ကျွန်တော် အင်တာနက်ဆိုင်မှာ လူပါးတာမို့ အင်တာနက်သုံးနေရင်း ည ၁၁နာရီထိုးသွားတာကိုတောင် သတိမထားမိလိုက်ပေ။
ဆိုင်ရှင် ဦးသိန်း။ ။ မင်းသူ၊ ည ၁၁ နာရီထိုးနေပြီကွ။ ကွန်ပြူတာတွေ အားလုံးသေချာပိတ်ပြီး ဆိုင်ပါသိမ်းလိုက်တော့။
မင်းသူ ။ ။ ဟုတ်ကဲ့ ဦးသိန်း...
ကျွန်တော် နေ့စဉ် အလုပ်အတိုင်း ကွန်ပြူတာတွေလိုက်ပိတ်ပါသည်။ ဦးသိန်းက အသက် ၆၀ကျော်လောက်ရှိပြီး ပုံကတော့ ဂွကျကျပုံမျိုးပဲ။ သူများကို အချိန်တိကျမှ ကြိုက်သလို၊ သူကိုယ်တိုင်ကလည်း အချိန်အရမ်းတိကျသည်။ ခုလည်းကြည့်ပါလား၊ ၁၁နာရီ ဒေါင်ဆိုတာနဲ့ ဆိုင်ပိတ်ခိုင်းတော့တာပဲ။ ကျွန်တော် ကွန်ပြူတာတွေ လိုက်ပိတ်နေတုန်း ကွန်ပြူတာ တစ်ခုပိတ်မယ် အလုပ်တွင် ဂျီးတော့ မက်ဆေ့တစ်ခု တက်လာတာကို တွေ့လိုက်သည်။ ဘယ်သူများ ဂျီးတော့ကို သုံးပြီး မပိတ်သည်ကိုတော့ ကျွန်တော်လည်း သေချာ မသိပေ။ ဂျီးတော့ ပိုင်ရှင်ကတော့ Eric2008@gmail.com ရေးထားသည်။ နာမည်တော့ မရေးထားဘူးဗျ။ ကျွန်တော်ရဲ့ စပ်စုတတ်တဲ့ ၀ါသနာကလည်း ရှိတာမို့ စက်မပိတ်သေးပဲ ပို့ထားတဲ့ မက်ဆေ့ကို ခိုးဖတ်မိလိုက်သည်။ တစ်ဖက်က မက်ဆေ့ပို့တဲ့ မိန်းခလေး နံမည်က ယွန်းလို့ရေးထားတယ်။ မိန်းခလေးပို့တဲ့ မက်ဆေ့ကို ဖတ်လိုက်တော့ စိတ်ထဲမှာ ဖတ်မိတာ မှားပြီးလားဆိုတဲ့ အတွေးတောင်ဝင်လာတယ်ဗျ။
မိန်းခလေး မက်ဆေ့။
ယွန်းကို အမြန်ဆက်သွယ်ပါနော်၊
ယွန်း အရမ်းစိတ်ပူနေတယ်၊
ဒီညမှ မဆက်ရင် အားလုံးသိပြီး ဒုက္ခရောက်တော့မှာ၊
ဖုန်းနံပါတ် - ၀၉၅၀၃၇၁၁၃ အမြန် ဆက်သွယ်ပေးပါနော်၊
အမေတို့သိကုန်မှာ စိုးလို့ပါ၊ တောင်းပန်ပါတယ်...
ကျွန်တောလည်း မိန်းခလေးရဲ့မက်ဆေ့က သူများ ကိုယ်ရေးကိုယ်တာ အကြောင်းရေးထားတာ မဖတ်သင့်ပါဘူးလို့၊ စိတ်ဆုံးဖြတ်ပြီး ကွန်ပြူတာကို ပိတ်လိုက်သည်။ ဆိုင်သိမ်းပြီးတာနဲ့ အိမ်ကို ထုံးစံအတိုင်း လမ်းလျှောက်ပြန်လာခဲ့ရင်း တလမ်းလုံး မက်ဆေ့ရေးတဲ့ ကောင်မလေး အကြောင်းပဲ တွေးနေမိတယ်ဗျ။ ယွန်းဆိုတဲ့ မိန်းခလေးမှာ အခက်အခဲ တစ်ခုရှိနေတယ် ဆိုတာကို သူမ မက်ဆေ့ကို ဖတ်ရုံဖြင့် ကျွန်တော့် စိတ်ထဲ စာနာမိတယ်။ ကျွန်တော် ယွန်းဆိုတဲ့ မိန်းခလေး ဖုန်းနံပါတ်ကို မှတ်ပြီး ဂျီးတော့ ပိုင်ရှင်ကိုတွေ့ရင် အကြောင်းစုံ ပြောပြရင် ကောင်းမလားလို့ တွေးမိပါသေးတယ်။ ဒါပေမယ့် သူ့ဂျီတော့ကို ခိုးဖတ်မိလေတော့၊ ကျွန်တော့် စိတ်ထဲမှာလည်း မလုံဘူးဗျ။ လမ်းလျှောက်ရင်း အတွေးလွန်းသွားလို့ လက်ဖက်ရည်ဆိုင်က ကိုတုတ်က လှန်းအော်ခေါ်လိုက်မှ ကျွန်တော် အသိတရားဝင်လာတော့သည်။
ကိုတုတ်။ ။ မင်းသူ၊ မင်းဘာတွေတွေးနေတာလည်းကွ။ ငါ ဒီလောက် အော်ခေါ်နေတာတောင် မကြားဘူးလားကွ...
ကျွန်တော်။ ။ ကျွန်တော် ကျောင်းစာ အကြောင်း စဉ်းစားရင်း အတွေးလွန်းသွားလို့ပါ ကိုတုတ်...
