက်ပြေးလာတဲ့ ရုပ်နဲ့။ ဘယ်လိုဖြစ်လာတာလဲ နှင်းအိ…
ကျွန်မ ။ ။ အာ... ဘာတွေပြောနေတာလဲ။ သူနဲ့ ငါနဲ့က ရိုးရိုးစကားပြောကြတာပါ…
ပန်းအိ ။ ။ အော် တကယ်ဖြစ်နေတာကိုး။ ဘယ်သူလည်း ငါ့ကို ပြောစမ်း…
ကျွန်မ ။ ။ ဟီးဟီး၊ ခုမှ ဇာတ်လမ်းက စတောင် မစရသေးပါဘူး။ ပျိုးရုံပဲ ရှိသေးတာ…
ပန်းအိ ။ ။ မရဘူး။ ပြောပြပါ နှင်းအိရယ်…

ကျွန်မ ကိုရဲမင်းထက်ကို သဘောကျကြောင်း ပြောပြလိုက်သည်။ ပန်းအိကလည်း ကိုရဲမင်းထက်နဲ့ ကျွန်မ လိုက်ဖက်ကြောင်း၊ သူသဘောတူကြောင်း ပြန်ပြောသည်။ နောက်နေ့တွေလည်း ကိုရဲမင်းထက်က မနက်မိုးလင်းသည်နှင့် ကျွန်မတို့ မိန်းခလေး အဆောင်ရှေ့မှာ ဝေ့လည်လည် လုပ်နေ၍ သူငယ်ချင်းများ ကျွန်မကို ၀ိုင်းစကြသည်။ ချောင်းသာရောက်ပြီး တတိယနေ့ရောက်တော့ ညနေပိုင်း အုန်းရည်သွားသောက်ရန် ကိုရဲမင်းထက်က လာခေါ်သည်။ ပန်းအိက တခြား သူငယ်ချင်းတွေနဲ့ ဈေးထဲသွားနေတာမို့ ကျွန်မ တစ်ယောက်ထဲ လိုက်သွားလိုက်သည်။

ကိုရဲမင်းထက်။ ။ ရန်ကုန်ပြန်ရမှာတော့မှာမို့ နှင်းအိ ပျော်နေတယ် မဟုတ်လား…

နှင်းအိ ကိုရဲမင်းထက်နဲ့ နောက်မတွေ့ရမှာ စိုးလို့ စိတ်ဆင်းရဲနေတာကို မသိလို့ မေးရက်တာနော်လို့ ပြန်ရန်တွေ့လိုက်ချင်သည်။

နှင်းအိ ။ ။ မပျော်ရကြောင်းပါ၊ မတရားစွပ်စွဲခံရတာပါ..
ကိုရဲမင်းထက်။ ။ ဒါဆို တော်သေးတာပေါ့။ ကိုယ်တော့ ရန်ကုန်ကို ပြန်တောင် မပြန်ချင်ဘူးကွာ…
ကျွန်မ ။ ။ ဘာဖြစ်လို့...
ကိုရဲမင်းထက်။ ။ ရန်ကုန်မှာ နှင်းအိကို လိုက်နေတဲ့ ကောင်လေးတွေ အရမ်းများမှာပဲ တွေးပြီး အားငယ်မိလို့ပါ…
ကျွန်မ ။ ။ ဒီလောက် ရုပ်ဆိုးတဲ့ ကောင်မလေးကို ဘယ်သူက ကြိုက်မှာလဲ။ အလကား မြှောက်ပြောနေပြန်ပြီ…
ကိုရဲမင်းထက်။ ။ ကိုယ်တွေ့ဖူးတဲ့ မိန်းခလေးထဲမှာတော့ နှင်းအိက အလှဆုံးပဲ…

ကျွန်မလည်း ရှက်ပြီး ပါးနှစ်ဖက်လုံး နီရဲသွားသည်။ ကိုရဲမင်းထက်နဲ့ ကျွန်မ ချစ်သူတွေ မဖြစ်ကြသော်လည်း မျက်လုံးချင်း စကားတွေ အများကြီး ပြောခဲ့ကြသည်။ ရန်ကုန်ပြန်ရမယ့် နေ့ရောက်တော့ ကိုရဲမင်းထက် မျက်နှာ သိပ်မကောင်းပေ။ ဒါပေမယ့် ကံကြမ္မာဆိုတာ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်တာမျိုး မဟုတ်ဘူးလေ။ ရန်ကုန်ပြန်ရောက်တော့ ကိုရဲမင်းထက်နှင့် အစပိုင်း ဖုန်းအဆက်အသွယ် ရှိသေးသော်လည်း နောက်ပိုင်း တဖြည်းဖြည်းနဲ့ အဆက်သွယ် ပြတ်လာသည်။

ဒီလိုနဲ့ ဇွန်လရောက်လာတော့ ကျွန်မတို့ ဆယ်တန်းအောင်စာရင်းထွက်မည့် အချိန်လည်း တဖြည်းဖြည်း နီးကပ်လာသည်။ ဆယ်တန်းအောင် စာရင်းထွက်ဖို့ ရက်အနည်းငယ်လိုလေ ပန်းအိမျက်နှာလေး ပိုညှိုးနွမ်းလာလေ ဖြစ်သည်။ သို့နှင့် နောက်နေ့မနက်ဖြန် ဆယ်တန်း အောင်စာရင်း ထွက်တော့မည်ဖြစ်သည်။

ပန်းအိ ။ ။ နှင်းအိ နင်နဲ့ငါ တက္ကသိုလ် အတူတူ မတက်ရတော့ဘူးပေါ့နော်…
ကျွန်မ ။ ။ ပန်းအိရယ်၊ နင်တက်မှ ငါလည်း တက္ကသိုလ်တက်မယ်။ တစ်နှစ်လောက် စောင့်ရတာများ ငါပျော်ပျော်ကြီး စောင့်နိုင်ပါတယ်…
ပန်းအိ ။ ။ မစောင့်ပါနဲ့ နှင်းအိရယ်။ ငါအတွက်နဲ့ နင်ပညာရေး ထိခိုက်တာမျိုး ငါမလိုချင်ပါဘူး…

ပန်းအိပြောသော စကားကြောင့် ကျွန်မမှာ ပန်းအိကို သနားလွန်းလို့ ပန်းအိမသိအောင် အိပ်ယာထဲတွင် ကြိတ်ငိုရသေးသည်။ ထိုနေ့ညက ည၂နာရီထိုးထိ ကျွန်မရော၊ ပန်းအိရော မအိမ်ပျော်သေးပေ။ ပန်းအိကတော့ ကျွန်မကို ကျောပေးပြီ ငိုနေသည်ကို ကျွန်မသိသည်။ ထိုအချိန်ကြီးတွင် အိမ်ရှေ့မှ တံခါးမမှ ခေါက်သံကြား၍ ကျွန်မရှုတ်တရပ် ထထိုင်လိုက်သည်။

ကျွန်မ ။ ။ ပန်းအိ တံခါးခေါက်သံကြားလား…
ပန်းအိ ။ ။ အေးကြားတယ်…
ကျွန်မ ။ ။ ဒီအချိန်ကြီးကို ဘယ်သူလဲ မသိဘူး၊ လာသွားကြည့်ရအောင်…
ပန်းအိ ။ ။ လူဆိုးတွေဖြစ်နေရင် ဘယ်လိုလုပ်မလဲ…
ကျွန်မ ။ ။ လာပါ၊ ငါတစ်ယောက်လုံး ရှိတယ် မကြောက်နဲ့…

ပန်းအိလည်း သူ့မျက်ရည်တွေကို သုတ်လိုက်ပြီး ကျွန်မနောက်သို့ လိုက်လာသည်။ ဖေဖေနဲ့ မေမေလည်း တံခါးခေါက်သံကြား၍ လန့်နှိုးလာကြသည်။

မေမေ ။ ။ ဘယ်သူ အချိန်မတော် တံခါးလာခေါက်နေလဲ မသိဘူး၊ လျှောက်ဖွင့် ပေးမနေနဲ့အုန်း…
ဖေဖေ ။ ။ ဖယ်ဖယ် အဖေ ဖွင့်ကြည့်လိုက်မယ်…
တံခါးပေါက်မှ ကြည့်လိုက်တော့လည်း အပြင်မှာမှောင်မဲနေသဖြင့် ဘာမှ မမြင်ရပေ။ မီးဖွင့်ပြီး တံခါးကို ဖွင့်လိုက်မှ ဇေယျဖြစ်နေ၍ အံ့ဘြသွားသည်။

ဖေဖေ ။ ။ ဇေယျ ညအရမ်းမိုးချုပ်နေပြီ ဘာလာလုပ်တာလဲ။ နောက်နေ့မှ လာခဲ့ကွ…

ဖေဖေ တံခါးကို ပြန်ပိတ်မယ် အလုပ်တွင် ဇေယျက ပန်းအိကိုလည်း မြင်သွားရော အရမ်းဝမ်းသာသည့် အသံဖြင့်၊

ဇေယျ ။ ။ ပန်းအိ၊ ပန်းအိ နင် ဆယ်တန်းအောင်တယ်…
ကျွန်မနဲ့ ပန်းအိ ဇေယျစကားကြောင့် ရှုတ်တရပ် ယုံရအခက်၊ မယုံရအခက် ဖြစ်သွားသည်။

ပန်းအိ ။ ။ ဇေယျ နင်တကယ်ပြောတာလား…
ဇေယျ ။ ။ တကယ်ပြောတာပေါ့၊ ငါခုပဲ ကျောင်းမှာ အောင်စာရင်းသွားကြည့်ပြီး ပြန်လာခဲ့တာ။ ၀မ်းသာလွန်းလို့ နင်ဆီ အမြန်ပြေးလာတာ…
ကျွန်မ ။ ။ ပန်းအိ ၀မ်းသာလိုက်တာဟယ်။ ပျော်စရာကြီး…
ပန်းအိ ။ ။ ငါအိမ်မက်မက်နေတာ မဟုတ်ပါဘူးနော်…

ပန်းအိ ကျွန်မလက်ကို လာဆိတ်ဆွဲသွားသေးသည်။ ကျွန်မတို့ တစ်အိမ်လုံး ပွက်ပွက်ဆူညံသံတွေနဲ့ ဖုံးလွှမ်းသွားတော့သည်။ ဇေယျကားနဲ့ အောင်စာရင်း သွားကြည့်ရန် ကျွန်မနဲ့ ပန်းအိ လိုက်လာခဲ့ကြသည်။ အပျော်လွန်းပြီ မေ့၍ ဇေယျကားနဲ့ ညမျိုးချု့ပ်ကြီး လိုက်လာခဲ့ပြီးမှ လမ်းမှာ ကျွန်မတို့ကို တစ်ခုခု ကြံမှာတောင် စိုးရိမ်မိသေးသည်။

ပန်းအိ ။ ။ နှင်းအိ ဇေယျ ငါတို့ကို လိမ်ခေါ်လာတာလား မသိဘူး…
ကျွန်မ ။ ။ အေးဟုတ်တယ်၊ ငါလည်း အဲဒါကို လန့်နေတာ…

ဒါပေမယ့် ကျောင်းရှေ့ကားရပ်လိုက်မှ အောင်စာရင်းကို အပြေးအလွှား သွားကြည့်ကြသည်။ ဇေယျက ကျောင်းစောင့်ကို ပိုက်ဆံပေးပြီး ကျောင်းထဲသို့ ၀င်လာခဲ့ကြသည်။ ဇေယျမှာ ပါသော လက်နှိပ်ဓာတ်မီးနဲ့ ပန်းအိနာမည်ကို ရှာသည်။

ဇေယျ ။ ။ ပန်းအိ ဒီမှာလေ နင်နာမည်၊ ဂုဏ်ထူး၂ခု တောင်ပါသေးတယ်…
ပန်းအိ ဘေးမှာ သချာင်္ဂုဏ်ထူး၊ မြန်မာစာဂုဏ်ထူး ကွင်းလေးနဲ့ ၀ိုင်းထားသေးသည်။

ပန်းအိ ။ ။ အေးဟုတ်တယ်ဟ၊ ၀မ်းသာလိုက်တာ ဇေယျရယ်…
ပန်းအိ မေ့ပြီး ဇေယျလက်ကို သွားကိုင်မိသေးသည်။ ပြီးမှ သတိရ၍ ပြန်လွှတ်လိုက်သည်။ ကျွန်မလည်း ကျွန်မနာမည်ကို လိုက်ရှာသည်။

ကျွန်မ ။ ။ ငါ့နာမည်လည်း ရှာပေးပါအုန်း…
ပန်းအိ ။ ။ နှင်းအိ နင်က ဂုဏ်ထူး ၄ခုတောင် ပါတယ်ဟ၊ တော်လိုက်တာ…
ကျွန်မ ။ ။ ဘယ်မှာလဲ၊ အော်တွေ့ပြီ ငါကွ…

ကျွန်မတို့ အပျော်လွန်းနေတာနဲ့ ဇေယျ စာမေးပွဲ အောင်လား၊ ကျလား မေးဖို့တောင် မေ့နေကြသည်။ ခဏကြာမှ ကျွန်မ သတိရ၍ မ၀င့်မရဲ မေးလိုက်သည်။

ကျွန်မ ။ ။ ဇေယျ နင်ရော စာမေးပွဲ အောင်လား…
ဇေယျ ။ ။ ဟီးဟီး မအောင်ဘူးဟ၊ ကျတယ်…
ပန်းအိ ။ ။ ငါစိတ်မကောင်းပါဘူး ဇေယျရယ်…
ဇေယျ ။ ။ ဘာမှ စိတ်မကောင်း ဖြစ်မနေနဲ့။ ပန်းအိ အောင်ရင် ငါအောင်တာနဲ့ တူတူပဲပေါ့ဟ…