ကျွန်တော် မရည်ရွယ်ပဲ လိမ်ပြောမိလိုက်သည်။
ကိုတုတ်။ ။ မသိပါဘူး၊ မင်း ကောင်မလေး အကြောင်းများ တွေးနေတာလားလို့၊ ဒါနဲ့
လက်ဖက်ရည် ၀င်သောက်သွားအုန်းလေ...
ကျွန်တော်။ ။ ဒီနေ့တော့ မသောက်တော့ဘူး၊ ကျွန်တော် အိမ်ပြန်ဖို့ နောက်ကျနေပြီး နောက်နေ့မှပေါ့...
ကိုတုတ်ကို နှုတ်ဆက်ပြီး ကျွန်တော်ထွက်လာခဲ့တယ်။ ကိုတုတ် ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်က ည၁၂နာရီလောက်ထိ ဖွင့်ထားတတ်တယ်ဗျ။ ပြီးတော့ ကိုတုတ်က သဘောလည်း အရမ်းကောင်း၊ အရမ်းလည်း အစသန်တာ။ ကျွန်တော်နဲ့ ကိုတုတ်က တရပ်ကွက်သားချင်းမို့၊ ညီအစ်ကိုတွေလို ခင်မင်နေကြပါတယ်။ ကျွန်တော် လုပ်တဲ့ အင်တာနက်ဆိုင်နဲ့ သိပ်လည်း မဝေးတာမို့၊ စောပြန်တဲ့ နေ့တွေဆို ကိုတုတ်ဆိုင်မှာ လက်ဖက်ရည် ၀င်သောက်နေကျဗျ။ ပြီးမှ အိမ်ကို လမ်းလျှောက်ပြန်ရင် ၁၅မိနစ်လောက်တော့ လမ်းလျှောက်ရပြီး၊ ကျွန်တော်အတွက်တော့ လေ့ကျင့်ခန်းတစ်ခုလို ဖြစ်နေပါပြီ။
အိမ်ပြန်ရောက်တော့ အိမ်ရှေ့ခန်းတွင် ကျွန်တော် ပြန်အလာကို ထိုင်စောင့်နေသော အဖေကို တွေ့သည်။ ကျွန်တော်မှာ အမေမရှိတော့ပါဘူး၊ အဖေတစ်ခု သားတစ်ခုပဲ ဆိုရမှာပေါ့။ အဖေက အင်ဂျင်နီယာ အစိုးရ၀န်းထမ်း တစ်ယောက်ပါ။ ကျွန်တော်တို့က ပိုက်ဆံ မပြည့်စုံတာမို့ သူများတွေလို နိုင်ငံခြားထွက် ကျောင်းမတက်နိုင်ပါဘူးဗျာ။ ဒါပေမယ့် အဖေက ကျွန်တော်ကို အရမ်းချစ်တော့ ကျောင်းသွားတက်ချင်တယ် ဆိုလည်း ရှိတာတွေ အားလုံးရောင်းချပြီး ကျောင်းထားပေးမှာပါ။ ဒါပေမယ့် ဒီအရွယ်ထိ ရုန်းကန်ပြီး ကျွေးမွေးလာတောင် ကျေးဇူးတင်လှပါပြီ၊ ကျွန်တော် ဒုက္ခထပ်မပေးချင် တော့ပါဘူး။ ခုလည်း မအိပ်သေးပဲ၊ ကျွန်တော်ပြန်လာတာ စောင့်နေတာပဲ ကြည့်လေ။
ကျွန်တော် ။ ။ အဖေ ခုထိ မအိပ်ပဲ ဘာလို့စောင့်နေတာလည်း၊ ကျွန်တော်ကို မစောင့်ပဲ အိပ်နှင့်ပါ မှာထားရက်နဲ့ဗျာ...
အဖေ ။ ။ အဖေကိုယ်တိုင်က မအိပ်ချင်သေးလို့ပါ။ စာအုပ်ထိုင်ဖတ်နေတာ ၁၁နာရီခွဲသွားတာတောင် မသိလိုက်ဘူး။ ဒီနေ့ သားပြန်လာတာ စောသားပဲ...
ကျွန်တော် ။ ။ အဖေစောင့်နေမယ်မှန်း သိလို့ကိုး တမင်စောပြန်လာတာ...
အဖေ ။ ။ ဒါမှ အဖေသားကွ...
အဖေက ကျွန်တော် ပခုံးကို ပုတ်လိုက်သည်။
အဖေ ။ ။ သား ဘီအီတက်ရင်း အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရတာ အဆင်ပြေပါ့မလား...
ကျွန်တော် ။ ။ ရပါတယ်အဖေရဲ့၊ ကျွန်တော် အင်တာနက်ဆိုင် မှာ အချိန်ပိုင်း ၀င်လုပ်ရင်း အားရင် အင်တာနက်ကနေ အင်ဂျင်နီယာ ဘာသာရပ်နဲ့ ဆိုင်တာတွေကို လေ့လာခွင့်တောင် ရသေးတယ်...
အဖေ ။ ။ ဒီလိုဆိုတော့လည်း ပညာလည်းရ၊ ၀မ်းလည်းဝပေါ့...
နောက် အဖေ နဲ့ ကျွန်တော် အိပ်ယာဝင်ကြသည်။ ဒါပေမယ့် ကျွန်တော် ညအိပ်မပျော်ပဲ ဂျီးတော့ထဲမှ ယွန်းဆိုတဲ့ မိန်းခလေး အကြောင်းပဲ ခေါင်းထဲ ရောက်ရောက်လာတယ်ဗျ။ နောက်နေ့ မနက်ရောက်တော့ ကျွန်တော် ငယ်သူငယ်ချင်း ဇေယျနဲ့ ချိန်းထားတာမို့ ချိန်းထားသည့်နေရာသို့ စောစောထွက်လာသည်။ ဇေယျက ချိန်းတဲ့ ဆိုင်ထဲတွင် ကျွန်တော်ကို ထိုင်စောင့်နေသည်။ ဇေယျက ကျွန်တော်ကို တွေ့လိုက်သည်နှင့်။
ဇေယျ ။ ။ မင်းသူ မင်းက တခါလာလည်း ဒီတီရှပ်နဲ့ ပုဆိုးပဲ ၀တ်နေတာပဲ...
ကျွန်တော် ။ ။ ငါက မင်းလို ချမ်းသာတာမှ မဟုတ်တာကွ...
ဇေယျ ။ ။ ငါသူငယ်ချင်း မိန်းခလေး တစ်ယောက်နဲ့ မင်းနဲ့ မိတ်ဆက်ပေးမလို့ပါဆို...
ကျွန်တော် ။ ။ တော်ပါပြီကွာ၊ ငါမိန်းခလေး ကိစ္စတွေ သိပ်စိတ်မ၀င်စားပါဘူး...
ဇေယျ ။ ။ မင်းတကယ် ကြိုက်တဲ့ မိန်းခလေး မတွေ့သေးလို့ အပြောကြီး နိုင်တာပါကွာ...
ကျွန်တော်က ဇေယျကို ဘာမှ ချေမပပဲ ရယ်ပဲ ရယ်နေလိုက်သည်။ ဇေယျက တကယ်ကို ငယ်သူငယ်ချင်းကောင်း တစ်ယောက်ပါ။ ဇေယျက ပစ္စည်းလည်းရှိ၊ ရုပ်ကလည်း ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင်ဆိုတော့ ဆေးကျောင်းတက်တာ မဆန်းပါဘူး။ ပြီးတော့ ဇေယျက ဒီမှာ ဆေးကျောင်းပြီးရင် နိုင်ငံခြားသွားပြီး အမ်အာစီပီတို့၊ ဘွဲ့လွန်တို့ သွားတက်အုန်းမှာ။ ကျွန်တော်ကတော့ ပိုက်ဆံကလည်း မပြည့်စုံ၊ ရုပ်ရည်ကလည်း အသားညို၊ ပိန်ရှည်ရှည်နဲ့ ဗျ။ ကျွန်တော်လို လူမျိုးက ဇေယျနဲ့တော့ ခြေရာ ဘယ်တိုင်းလို့ ရပါ့မလဲဗျာ။
ဒီနေ့တော့ ဇေယျ အခေါ်ကောင်းတာမို့ ဇေယျတက်နေတဲ့ ဆေးကျောင်းတောင် အလည်ရောက်သွားသေးသည်။ ဇေယျ လာသည်နှင့် မိန်းခလေးတွေ ၀ိုင်းဝိုင်းလည်လို့ပေ။ ညနေပိုင်း ကျွန်တော်ကို သူ့အိမ်မှာ ထမင်းစားခိုင်းပြီးမှ ကျွန်တော် အလုပ်လုပ်တဲ့ အင်တာနက် ဆိုင်သို့ ပြန်လိုက်ပို့ပေးသည်။
ကျွန်တော် အင်တာနက်ကောင်တာမှာ ကျွန်တော် ထိုင်နေတုန်း၊ ဆိုင်ထဲ မိန်းခလေးတစ်ယောက် ၀င်လာသည်။ ထိုမိန်းခလေး ၀င်လာသည်နှင့် ဆိုင်အတွင်းမှ အမျိုးသားများ အားလုံး သူမကို ၀ိုင်းငေးကြည့်ကြသည်။ မိန်းခလေးရဲ့ အသားရောင်က ၀ါဝင်းပြီး မျက်နှာလေးကတော့ ချစ်စရာလေးဗျ။ သူမရဲ့ ကိုယ်လုံးကိုယ်ပေါက် ကလည်း တကယ်ကို အမိုက်စားပဲ၊ သူမ ၀တ်ထားတဲ့ ကိုယ်ကျပ် အနီရောင်အင်္ကျီနဲ့ ဂျင်းဘောင်ဘီအရှည် လေးနဲ့အရမ်းကို လိုက်ဖက်သည်။ ဘာမှ အပြစ်ပြောစရာ မရှိပဲ ဒီလောက်လှတဲ့ မိန်းခလေးကို မမြင်ဖူးသေးဘူးဗျ။ မိန်းခလေး ကျွန်တော်နားသို့ တဖြည်းဖြည်း လမ်းလျှောက်လာသည့်တိုင်၊ ကျွန်တော် ငေးကောင်းတိုင်း ဆက်ငေးနေမိတယ်။ ခဏကြာမှ အသိတရားဝင်လာလို့ တော်ပါသေးရဲ့။
ကျွန်တော်။ ။ အင်တာနက် သုံးမလို့လား မသိဘူး။ လူတော့ ပြည့်နေတယ်၊
၅မိနစ်လောက်ပဲ စောင့်ရမှာပါ...
လူပြည့်နေလို့ အင်တာနက် မသုံးပဲ မိန်းခလေး ပြန်ထွက်သွားမှာတောင် စိတ်ထဲ စိုးရိမ်မိသေးတယ်။
မိန်းခလေး။ ။ အင်တာနက် ကြည့်ဖို့ မဟုတ်ပါဘူး။ သူငယ်ချင်းတစ်ယောက်ကို ရှာချင်လို့ပါ။
ဒီဆိုင်မှာ အင်တာနက်သုံးနေကျလို့ ပြောလို့ပါ...
ကျွန်တော်။ ။ ဟုတ်လား၊ ဒါနဲ့ သူငယ်ချင်းနံမည်က ဘယ်သူလဲ...
မိန်းခလေး။ ။ ကိုကျော်လွင်ပါ။ တချို့က Eric လို့လည်းခေါ်ကြတယ်...