ဇေယျက တစ်ခါတစ်ခါ အရမ်းမုန်းဖို့ ကောင်းသော်လည်း၊ တစ်ခါတစ်လေ အရမ်းခင်ဖို့ ကောင်းပြန်သည်။ အောင်စာရင်းကြည့်ပြီတော့ ဇေယျ ကျွန်မတို့ကို အိမ်သို့ ပြန်ပို့ပေးပြီ စာမေးပွဲ အောင်တဲ့အတွက် နောက်နေ့သူ့ကို မုန့်ဝယ်ကျွေးဖို့ ပြောသွားသေးသည်။ ဒါပေမယ့် ဆယ်တန်း အမှတ်စာရင်းတွေ ထွက်လာတော့ ပန်းအိ ထပ်စိတ်မကောင်း ဖြစ်ရပြန်သည်။ နောက်ဆုံးနေ့က ဖြေတဲ့ ဘာသာရပ်ကို ပန်းအိ အမှတ်-၄၁မှတ်ဖြင့် ကပ်အောင်ပြီး ကျွန်မကတော့ အမှတ်-၉၃မှတ်ရ၍ တစ်ဘာသာထဲနဲ့ ပန်းအိနဲ့ ကျွန်မ အမှတ် ၅၀ကျော်လောက် ပြတ်သွားသည်။ ဒါပေမယ့် အဆိုးထဲက အကောင်းကိုတွေး၍ စာမေးပွဲအောင်တာကိုပင် ကျေးဇူးတင်ရမည်။
ပန်းအိက ငယ်ငယ်ကတည်းက စာရေးဆရာမ ဖြစ်ချင်သည်။ ထို့ကြောင့် မြန်မာစာမေဂျာဖြင့် တက္ကသိုလ်လျှောက်သည်။ ကျွန်မကတော့ ကျွန်မအစ်မ၀မ်းကွဲ နိုင်ငံခြားက အလည်ပြန်လာကတည်းက နိုင်ငံခြားသွားချင်တဲ့ ရောဂါကူးစက်ခံ လိုက်ရသည်။ ဒါကြောင့် တက္ကသိုလ် မတက်တော့ပဲ၊ နိုင်ငံခြားသွားရန် ပြင်ဆင်တော့သည်။ တက္ကသိုလ်တွေ ချက်ချင်း မဖွင့်သေး၍ သီရိ အဆွယ်ကောင်းပြီး ကျွန်မနှင့် ပန်းအိ KMD တွင် IDCS တက်ကြသေးသည်။

ဇေယျကတော့ ဆယ်တန်းပြန်ဖြေရမည် ဖြစ်၍ ကျောင်းပြန်တက်နေရရှာသည်။ ကျောင်းတက်နေသည့်ကြားမှ တခါတလေ ခိုးခိုးထွက်လာပြီး KMD လာ၍ ပန်းအိနား လိုက်တွယ်ကပ် နေသည်။ ဇေယျက စာမေးပွဲကျ၍ ကျွန်မတို့လည်း သနားပြီး သူ့ကို အရင်ကလို သူငယ်ချင်း အနေနဲ့ ပြန်ဆက်ဆံသည်။ သီရိနဲ့ KMD မှာ အတူတူပြန်တက်ရင်း ကိုရဲမင်းထက်နဲ့ ကျွန်မ အဆက်အသွယ် ပြန်ခဲ့ရသည်။ အဲဒီနောက် သီရိက ကိုရဲမင်းထက် KMD ကိုလာမယ့် အကြောင်းပြောတော့ ကျွန်မအလှဆုံး ပြင်လာခဲ့သည်။ ပန်းအိကလည်း အလိုက်သိစွာဖြင့် ကျွန်မတို့ကို လွတ်လွတ်လပ်လပ် စကားပြောခွင့်ပေးသည်။ ကိုရဲမင်းထက်ကို မြင်လိုက်သည်နှင့် ၀မ်းသာ ၀မ်းနည်း နှစ်ခုလုံး တစ်ပြိုင်တည်း ဖြစ်သွားသည်။ မဆက်သွယ်တော့လို့ စိတ်ဆိုးတာ တစ်ပိုင်းနဲ့ ချစ်တဲ့သူကို ပြန်တွေ့လို့ ၀မ်းသာမှု နှစ်မျိုးစလုံး ကျွန်မ မျက်နှာပေါ်မှာ ပေါ်နေသည်။ ဒီနေ့ ကိုရဲမင်းထက်က အရပ်ရှည်တော့ သူဝတ်ထားတဲ့ ပုဆိုးနှင့် ရှပ်အကျီင်္နဲ့ လူကြီးဆန်ဆန်လေး ပိုမိုက်သည်။

ကိုရဲမင်းထက် ။ ။ နှင်းအိ မတွေ့တာ ကြာပြီနော်…
ကျွန်မ ။ ။ ဟုတ်တယ်နော်၊ ဘာလိုလို ၄လနဲ့ ၈ရက်တောင် ရှိသွားပြီ…
ကိုရဲမင်းထက်က အံ့သြသည့် အသံဖြင့်၊

ကိုရဲမင်းထက် ။ ။ နှင်းအိက ရက်အတိအကျပါ မှတ်ထားတယ်…
ကျွန်မ ။ ။ မှတ်ထားတာပေါ့။ အစ်ကို နဲ့ စတွေ့တုန်းက ဘာအကျီင်္် ၀တ်ထားတယ် အစအားလုံးကို မှတ်မိပါတယ်နော်။ အစ်ကိုကသာ ဆရာဝန်မ ချောချောလေးတွေ တွေ့ပြီး နှင်းအိကို မေ့သွားတာမလား…
ကိုရဲမင်းထက် ။ ။ မဟုတ်ရပါဘူး နှင်းအိရယ်။ ကိုယ်က Part-I မို့ စာကြိုးစား နေရတာရယ်။ နှင်းအိက ကိုယ်ဖုန်းဆက်တာ မကြိုက်ဘူး ထင်မိလို့ပါ…
ကျွန်မ ။ ။ နှင်းအိက မကြိုက်ဘူး ပြောမိလို့လား…
ကိုရဲမင်းထက် ။ ။ ပြောတော့ မပြောပါဘူး။ ကိုယ်ထင်တာကို ပြောတာပါ…
ကျွန်မ ။ ။ အစ်ကိုနဲ့တော့ ခက်ပြီ ထင်ကြေးနဲ့ အရာရာကို ဆုံးဖြတ်လို့ မရဘူးရှင့်…