ကျွန်တော်စိတ်ထဲ Eric ဆိုတဲ့ နံမည်ကို ရင်းနှီးနေသလို ခံစားလိုက်ရတယ်။
ဒီ နံမည်ကို ကျွန်တော် ဘယ်မှာ ကြားဖူးပါလိမ့် စဉ်းစားနေသည်။ သတိရပြီ ကျွန်တော် ခိုးဖတ်မိတဲ့ ဂျီးတော့ပိုင်ရှင်နံမည်ပဲကိုး။ ဒါဆို ဒီက မိန်းခလေးက ယွန်းဆိုတဲ့ မိန်းခလေးများ ဖြစ်နေမလားပဲ။
ကျွန်တော်။ ။ Eric နံမည်ကိုတော့ ကြားဖူးတယ်။ ဒါပေမယ့်လေ ကျွန်တော်က လူနဲ့ နံမည်နဲ့ သိပ်တွဲ မမှတ်မိဘူးဗျ...
မိန်းခလေး။ ။ ဒါဆို အစ်ကိုရယ် ဖြစ်နိုင်ရင် ကူညီပေးပါလား။ သူဒီဆိုင်ကို လာတတ်တဲ့ အချိန်ကို သိချင်လို့ပါ။ ပြီးတော့ အရမ်းအရေးကြီးတဲ့ ကိစ္စမို့ပါ...
မိန်းမချောလေး တစ်ယောက်က ဒီလောက်တောင်းဆိုနေတာကို ကျွန်တော် ငြင်းလိုက်ရင် ရိုင်းရာ ကျသွားမှာပေါ့။ ဒါကြောင့် ကျွန်တော် စုံစမ်းပေးထားပါ့မယ် ဆိုတဲ့ ကတိကို လွယ်လွယ်နဲ့ပဲ ပေးလိုက်မိသည်။ ဒါပေမယ့် ဒီမိန်းခလေးက ယွန်းများ ဖြစ်နေမလားလို့၊ သိချင်သေးတာမို့ နံမည်တော့ မေးဖြစ်အောင် မေးခဲ့ပါသေးသည်။
ကျွန်တော်။ ။ ဒါနဲ့ ဒီက ညီမနံမည်ကရော သိခွင့်ရမလား မသိဘူး၊ ကိုကျော်လွင်ကို တွေ့ရင် ပြောပြလို့ရအောင်ပါ...
မိန်းခလေး။ ။ ကျွန်မနံမည်က ယွန်းပါ အစ်ကို၊ မနက်ဖြန် ပြန်လာခဲ့ပါမယ်...
ယွန်းက ကျေးဇူးတင်ကြောင်း ပြောပြီး ထွက်သွားလေသည်။ ကျွန်တော် ဂျီးတော့ထဲက ယွန်း မိန်းခလေး ဒီလောက်လှမယ်လို့ မထင်ခဲ့မိတာတော့ အမှန်ပဲဗျ။ သူမထွက်သွားပြီး အဝေးရောက်သည့် တိုင်အောင် ကျွန်တော် သူမကို လှန်းငေးနေမိသည်။ ကျွန်တော် ကတိသာပေးလိုက်တာ၊ ကိုကျော်လွင်ဆိုတဲ့ သူကို ဘယ်ကနေပြီး စရှာရမှန်း မသိပေ။ အစကတည်းက ကျွန်တော် ဒီနံမည်ကို တစ်ခါမှ မကြားဖူးဘူးလို့ ပြောလိုက်ရမှာကို ရှည်မိတဲ့ ကျွန်တော် အမှားလို့သာ နောင်တရသားဗျ။ ဘာပဲဖြစ်ဖြစ် ကတိပေးထားပြီး ဖြစ်၍ မတတ်နိုင်တဲ့ အဆုံး ဆိုင်ကိုလာတဲ့ အမျိုးသား မှန်သမျှကို နံမည်လိုက်မေးတော့မည်ဟု ဆုံးဖြတ်လိုက်တယ်။
နောက်နေ့ကျတော့ ကျွန်တော် ဆိုင်ရောက်သည်နှင့် ကိုကျော်လွင်ကို ရှာဖွေစခန်း စတင်တော့သည်။ ညနေ ရနာရီလောက် ဆိုင်တွင်းသို့ အရပ်ထောင်ထောင် မောင်းမောင်း ရုပ်ရည် သန့်သန့ှ် အမျိုးသားတစ်ဦး ၀င်လာသည်။ ထိုအမျိုးသားကို ကျွန်တော့်ဆိုင်က ဖောက်သည်မို့ မျက်မှန်းတန်းမိနေသည်။ နံမည်ကိုတော့ မသိပါ။ ဒါကြောင့် မေးနေကျအတိုင်း ဒီက အစ်ကို့နံမည်က ကိုကျော်လွင်လား မေးလိုက်သည်။ ထိုအမျိုးသားက ချက်ချင်းပြန်မဖြေပဲ၊ ကျွန်တော့်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးမှ အသံခပ်မာမာဖြင့်။
အမျိုးသား။ ။ ဟုတ်တယ်၊ င့ါနံမည် ကျော်လွင်...
ကျွန်တော်။ ။ ကျွန်တော်က ကိုကျော်လွင်ကို လိုက်ရှာနေတာ တနေကုန်ပဲ၊ ခုမှပဲ တွေ့တော့တယ်...
ကျော်လွင်။ ။ နေပါအုန်း၊ မင်းက ဘာကိစ္စရှိနဲ့ လိုက်ရှာနေတာလည်း...
ကျွန်တော်။ ။ ကိုကျော်လွင်ကို ယွန်းဆိုတဲ့ မိန်းခလေးတစ်ယောက် လာရှာသွားလို့ပါ...
ကျော်လွင်။ ။ ယွန်းက မင်းကို ဘာပြောသွားသေးလဲ...
ကျွန်တော်။ ။ ဘာမှတော့ မပြောပါဘူး။ ကိုကျော်လွင် ဒီဆိုင်မှာ လာတတ်သလား
မေးရုံပါပဲ။ ကျွန်တော့် စိတ်ထဲ ယွန်းများ ကိုကျော်လွင်ကို အရေးတကြီး ပြောစရာ ကိစ္စများ ရှိနေမလားလို့ပါ...
ကျော်လွင်။ ။ မင်းက မင်းနဲ့ မဆိုင်တဲ့ ကိစ္စတွေ တော်တော်ဝင်ပါချင်ပုံရတယ်။
ငါပြောထားမယ် နောက်တစ်ခါ ယွန်း လာရှာရင်၊ မင်း
ကိုကျော်လွင်ကို မသိဘူးပဲ ပြောလိုက်။ ကြားလား...
ကျွန်တော် အောင့်သက်သက်ဖြင့် “ဟုတ်ကဲ့” ဟုပြန်ဖြေလိုက်သည်။ ကိုကျော်လွင် ကတော့ ဘာကြောင့် စိတ်တိုသွားမှန်း မသိပဲ ဆိုင်တွင်းမှ ပြန်ထွက်သွားသည်။ ကျွန်တော် ဒီလူ့ ပုံစံကို မကြိုက်ဘူးဗျ။ ဘာလဲ သူရဲ့ လက်အောက်ငယ်သားကို ပြောနေတဲ့ အတိုင်းပဲ။ ကျွန်တော် ရှည်လို့ ဒီလို အအော်ခံရတာလို့၊ ကိုယ်ဘာသာကို အပြစ်တင်မိတယ်။ ကိုကျော်လွင်က ပိုက်ဆံ တော်တော်ရှိမယ့် ပုံပဲဗျ။ အသက်ကတော့ ကျွန်တော်က ၂၅နှစ်ဆိုတော့ သူက ကျွန်တော်ထက် ၅နှစ်လောက်တော့ ကြီးလိမ့်မယ်။ ပိုက်ဆံ ရှိတာလေး တစ်ခုနဲ့ စိတ်ကြီးဝင်နေတဲ့ လူစားမျိုးပါဗျာ။ ယွန်းဆိုတဲ့ မိန်းခလေးက ဒီလိုလူမျိုးနဲ့ ဘယ်လို့ ပတ်သက်နေမှန်း ကျွန်တော် စဉ်းစားလို့ကို မရဘူးဗျ။ ယွန်းအသက် ကတော့ ကျွန်တော်နဲ့ မတိမ်းမယိမ်းလောက်ပဲ ရှိအုန်းမယ်။ ဘာပဲဖြစ်ဖြစ် ကိုကျော်လွင်ကို ရှာပေးမယ်လို့ ယွန်းကို ပြောထားတဲ့ ကတိတည်သွားပြီးမို့ တော်ပါသေးရဲ့ ဖြေတွေးလိုက်သည်။ ဆိုင်ရှင် ဦးသိန်းက ကိုကျော်လွင်နဲ့ ကျွန်တော်တို့ ပြောဆိုသည်ကို ကြားသွားပုံရသည်။
ဦးသိန်း။ ။ မင်းသူ၊ ခုနက ကောင်းလေးနဲ့ ဘာတွေ စကားများနေကြတာလဲ...
ကျွန်တော်။ ။ ဘာမှမဟုတ်ပါဘူး၊ ဦးသိန်း...
ဦးသိန်း။ ။ အေး ဘာမှမဟုတ်ရင် ပြီးရော။ သူများ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ
ဝင်မပါနဲ့၊ ကိုယ်အလုပ်သာ အာရုံစိုက်...
ဦးသိန်းက ကျွန်တော့်ကို သတိပေးပြီး ကောင်တာရှေ့ ထိုင်ခုံမှာ ပြန်သွားထိုင်လိုက်သည်။ ကျွန်တော်လည်း ကျွန်တော်အလုပ်ကို ဆက်ပြီး လုပ်နေလိုက်သည်။ နောက် နာရီဝက်လောက်ကြာတော့ ယွန်း ဆိုင်ထဲ ၀င်လာသည်။ ကျွန်တော်လည်း ဦးသိန်း ရိပ်မိသွားမှာစိုး၍ ယွန်းကို ဆိုင်ပြင်မှာ သွားစောင့်နေဖို့ လက်ဟန်ဖြင့် ပြလိုက်သည်။ ယွန်း သဘောပေါက်လွယ် သောကြောင့် အပြင်ပြန်ထွက်သွားတယ်။ ခဏနေမှ ဦးသိန်းဆီ ခွင့်တောင်းပြီး၊ ကျွန်တော်လည်း အပြင်လိုက်ထွက်သွားသည်။ ဒီနေ့ ယွန်းသည် ဆတ်ကပ်တိုတို၊ အကျီင်္လက်ရှည် ကော်လံလေး ၀တ်ထားသည်။ ကော်လံအင်္ကျီလေးနဲ့ သူမရဲ့ လည်တံ ရှည်လေးကြောင့် ပိုတောင်လှနေသေးတယ်။ သို့သော် တောက်ပတဲ့ ယွန်းမျက်ဝန်းတွေမှာ မျက်ရည်စလေးတွေကို တွေ့လိုက်ရလို့ စိတ်မကောင်း ဖြစ်မိသွားတယ်ဗျ။ ကျွန်တော် နဲ့ ယွန်း ဆိုင်တစ်ခုထဲ ၀င်ထိုင်လိုက်ကြသည်။
ယွန်း။ ။ အစ်ကို၊ ကိုကျော်လွင်ကို ရှာတွေ့လားဟင်...
ကျွန်တော်။ ။ ဟုတ်ကဲ့၊ ရှာတွေ့ပါတယ်။ ကိုကျော်လွင်က ကျွန်တော်တို့
အင်တာနက်ဆိုင်က ဖောက်သည်ပဲဗျ။ ကျွန်တော်က နံမည်နဲ့ လူနဲ့
မတွဲမိလို့ပါ...