ကိုရဲမင်းထက် ကျွန်မရင်ခုန်နေတာကို မကြားဖူးလား မေးလိုက်ချင်သည်။ ကိုရဲမင်းထက်က သူအထင်လွှဲမိတဲ့ အကြောင်းကို တောင်းပန်သည်။ ကိုရဲမင်းထက် အထင်လွှဲမယ် ဆိုလည်း လွှဲချင်စရာပေ။ အဲဒီအချိန်တုန်းက ပန်းအိ စိတ်ဆင်းရဲနေတာကို ပိုအာရုံစိုက်နေတာမို့ သူ့ဖုန်းဆက်တိုင်း ကောင်းကောင်းမွန်မွန် ပြန်မပြောပဲ ဖုန်းချခဲ့မိသည်။ ပြန်ဆုံပြီနောက်ပိုင်း တစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ်လောက် ကိုရဲမင်းထက်နဲ့ နှင်းအိတို့ ပုံမှန်တွေ့ဖြစ်ကြသည်။ တွေ့တိုင်းလည်း ချစ်ရေး၊ ကြိုက်ရေး မပြောဖြစ်ပေမယ့် ရင်ထဲကနေ တစ်ယောက်နဲ့ တစ်ယောက် သိနေကြသည်။

တနေ့တော့ ကိုရဲမင်းထက်က နှင်းအိကို သူတို့ ဆေးကျောင်းလာလည်ဖို့ ဖိတ်သည်။ ဒီလိုနဲ့ ပန်းအိနဲ့ နှင်းအိတို့ နှစ်ယောက် ယောင်လည်လည်နှင့် ဆေး(၁) ထဲဝင်လာကြသည်။ တက္ကသိုလ်ထဲ ပထမဆုံး အကြိမ်ရောက်ဖူးသဖြင့် အူလည်လည် ဖြစ်နေသည်။ ကိုရဲမင်းထက်ကိုတွေ့မှပဲ ၀မ်းသာနိုင်တော့သည်။

ကိုရဲမင်းထက် ။ ။ နှင်းအိ ကိုယ်အဝေးကတည်းက လှမ်းခေါ်နေတာ မမြင်ဖူးလား…
ကျွန်မ ။ ။ ဟီးဟီး မမြင်ဘူး…
ကိုရဲမင်းထက် ။ ။ ပန်းအိရော ပါလာတာကိုး၊ လာ Canteen သွားကြမယ်…
ပန်းအိ ။ ။ ဟုတ်ကဲ့…

ကိုရဲမင်းထက် သူငယ်ချင်း ၈ယောက်လောက် စုပြီး Canteen မှာဝိုင်းထိုင်နေကြသည်။

ကိုရဲမင်းထက် ။ ။ မင်းတို့ကို မိတ်ဆက်ပေးရအုန်းမယ် ဒါက နှင်းအိ၊ ဒါက ပန်းအိ။ အစ်မွှာညီမလေ…
သူငယ်ချင်း ။ ။ နှစ်ယောက်စလုံးက အချောတွေပါ့လား။ ဒါနဲ့ မင်းကောင်မလေးက ဘယ်တစ်ယောက်လဲကွ…

ကိုရဲမင်းထက် ဘာပြန်ပြောရမှန်း မသိပဲ ခေါင်းကုတ်လျှက် ကျွန်မကို လက်ညှိုးထိုးပြသည်။ ကျွန်မမှာ ပျော်လွန်းလို့ အဲဒီလို နေ့မျိုးရှိတော့မယ် မထင်မိပေ။

ကိုရဲမင်းထက် ။ ။ ဘာမှာမလဲ နှင်းအိ။ ပန်းအိလည်း မှာချင်တာ မှာနော်…
ပန်းအိ ။ ။ ဆီချက်ခေါက်ဆွဲ ၀က်နဲ့ တစ်ပွဲပေးပါ၊ နှင်းအိရော…
ကျွန်မ ။ ။ ငါက နန်းကြီးသုပ်ပဲ စားမယ်…
ကိုရဲမင်းထက် ။ ။ ကျွန်တော်ကိုလည်း နန်းကြီးသုပ် တစ်ပွဲ…
သူငယ်ချင်း ။ ။ မင်းကလည်း သူ နန်းကြီးသုပ် ဆိုတာနဲ့ မင်းလည်း နန်းကြီးသုပ်တော့တာပဲ…
ကိုရဲမင်းထက် ။ ။ ဟိတ်ကောင်တွေ မင်းတို့ နောက်တာနဲ့ ဒီမှာ စိတ်ဆိုးသွားလိမ့်မယ်။ တော်ပြီ ငါတို့ဘာသာ ဟိုဘက်သွားထိုင်တော့မယ်…

နေရာပြောင်းလျှက် တခြား စာပွဲဝိုင်းမှာ ပြောင်းထိုင်လိုက်ကြသည်။ ဇေယျ ဘယ်လို ကျွန်မတို့ ဆေး(၁)ရောက်နေတာ သိသွားသည်မသိ၊ ခဏကြာတော့ ရောက်လာသည်။

ဇေယျ ။ ။ ပန်းအိ ငါနင့်ကို ရှာရတာ ကျောင်းတစ်ပတ်ကုန်တော့မယ်၊ မောလိုက်တာ…
ပန်းအိ ။ ။ ဘာကိစ္စ ငါ့ကို လိုက်ရှာနေတာလဲ…
ဇေယျ ။ ။ ဘာကိစ္စလည်း ဟုတ်လား။ သီရိက နင်တို့ ကျောင်းမတက်ဘူး ဆေးကျောင်းသွားတယ် ဆိုလို့။ ငါမှာ ဘယ်က ကောင်နဲ့ သွားချိန်းတွေ့တာလဲ စိတ်ပူပြီး လိုက်လာတာပေါ့။ ဒါနဲ့ ဒီလူက ဘယ်သူလဲ…
ပန်းအိ ။ ။ နင်စကားပြောရင် ဆင်ခြင်ပြောစမ်းပါ။ ဒါ ကိုရဲမင်းထက်တဲ့…
ဇေယျ ။ ။ ကိုရဲမင်းထက်တွေ ဘာတွေ မသိဘူး။ ပန်းအိနား လာကပ်တဲ့ ဘဲတွေ တစ်ကောင်မှ အရှင်မထားဘူး…
ကျွန်မ ။ ။ ဇေယျ နင်ဘာမှ မသိပဲ လျှောက်မပြောနေနဲ့။ ကိုရဲမင်းထက်က ပန်းအိနဲ့ ဘာမှ မဆိုင်ဘူး။ ဒါငါရဲ့...

ကျွန်မ ချစ်သူလို့ ပြောရမှာလား၊ မိတ်ဆွေလို့ ပြောရမှာလား ကျွန်မမသိတော့ပေ။ ဒါကြောင့် ဘာမှဆက်မပြောတော့ပဲ စကားကို ရပ်ထားလိုက်သည်။

ကိုရဲမင်းထက် ။ ။ မင်းဘယ်သူလဲတော့ ကိုယ်မသိဘူး။ ကိုယ်က နှင်းအိ ချစ်သူပါ…

ကိုရဲမင်းထက် ပြောလိုက်တဲ့ စကားကြောင့် ကျွန်မ ကိုရဲမင်းထက်ကို တချက်လှမ်းကြည့် လိုက်သည်။ ကိုရဲမင်းထက်က နှင်းအိကို ပြုံးလျှက်ပြန်စိုက်ကြည့် နေ၍ ရှက်ပြုံးပြုံးပြီး မျက်နှာလွှဲလိုက်သည်။

ဇေယျ ။ ။ ဒါဆို သိပ်ကောင်းတာပေါ့ဗျာ။ Congratulation ပါအစ်ကို…
ဇေယျက ကိုရဲမင်းထက်ကို လက်ဆွဲနှုတ်ဆက်သည်။

ဇေယျ ။ ။ အစ်ကို နှင်းအိက နည်းနည်းဆိုးတယ် သည်းခံပါနော်…
ကိုရဲမင်းထက် ။ ။ ကိုယ် သည်းခံတတ်ပါတယ်…
ကျွန်မ ။ ။ အောင်မာ နင်က ငါမကောင်းကြောင်း အပုပ်ချင်တာလား…
ဇေယျ ။ ။ မဟုတ်ပါဘူုးဟာ။ ပန်းအိ ငါနဲ့ ခဏလိုက်ခဲ့စမ်းပါ…
ပန်းအိ ။ ။ ဘာလို့ လိုက်ရမှာတုန်း…
ဇေယျ ။ ။ မနက်ဖြန် ငါမွေးနေ့၊ နင်မလိုက်ရင် တော်ပြီ ငါစာမေးပွဲ မဖြေတော့ဘူး…
ကျွန်မ ။ ။ ခဏဆို ခဏပဲနော်။ ပန်းအိရယ် ခဏလိုက်သွားလိုက်ပါ။ မဟုတ်ရင် သူစာမေးပွဲ ကျရင် နင်တာဝန် ဖြစ်နေပါအုန်းမယ်…

ပန်းအိလည်း သိပ်မလိုက်ချင်ပဲ ဇေယျနဲ့ အတူတူထွက်သွားတော့သည်။

ကိုရဲမင်းထက် ။ ။ အဲဒီကောင်လေးက ပန်းအိ ချစ်သူလား…
ကျွန်မ ။ ။ မဟုတ်ပါဘူး။ ပန်းအိကို တဖက်သက် ကြိုက်နေတာပါ…
ကိုရဲမင်းထက် ။ ။ ကောင်လေးက မဆိုးပါဘူး၊ ပန်းအိနဲ့ လိုက်ပါတယ်…

ဇေယျ အကြောင်းကို မသိတဲ့ သူတွေကတော့ ဇေယျက ရုပ်ချောတယ်၊ မဆိုးဘူးပဲ ထင်ကြမှာ သေချာသည်။ သူ့အကြောင်းကို ကောင်းကောင်းသိတော့ ကျွန်မက အားရပါးရ ရယ်လိုက်ချင်သည်။

ကျွန်မ ။ ။ အမယ်လေး မလုပ်ပါနဲ့။ သူ့အကြောင်း မသိသေးလို့ပါ၊ တော်တော်ကို ဆိုးရွားတာ။ သူငယ်ချင်းမို့ ဒီလောက်ထိ သည်းခံနေတာ။ ခုလည်း ဆယ်တန်းကျလို့ ပြန်ဖြေနေတာလေ…
ကိုရဲမင်းထက် ။ ။ အော်ဟုတ်လား မထင်ရဘူးနော်…

ကိုရဲမင်းထက်နဲ့ သိလာတာ ကြာတဲ့အမျှ ကိုရဲမင်းထက်ကို ပိုသဘောကျလာမိသည်။ ကိုရဲမင်းထက်က လူရိုး၊ လူမှန် ပွင့်ပွင့်လင်းလင်း ပြောတတ်သော လူစားမျိုးဖြစ်သည်။ ကျွန်မကို ချစ်တဲ့ အကြောင်း တရားဝင် ဖွင့်မပြောသေးပေမယ့် ကျွန်မတို့ နှစ်ယောက်ကို ချစ်သူတွေလို့ပဲ အများက အသိအမှတ်ပြုကြသည်။ နောက်နေ့ရောက်တော့ ဇေယျ မွေးနေ့ဖြစ်သည်။ ဒါပေမယ့် ကျွန်မ ဗိုက်သိပ်မကောင်းတာမို့ မလိုက်သွားဖြစ်ပေ။ ပန်းအိကတော့ မနက်ကတည်းက ဇေယျလာခေါ်သွားတာမို့ ထွက်သွားသည်။ အိမ်ရှေ့ခန်းမှ မေမေ့ခေါ်သံကြားသည်။

မေမေ ။ ။ သမီးနှင်းအိ ဖုန်းလာနေတယ်…
နှင်းအိ ။ ။ ဟုတ်ကဲ့ မေမေ…

ကျွန်မလည်း ဖုန်းကောက်ကိုင် လိုက်သည်။

ကျွန်မ ။ ။ ဟယ်လို နှင်းအိပြောနေပါတယ်…
ဖုန်းထဲက အသံက ကျွန်မ မသိသော အမျိုးသမီးတယောက် အသံဖြစ်နေသည်၊

အမျိုးသမီး ။ ။ ညီမကို ကိုရဲမင်းထက်နဲ့ ပတ်သက်ပြီး ပြောစရာရှိလို့ပါ…

ကိုရဲမင်းထက် နာမည်ကြားလိုက်သည်နှင့် ကျွန်မအိပ်ငိုက်နေတဲ့ မျက်လုံးတွေပြန်ကျယ်သွားသည်။

ကျွန်မ ။ ။ ဟုတ်ကဲ့ပြောပါ…
အမျိုးသမီး ။ ။ အစ်မနာမည်က ရိုစီပါ…
ကျွန်မ ။ ။ အစ်မက ကိုရဲမင်းထက်နဲ့ ဘယ်လိုပတ်သက်လို့လဲ…
အမျိုးသမီး ။ ။ အစ်မတို့ လူချင်းတွေ့ပြီးမှ ဒီအကြောင်းကို ပြောရင် ကောင်းမယ်နဲ့တူတယ်။ ဒါကြောင့် ညီမ ဘယ်နေ့လောက် အစ်မနဲ့ တွေ့နိုင်မလဲ…

ကိုရဲမင်းထက်နဲ့ ပတ်သက်၍ အမျိုးသမီး တစ်ဦး ဖုန်းဆက်သောကြောင့် ကျွန်မလည်း သန်ဘက်ခါ တွေ့ရန် ချိန်းလိုက်သည်။ ကျွန်မရင်ထဲမှာ ဒီအမျိုးသမီးက ဘယ်သူများလဲ၊ အစ်ကိုနဲ့ ဘယ်လို ပတ်သက်နေတာလဲ အတွေးတွေဖြင့် အရမ်းကို ပူလောင်နေသည်။ အစ်ကို ချစ်သူများ ဖြစ်နေရင် ကျွန်မဘယ်လိုလုပ်ရမလဲ မသိတော့ပေ။ ပန်းအိ ဇေယျမွေးနေ့ပွဲမှ ပြန်ရောက်လာတော့ ပန်းအိ လက်ကို အတင်းဆွဲပြီး၊