ယွန်းသည် ၀မ်းသာအားရနဲ့ သူမဧ။် နူးညံ့သော လက်များဖြင့် ကျွန်တော့်လက်ကို လှမ်းကိုင်လိုက်သည်။ ကျွန်တော်စိတ်ထဲ လျှပ်စီးလက်သွားသလိုလို၊ ဓာတ်လိုက်သွားသလိုလိုနဲ့၊ နှလုံးခုန်နှုန်းတွေ အရမ်းမြန်လာသည်။ ကျွန်တော် ဘယ်မိန်းခလေး လက်နဲ့ မထိဘူးလို့လား မသိ။ နဖူးပေါ်မှာတောင် ချွေးစီးတွေတောင်ကျလာတယ်ဗျ။ ကျွန်တော်လည်း ယောကျာ်းလေးဆိုပေမယ့် အနည်းငယ်တော့ ရှက်တတ်တာပေါ့ဗျာ။ ယွန်းက သတိရသွားပြီး လက်ကို ပြန်လွှတ်လိုက်၍ ရှက်ပြီး မျက်နှာလေး နီသွားသည်။
ယွန်း။ ။ ကိုကျော်လွင် အင်တာနက်ဆိုင် လာတတ်တဲ့ အချိန်တွေများ
ယွန်းကို ပြောပြလို့ ရမလားဟင်...
ကျွန်တော်။ ။ ဒါလေးများ ရတာပေါ့၊ ယွန်းရဲ့။ ကိုကျော်လွင်က ညနေပိုင်း အမြဲလာနေကျဆိုတော့၊ မနက်ဖြန် ညနေ ၇နာရီနောက်ပိုင်းလောက် လာရင် ကိုကျော်လွင်နဲ့ တွေ့ကောင်းတွေ့နိုင်တယ်ဗျ..
ယွန်း။ ။ ဟုတ်ကဲ့၊ ဒီလို ပြောပြပေးလို့ အစ်ကိုကို အရမ်းကျေးဇူးတင်ပါတယ်...
ယွန်း ထွက်သွား လေတော့သည်။ ကျွန်တော်ကတော့ ဆိုင်ထဲပြန်ဝင်ပြီး အလုပ်ဆက်လုပ်တာပေါ့ဗျာ။ ဒါပေမယ့် အဲဒီနေ့ညက တစ်ညလုံး တော်တော် ညည့်နက်တာတောင် အိပ်လို့ မပျော်ပြန်ဘူးဗျ။ အရမ်းချောတဲ့ မိန်းခလေး တစ်ယောက်က ကျွန်တော့် လက်ကို ကိုင်လိုက်လို့ပဲ ဖြစ်ရမယ်။ ရယ်တော့ရယ်ရသားဗျ။ ကျွန်တော်ကလည်း ရည်စားတစ်ခါမှ မထားဘူးတော့၊ အထူးအဆန်းဖြစ်နေတာပေါ့ဗျာ။
နောက်နေ့ ကျောင်းပြီးတာနဲ့ ညနေ ၅ နာရီအရောက် အင်တာနက်ဆိုင်ကို သွားနေကျအတိုင်း သွားပါသည်။ ည ၈ နာရီလောက်ရောက်တော့ လူအရမ်းကျနေတာမို့ ကျွန်တော် အလုပ်ရှုပ်နေသည်။ ထိုအချိန်မှာ ကိုကျော်လွင်တစ်ယောက် ဆိုင်ထဲ ၀င်လာတာကို အမှတ်တမဲ့ လှန်းတွေ့လိုက်သည်။ ယွန်းက ကိုကျော်လွင် နောက်မှ ဆိုင်ထဲသို့ လိုက်ဝင်လာပြီး၊ ကိုကျော်လွင် လက်ကို လှမ်းဆွဲလိုက်သည်။ ကိုကျော်လွင် နောက်လှည့်ကြည့်လိုက်တော့ ယွန်းကိုတွေ့သွားသည်နှင့် တရားခံတစ်ယောက် ရဲနဲ့တွေ့သည့် မျက်နှာမျိုး ဖြစ်သွားသည်။ ကိုကျော်လွင်က ယွန်းဟု အံ့အားသွားသည့် လေသံဖြင့် ခေါ်လိုက်သည်။
ယွန်း။ ။ ကိုကျော်လွင် ယွန်းကို ဘာလို့ ရှောင်နေတာလဲ...
ကိုကျော်လွင်က မျက်နှာ ပျက်သွားပြီး။
ကျော်လွင်။ ။ ဒီမှာ ငါရှိတာကို ဘယ်သူပြောလိုက်တာလည်း...
ပြောကာ ကျွန်တော် ပြောပြလိုက်သည်ကို ရိပ်မိသွားဟန်ဖြင့် ကျွန်တော့်ကို မိုက်ကြည့်ကြည့်ကာ ယွန်းလက်ကို အားဖြင့် အတင်းဆွဲပြီး ဆိုင်ထဲကနေ အပြင်ကို ထွက်သွားကြသည်။ ကျွန်တော်လည်း သူတို့ ၂ယောက် ဘာဖြစ်ကြမလဲ သိချင်သည်နှင့်၊ ဆိုင်အပြင်ထွက်ပြီး လိုက်ချောင်းကြည့်မိသည်။ သူတို့က ဆိုင်နဲ့မလှမ်းမကမ်း လေးမှာပဲ ရပ်ပြီး နေသည်။ ကျွန်တော်လည်း ဆိုင်တံခါးကွယ်ရာမှ ကိုကျော်လွင် နဲ့ ယွန်းတို့ ငြင်းခုံနေသည်ကို ချောင်းကြည့်နေမိသည်။ အချိန်က ညနေ ၈နာရီလောက်ဆိုတော့ အနည်းငယ် မှောင်စပြုနေပြီဗျ။ အမှောင်ရိပ်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်နေပုံရသည်။ ကျွန်တော်လည်း သဲသဲကွဲကွဲကြီးတော့ မမြင်ရဘူးဗျ။ ဒါနဲ့ ကျွန်တော်နဲ့ မဆိုင်ပါဘူး အတွေးပေါ်လာသည်နှင့် ဆိုင်ထဲ ပြန်ဝင်လာခဲ့သည်။
အဲဒီနေ့က ည ၁၁ နာရီထိုးသွားတာ တော်တော်မြန်တယ်ဗျ။ ည ၁၁ နာရီထိုးတော့ ဆိုင်သိမ်းပြီး ထုံးစံအတိုင်း အိမ်ကို လမ်းလျှောက်ပြန်ရန် ထွက်လာခဲ့သည်။ အင်တာနက်ဆိုင် အကျော်နားတွင် အမှောင်ထဲမှ မိန်းခလေးတစ်ဦး၏ ရှိုက်ကြီးတငင် ငိုနေတဲ့ အသံကို အမှတ်မထင် ကြားလိုက်မိသည်။ အနီးကပ်ပြီး သေချာ ကြည့်လိုက်တော့ ငိုနေတဲ့ မိန်းခလေးမှာ ယွန်းဖြစ်နေတာကို တွေ့ရသည်နှင့် ကျွန်တော်လည်း အရမ်း အံ့အားသင့်သွားတယ်ဗျ။ ယွန်း ဒီအချိန်ကြီးမှာ တစ်ယောက်ထဲ ဘာလို့ ငိုနေပါလိမ့်ဟု တွေးမိလိုက်တယ်။ ယွန်းက ကျွန်တော်ကိုလည်း မြင်လိုက်ရော မိခင်နဲ့ ကွဲသွားပြီးမှ ပြန်တွေ့တဲ့ ကလေးငယ်တဦးလိုဘဲ၊ ကျွန်တော် ပခုံးပေါ်ကို ငိုချပါတော့တယ်။ ကျွန်တော်လည်း ရုတ်တရက် ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိပါဘူးဗျာ။
ခဏကြာမှ ဒီနားမှာ မသင့်တော်ပါဘူး၊ ကိုတုတ် လက်ဖက်ရည်ဆိုင် သွားကြရင် ကောင်းလိမ့်မည်ဟု စဉ်းစားမိသည်။ ဒါနဲ့ ကျွန်တော်လည်း ယွန်းကိုခေါ်ပြီး ကိုတုတ်ဆိုင်ကို ထွက်လာကြသည်။ ယွန်းက တစ်လမ်းလုံး ကျွန်တော် ပခုံးကို မှီ၍ လိုက်လာခဲ့တယ်။ ယွန်း ကျွန်တော့် လက်မောင်းကိုလည်း အတင်းဆုပ်ကိုင်ထားသဖြင့် ကျွန်တော် အသက်ရှုတောင် မ၀ဘူးဗျ။ ဘယ်မိန်းခလေးနဲ့မှ ဒီလို အချိန်မတော်ကြီး တွဲမသွားဖူးဘူး။ ကျွန်တော် စိတ်ထဲမှာလည်း အတွေးပေါင်းစုံနဲ့ ရှုတ်ရှပ်ခတ် နေတာပါပဲဗျာ။ ဒီလိုနဲ့ ကိုတုတ်ဆိုင် ရောက်တော့ ယွန်းအတွက် ကျွန်တော် အအေးတစ်လုံးမှာပေးပြီး၊ ကျွန်တော်လည်း ရင်တွေပူလောင်နေတာမို့ အအေးတစ်လုံးမှာလိုက်သည်။
ကိုတုတ်ကတော့ ကျွန်တော့်ကိုတွေ့ပေမယ့် ဘေးနားမှာ တခြားမိန်းခလေး တစ်ယောက်ပါနေသဖြင့် လာ၍ မနှုတ်ဆက်ပေ။ အဝေးကနေပဲ အကဲခတ်နေလေရဲ့။ ကျွန်တော် လက်ပတ်နာရီကို တစ်ချက် ကြည့်လိုက်သည်။ ၁၁နာရီတောင် ခွဲသွားပြီးဗျ။ ယွန်းကတော့ အငိုမပြတ်သေးပါ၊ ယွန်းငိုနေသည့် အကြောင်းအရင်းကို ကျွန်တော်လည်း မသိပေ။ အနည်းငယ်ကြာတော့ ယွန်း အငိုအနည်းငယ် တိတ်သွားသည်။
ကျွန်တော်။ ။ ယွန်းအအေးလေး သောက်လိုက်ပါအုန်း၊ အရမ်းငိုထားသော
ပင်ပန်းနေမှာပေါ့...
ယွန်းက ခေါင်းသာညိတ်ပြသည်။
ကျွန်တော်။ ။ ခုည အရမ်းမိုးချုပ်နေပြီဆိုတော့ ယွန်းတစ်ယောက်ထဲ ပြန်ဖို့က မသင့်တော်ဘူးဗျ။ ကျွန်တော်ပဲ ယွန်းအိမ်ကို ပြန်ပို့ပေးပါမယ်...
ယွန်းက ဘာမှပြန်မဖြေပဲ ကျွန်တော်ကို တချက်မော့ကြည့်လိုက်သည်။
ယွန်း။ ။ ယွန်းကို ခိုးပြေးပါလား...
ကျွန်တော် ယွန်းစကားကြားလိုက်တာနဲ့ ဖျော်ရည်သောက်နေရင်း သီးတောင် သီးသွားသည်။ ကျွန်တော် တချက်ရယ်လိုက်ပြီး ငါနားကြားမှားတာပဲ နေမှာပါ တွေးမိသည်။ ဒါကြောင့် ကျွန်တော် သေချာအောင်ထပ်မေးလိုက်သည်။
ကျွန်တော်။ ။ ယွန်း၊ ကျွန်တော့်ကို ဘာပြောလိုက်တာလဲ မသိဘူး...
ယွန်း။ ။ အစ်ကို၊ ယွန်းကို ခိုးပြေးပါလား...