ကျွန်မ ။ ။ ငါဘယ်လို လုပ်ရမလဲ မသိတော့ပါဘူး ပန်းအိရယ်…
ပန်းအိ ။ ။ ဘာဖြစ်လို့ နှင်းအိ…
ကျွန်မ ။ ။ ခုနက အမျိုးသမီး တစ်ယောက် ဖုန်းဆက်တယ်။ သူက ကိုရဲမင်းထက်နဲ့ ပတ်သက်ပြီ ငါနဲ့ တွေ့ချင်လို့တဲ့…
ပန်းအိ ။ ။ ဘယ်က အမျိုးသမီးလဲ။ ဒါနဲ့ နှင်းအိက တွေ့မယ်ပြောလိုက်လား…
ကျွန်မ ။ ။ သန်ဘက်ခါ တွေ့မယ်လို့ ချိန်းလိုက်တယ်။ သူက ကိုရဲမင်းထက် ချစ်သူ များလား မသိဘူး…
ပန်းအိ ။ ။ မဟုတ်နိုင်ပါဘူး။ ကိုရဲမင်းထက်က မျက်နှာများတဲ့ လူစားမျိုးတော့ မဟုတ်လောက်ပါဘူး…
ကျွန်မ ။ ။ ငါတော့ ဘယ်သူကိုမှ မယုံချင်တော့ဘူး။ မနက်ဖြန် ကိုရဲမင်းထက်နဲ့ တွေ့ရမှာတောင် စိတ်ထဲ မရဲဘူး။ စိတ်ညစ်ပါတယ် ပန်းအိရယ်…
ပန်းအိ ။ ။ မနက်ဖြန် ကိုရဲမင်းထက်ကိုပဲ အဲဒီအကြောင်း ပြောပြလိုက်ရင်ရော…
ကျွန်မ ။ ။ ငါသိသင့်တဲ့ ကိစ္စ မသိပဲ နေလိုက်ရမှာပေါ့။ ဒါကြောင့် ကိုရဲမင်းထက်ကို ပြောပြလို့ ဘယ်ဖြစ်ပါ့မလဲ…

ပန်းအိနဲ့ ကျွန်မ ထိုကိစ္စအတွက် အဖြေရှာမရပဲ စိတ်ညစ်နေကြသည်။ မနက်ဖြန် ကိုရဲမင်းထက်နဲ့ တွေ့ရန် ချိန်းထားသည့် YKKO ကြေးအိုးဆိုင်သို့ ထွက်လာခဲ့သည်။ ကိုရဲမင်းထက်က ကြိုရောက်နေပြီ ထိုင်စောင့်နေသည်။

ကိုရဲမင်းထက် ။ ။ နှင်းအိ ဒီနေ့ မျက်နှာ သိပ်မကောင်းပါ့လား…
ကျွန်မ ။ ။ ဟုတ်လား။ ဒီလိုပါပဲ စိတ်ညစ်စရာလေးတွေ ရှိလို့ပါ…
ကိုရဲမင်းထက် ။ ။ ဘာစိတ်ညစ်စရာတွေ ရှိလို့လဲ ကိုယ်ကို ပြောလေ…

အစ်ကို မျက်နှာကို လှမ်းကြည့်လိုက်တော့လဲ ကျွန်မကို အရူးလုပ်မယ် လူစားမျိုး မဟုတ်ပေ။ ကျွန်မ ဒီကိစ္စကို အစ်ကိုနဲ့ပဲ မျက်နှာချင်းဆိုင် ပြောလိုက်ရမလား၊ စဉ်းစား မရတော့ပေ။

ကျွန်မ ။ ။ ဘာမှ မဟုတ်ပါဘူး။ ဒါနဲ့ အစ်ကိုမှာ နှင်းအိကို လှိုဝှက်ထားတာရော မရှိဘူးလား…
အစ်ကို နှင်းအိ မေးခွန်းကို ချက်ချင်းပြန်မဖြေနိုင်ပဲ မျက်နှာပျက်သွားသဖြင့် နှင်းအိ စိတ်မကောင်း ဖြစ်မိသည်။ အစ်ကိုရယ် နှင်းအိကို လှိုဝှက်ထားတဲ့ အကြောင်းများရှိရင် ဖွင့်ပြောလိုက်ပါ့လား။ သူများပြောမှ သိရတာထက် အစ်ကို ကိုယ်တိုင် ပြောလို့ သိရတာ နှင်းအိအတွက် ပိုခံသာနိုင်မှာမို့ပါလို့ စိတ်ထဲမှ ပြောလိုက်သည်။ ကိုရဲမင်းထက် ခဏကြာမှ၊

ကိုရဲမင်းထက် ။ ။ ဘာမှ မရှိပါဘူး…
ကျွန်မ ။ ။ အော် ဟုတ်လား…

အစ်ကို စကားလမ်းလွှဲရန် ကြံသည်၊
ကိုရဲမင်းထက် ။ ။ မနေ့က ကိုယ်သူငယ်ချင်းတွေက ပြောနေကြတယ်။ နှင်းအိက အရမ်းလှပြီ ငယ်လွန်းနေလို့ ကိုယ်နဲ့တောင် မလိုက်ဘူးတဲ့…
ကျွန်မ ။ ။ ဟုတ်လား…
ကိုရဲမင်းထက် ။ ။ နှင်းအိကရော ကိုယ်ကို ဘယ်လိုမြင်လဲ…
ကျွန်မ ။ ။ အစ်ကိုက ရိုးသားတယ်၊ စိတ်ထားကောင်းတယ်။ နှင်းအိကိုလည်း အလိုလိုက်တယ်လို့ပဲ မြင်ပါတယ်။ အစ်ကိုကရော နှင်းအိကို ဘယ်လို မြင်လဲ…
ကိုရဲမင်းထက် နှင်းအိကို စိုက်ကြည့်ပြီး ရယ်လျှက်၊

ကိုရဲမင်းထက် ။ ။ ကိုယ်ကတော့ နှင်းအိကို နှင်းအိလို့ပဲ မြင်တယ်။ ကိုယ်အတွက် နှင်းအိက တခြားမိန်းခလေး တွေနဲ့ လုံးဝမတူဘူး။ နှင်းအိကို ချစ်မိတဲ့ ယောကျာ်းလေးက နှင်းအိကို ဘယ်တော့မှ မေ့နိုင်တော့မယ် မထင်ဘူး…

အစ်ကို စကားကြောင့် ကျွန်မ မပျော်ရွှင်နိုင်ပါ။ မနက်ဖြန် ကိစ္စကို တွေးပြီး စိတ်ဆင်းရဲ နေရပါတယ်။ ကိုရဲမင်းထက်နဲ့ တွေ့ပြီး ပြန်လာတော့လည်း အိပ်ခန်းထဲမှာ တစ်နေကုန် အောင်းနေပြီး မနက်ဖြန် သွားတွေ့သင့်လား၊ မတွေ့သင့်ဘူးလားကို ကျွန်မ စဉ်းစား မရတော့ပေ။ မနက်ဖြန် ချိန်းထားသည့် အချိန်သို့ ရောက်လာသည်။ ပန်းအိက သွားမတွေ့ချင်လျှင် သွားမတွေ့နှင့် ပြောသော်လည်း ကျွန်မစိတ်ထဲ ရှင်းသွားမှ ဖြစ်မည် တွေးမိ၍ ချိန်းထားသည့် နေရာသို့ ထွက်လာခဲ့သည်။ ချိန်းထားတဲ့ ဆိုင်ရှေ့ရောက်မှ လှည့်ပြန်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သေးသည်။

သို့သော် နောက်ဆုံးတော့ ဆိုင်အတွင်းသို့ ကျွန်မ ၀င်လာခဲ့သည်။ ဆိုင်ထောင့် တစ်နေရာ၌ ခါးလောက်ရှိတဲ့ ဆံပင်ရှည်လေးကို ဖြောင့်ပြီ ချထားတဲ့ အမျိုးသမီးတစ်ဦးက ကျွန်မကို လက်ပြနေသည်။ ထိုအမျိုးသမီးက ကျွန်မထက် ၅နှစ်လောက်ပိုကြီးမည်။ သို့သော် ကိုရဲမင်းထက်နဲ့တော့ အသက်မတိမ်းမယိမ်း လောက်ပင် ရှိအုန်းမည်။ အနီးကပ်ကြည့်လိုက်တော့ အမျိုးသမီး မျက်နှာက အသားဖြူဖြူလေးပေါ်မှာ ပါးနီလေးတွေဆိုးပြီ၊ မျက်လုံးမှာ အမဲရောင် Eye liner များ ချယ်သထားသည်။ သူမက အနီးကပ်ကြည့်လေ ယှဉ်သည့် ရုပ်မျိုးဖြစ်သည်။

အမျိုးသမီး ။ ။ ညီမက နှင်းအိ မဟုတ်လား...
ကျွန်မ ။ ။ ဟုတ်ပါတယ်...
အမျိုးသမီး ။ ။ ညီမ ဘာမှာအုန်းမလဲ...
ကျွန်မ ။ ။ ကျွန်မ ဘာမှ မမှာတော့ပါဘူး။ အစ်ကိုနဲ့ ပတ်သက်ပြီ ပြောစရာရှိတယ်ဆိုလို့ လာခဲ့တာပါ...
ထိုအမျိုးသမီးက ကျွန်မကို ငေါ့လျှက်၊
အမျိုးသမီး ။ ။ အစ်ကိုတဲ့လား။ ညီမတို့ နှစ်ယောက်က အစ်မထင်ထားထက် တော်တော် ခြေလှမ်းကျော် နေပြီထင်တယ်...
ကျွန်မ ။ ။ ဘာကို ပြောချင်တာလဲ…
အမျိုးသမီး ။ ။ အစ်မ လိုရင်းပဲ ပြောချင်တယ်။ ကိုရဲမင်းထက်နဲ့ အစ်မက မိဘချင်း သဘောတူထားတာ။ ကိုရဲမင်းထက် ဆေးကျောင်းပြီးတာနဲ့ လက်ထပ်မယ်လို့ အားလုံး စီစဉ်ပြီးသား။ ဒီကိစ္စကို ညီမလည်း သိသင့်တယ်ထင်လို့ အစ်မကို ပြောပြတာပါ…
ကျွန်မ ။ ။ ရှင်…

ကျွန်မ အရမ်းအံ့အားသင့် သွားသည်။ တမ္ဘာကြီး တပတ်လည်သွားလား အောင်မေ့မိသည်။ ကျွန်မနားကို ကျွန်မကိုယ်တိုင် မယုံနိုင်ပေ။ ဒါကြောင့် မနေ့က ကျွန်မလှို့ဝှက်ထားတာ ရှိလားမေးသည်ကို အစ်ကို ချက်ချင်းပြန်မဖြေနိုင်ခြင်း ဖြစ်ရမည်။

အမျိုးသမီး ။ ။ အစ်မနဲ့ တွေ့တဲ့ အကြောင်းတွေကို သူ့ကို ပြန်မပြော စေချင်ဘူး။ အစ်မက မိန်းခလေး ဆိုတော့ အထင်သေးခံရမှာ စိုးလို့ပါ…
ကျွန်မ ။ ။ စိတ်ချပါ ကျွန်မ ပြန်မပြောပါဘူး။ ဒါဆို ကျွန်မ ပြန်တော့မယ်…

ကျွန်မဆိုင်အတွင်းမှ ပြန်အထွက်တွင် မျက်ရည်များ စီးကျလာသည်။ ကျွန်မ ဘ၀တစ်ခုလုံး အမှောင်ကျသွားသလို ခံစားလိုက်ရသည်။ ရက်စက်လိုက်တာ အစ်ကိုရယ် ရေရွတ်ရင်း မျက်ရည်များ အဆက်မပြတ် စီးကျနေတော့သည်။ ကျွန်မသည် စိတ်ခိုင်တဲ့ မိန်းခလေး ဖြစ်ပေမယ့် အချစ်ဦးနဲ့ ပတ်သက်၍ ကျွန်မမှာ ခံနိုင်ရည် မရှိခဲ့ပေ။ အိမ်ပြန်ရောက်တော့ ပန်းအိကို အကြောင်းစုံ ရင်ဖွင့်ပြီ ကျွန်မလည်း ရှိုက်ကြီးတငင် ငိုချလိုက်သည်။

ပန်းအိ ။ ။ ဟုတ်ချင်မှ ဟုတ်မှာပါ နှင်းအိရယ်။ ကိုရဲမင်းထက်နဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းလိုက်တာ ပိုကောင်းမယ် ထင်တယ်…
ကျွန်မ ။ ။ ငါ သူနဲ့ မျက်နှာချင်းဆိုင် ရင်မဆိုင်ရဲဘူး။ ငါသူရှေ့မှာ ခံနိုင်ရည် မရှိမှာကို ငါကိုယ်ငါသိတယ်…
ပန်းအိ ။ ။ နင်တို့ နှစ်ယောက် အဆင်ပြေနေရဲ့သားနဲ့ ဘယ်လို ဖြစ်ကြတာလဲ။ ဒါနဲ့ သီရိကို မေးကြည့်ရင်ရော…
ကျွန်မ ။ ။ ငါ အဲဒီအကြောင်း သိတယ်ဆိုတာ သီရိ လုံးဝ သိလို့မဖြစ်ဖူးနော်။ တော်ပြီ အခုငါနိုင်ငံခြား ထွက်တော့မယ်…
ပန်းအိ ။ ။ စိတ်လိုက် မာန်ပါ မလုပ်ပါနဲ့ နှင်းအိရယ်…
ကျွန်မ ။ ။ အချစ်ဦး အသဲကွဲတာ ဘယ်လောက်ခံစားရတယ် ဆိုတာ နင်မသိပါဘူး…

ကျွန်မ မှန်တယ် ထင်ရင် ဇွတ်လုပ်တတ်တဲ့ အကျင့်ရှိတာမို့ နို်င်ငံခြားထွက်ဖို့ ကိစ္စကို အတင်း အမြန်ဆုံး စီစဉ်တော့သည်။ ကိုရဲမင်းထက် ဖုန်းလာတိုင်း မကိုင်တော့ပဲ ကျွန်မရှောင် နေသည်။ တစ်နေ့တော့ သီရိ ကျွန်မတို့ အိမ်ကို ရောက်လာသည်။ ကျွန်မထွက်မတွေ့ချင် သော်လည်း ပန်းအိက ထွက်တွေ့လိုက်ပါ ပြော၍၊

သီရိ ။ ။ ကောင်မစုတ်တွေ ပျောက်ချက်ကတော့ ကောင်းလိုက်တာ။ ငါဖုန်းဆက်တော့လည်း မကိုင်တာနဲ့ အိမ်လိုက် လာခဲ့တာ။ နှင်းအိ နဲ့ ပန်းအိ နင်တို့ KMD ဘာလို့ ဆက်မတက် တော့တာလဲ…
ပန်းအိ ။ ။ ဟိုလေ၊ တက္ကသိုလ်တွေ ပြန်ဖွင့်တော့ ငါလည်း တက္ကသိုလ်တက် ရတော့မှာ။ ပြီးတော့ နှင်းအိကလည်း…
ကျွန်မ ။ ။ ငါ အင်္ဂလန်ကို နောက်အပတ်ထဲ သွားတော့မှာ…
သီရိ ။ ။ ဘာပြောတယ်။ နင်နောက်အပတ်ထဲ နိုင်ငံခြားသွားတော့မယ်…
ကျွန်မ ။ ။ အေး ဟုတ်တယ်…
သီရိ ။ ။ ငါ့အစ်ကို သိရင် အရမ်းစိတ်မကောင်း ဖြစ်တော့မှာပဲ နှင်းအိရယ်။ နင်က ကြိုတော့ ပြောဖို့ကောင်းပါတယ်။ ခုလည်း နင်ကို ဆက်သွယ်လို့ မရလို့ အစ်ကိုက ငါ့ကိုလွှတ်လိုက်တာ…

သီရိ နင့်အစ်ကို စိတ်မကောင်း ဖြစ်ရုံပဲ ဖြစ်မှာပါ။ ငါကသာ အသဲတွေပါ တစ်စစီ ပြန်ဆက် မရအောင် ကြေမွကုန်တာဟု ကျွန်မ ဖွင့်ပြောလိုက်ချင်သည်။

ကျွန်မ ။ ။ အစက ငါသွားဖို့ အစီအစဉ် မရှိပါဘူး။ လောကကြီးကို စိတ်ကုန်လွန်းလို့ တမင် ထွက်သွားတာ။ အခုငါ ပစ္စည်းတွေ ထည့်နေလို့၊ နင်ပန်းအိနဲ့ စကားပြောနှင့်အုန်းနော်…

ကျွန်မ ပန်းအိကို ကြည့်လိုက်ပြီး သီရိကို ဘာအကြောင်းမှ မပြောနဲ့ အဓိပ္ပါယ်နဲ့ သတိပေးလိုက်သည်။ ပန်းအိနဲ့ သီရိ စကားပြောလျှက် ကျန်ခဲ့ကြသည်။ တော်တော်ကြာတော့ ပန်းအိ အိမ်ခန်းထဲကို ၀င်လာသည်။

ပန်းအိ ။ ။ နှင်းအိ နင်မသွားလို့ မဖြစ်ဖူးလား…
နှင်းအိ ။ ။ ငါစိတ်ဆုံးဖြတ်ပြီးသွားပြီ…
ပန်းအိ ။ ။ သီရိကတော့ ကိုရဲမင်းထက် အတွက် စိတ်မကောင်းဖြစ်ပြီး ပြန်သွားရှာတယ်…
နှင်းအိ ။ ။ ငါတောင်းပန် ပါတယ် ပန်းအိရယ်။ နင်ငါ့ကို စိတ်ချမ်းသာ စေချင်ရင် နောက်တစ်ခါ ငါရှေ့မှာ ကိုရဲမင်းထက် ဆိုတဲ့ နာမည်ကို လုံးဝအစ မဖော်ပါနဲ့တော့။ ငါသူ့နာမည်ကို ကြားလည်း မကြားချင်တော့ဘူး...
ပန်းအိ ။ ။ နှင်းအိ မကြိုက်ရင် ငါဘယ်တော့မှ မပြောတော့ပါဘူး…

ပန်းအိလည်း နောက်ပိုင်း ကိုရဲမင်းထက် နာမည်ကို လုံးဝမပြောတော့ပေ။ ကျွန်မ နိုင်ငံခြားသွားဖို့ လေယဉ်ကွင်း ဆင်းတဲ့နေ့သို့ ရောက်လာသည်။ အမေနဲ့ ပန်းအိကတော့ ကျွန်မ နိုင်ငံခြား ထွက်သွားတော့မှာမို့ စိတ်မကောင်း ဖြစ်နေကြသည်။ အဖေကတော့ ကျန်းမာရေး ဂရုစိုက်ဖို့ စာကြိုးစားဖို့ကို အဓိက မှာသည်။ လေယဉ်ကွင်းသို့ ရောက်သည့်တိုင်အောင် ကိုရဲမင်းထက်များ ရောက်လာမလား ကျွန်မ လိုက်ရှာမိသေးသည်။ ကျလာတဲ့ ကျွန်မမျက်ရည်များကို သုတ်လိုက်ပြီး ကျွန်မ မိသားစုကို နှုတ်ဆက်လျှက် လေယဉ်ပေါ်သို့ တက်လာ ခဲ့လေတော့သည်။

ဆက်ရန်...

4 comments:

  1. Good story. Really interesting.
    M.Snow

    ReplyDelete
  2.ွှကျေးဇူးပါနော်.. :)

    ReplyDelete
  3. really nice story i really like that part....better than before a lot...good job :)

    ReplyDelete
  4. ဆက်ဖတ် နောက်ခန်းက ပိုကောင်းလာပြီ.. ဇာတ်ရှိန်မြင့်လာပြီ :)

    ReplyDelete