ဒီတစ်ခါတော့ ကျွန်တော် သဲသဲကွဲကွဲကို ကြားလိုက်ရသည်။ ယွန်း ကျွန်တော်ကို ခိုးပြေးခိုင်းနေသည်။ ကျွန်တော့်ကိုယ် ကျွန်တော်တောင် မယုံနိုင်အောင်ဖြစ်သွားတယ်ဗျ။ ငါအိမ်မက်မက်နေတာပဲ ဖြစ်ရမယ်။ ကျွန်တော်ပါးကို အားရပါးရ ရိုက်လိုက်သည်။ ပါးတော်တော်နာသွားသည်။ ဒါဆို ဒါအိပ်မက် မဟုတ်ရင်၊ ကျွန်တော် ခုဘာဆက်လုပ်ရမလဲ။ ယွန်း နံမည်ကလွဲလို့ ယွန်းအကြောင်း ကျွန်တော် ဘာမှ မသိသလို၊ ယွန်းလည်း ကျွန်တော် အကြောင်းဘာမှ မသိပေ။ ဘာမှ မသိတဲ့ လူနှစ်ယောက် ဒီလိုပဲ ယူလို့ ဖြစ်ပါ့မလားဟု တွေးမိသည်။ ပြီးတော့ ကျွန်တော်ကလည်း ခုထိ ကျောင်းပြီးသေးတာ မဟုတ်ဘူး။ ကျွန်တော့် အဖေသာ သိရင် ကျွန်တော့်ကို သတ်မှာဗျ။ ဒီလို အတွေးတွေနဲ့ ရှုတ်ရှပ်ခတ်နေတာနဲ့ ည ၁၂နာရီထိုးသွားတာကို ကျွန်တော် သတိမထား လိုက်မိဘူး။ နာရီကြည့်မိမှ ည ၁၂နာရီတောင် ထိုးနေပြီ။ ဒီအတိုင်းဆိုရင်တော့ ငါ ယွန်းကို ခိုးပြေးရတော့မှာ၊ ဒုက္ခပါပဲ။ ခုချိန် ယွန်းကို သူ့အိမ်ကို ပြန်ပို့ပေးလိုက်တာ အကောင်းဆုံးပဲလို့ စဉ်းစားမိတာနဲ့။
ကျွန်တော်။ ။ ဒါလိုရှိတယ် ယွန်းရဲ့။ ယွန်းကို မခိုးပြေးချင် လို့ ပြောတာ မဟုတ်ဘူးနော်။ ယွန်းအကြောင်းလည်း ကျွန်တော် ဘာမှမသိသလို၊ ကျွန်တော့် အကြောင်းလည်း ယွန်းဘာဆိုဘာမှ သိတာ မဟုတ်ဘူး။ ဒီတော့ ယွန်းကို ခိုးပြေးဖို့ ဆိုတာ မဖြစ်နိုင်ဘူးထင်တယ်...
ကျွန်တော်။ ။ ဒါကြောင့် ခုကျွန်တော် ယွန်းအိမ်ကို ပြန်လိုက်ပို့ပေးမယ်ဗျာ။ ယွန်းအိမ်ရောက်ရင်လည်း ကျွန်တော် သေချာ ရှင်းပြပေးပါ့မယ်...
ကျွန်တော် ယွန်းကို ပြတ်ပြတ်သားသား ငြင်းပစ်လိုက်သည်။ မိန်းခလေးကပဲ ယောကျာ်းလေးတွေကို ငြင်းကြပေမယ့်၊ ကျွန်တော်ကျမှပဲ ယွန်းလို မိန်းမလှလေး တစ်ယောက်ရဲ့ ခိုးပြေးဖို့ တောင်းဆိုခံရတာကို၊ ငြင်းရတာ လူကြားလို့တော့ မကောင်းဘူးပေါ့ဗျာ။ ဒါကြောင့် ကျွန်တော် အဖေက ကျွန်တော်ကို အမြဲ တလွဲလုပ်တယ်လို့ ပြောတာပဲ ဖြစ်မယ်။ ယွန်းကို ကျွန်တော် လှန်းကြည့်လိုက်တော့ ယွန်းမျက်ရည်တွေ ကျလာသည်။
ယွန်း။ ။ အစ်ကို၊ ယွန်းကို ခိုးမပြေးရင်တော့ ယွန်းကိုယ် ယွန်းပဲ
သတ်သေလိုက်တော့မယ်...
ပြောပြီးတာနဲ့ ယွန်း စားပွဲတင်ပေါ်က ခရင်းကို ဆွဲကိုင်ပြီး လည်ပင်းကို ထိုးမည် လုပ်သည်။ ကျွန်တော် လက်လျင်ပေလို့ပေါ့ဗျ၊ အမြန် ယွန်းလက်ကို လှန်းဆွဲပြီး ယွန်းလက်ထဲမှ ခရင်းကို လွှတ်ပစ်လိုက်သည်။
ကျွန်တော် ။ ။ ယွန်း ဒါဘာလုပ်တာလဲ...
ယွန်း ။ ။ ယွန်းသေချင်တယ်...
ယွန်း ရှိုက်ကြီးတငင် ငိုချတော့သည်။ ယွန်း သတ်သေမှာကိုတော့ ကျွန်တော် ဘယ်လိုမှ မကြည့်ရက်ပေ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ်ကွာ ပြောလိုက်သည်။
ကျွန်တော်။ ။ ယွန်း သတ်တော့ မသေပါနဲ့။ ကျွန်တော် ယွန်းခိုးပြေးမယ်ဗျာ...
ယွန်း။ ။ အစ်ကို တကယ်ပြောတာလားဟင်...
ကျွန်တော်ကိုယ် ကျွန်တော်တောင် ခိုးပြေးမယ်လို့ ပါးစပ်က ဘယ်လို ထွက်သွားမှန်းမသိပေ။ ကျွန်တော် ဒီလိုဘာလို့ ကတိပေးလိုက်မိသလဲလို့ စိတ်ထဲမှာ နောင်တရမိပြန်ရော။ ကျွန်တော်နဲ့နော် ဘာလို့ ဒီလို စကားကို လွယ်လွယ်ပြောလိုက်ပါလိမ့် တွေးမိသည်။ ကိုယ်မသိတဲ့ ကောင်မလေးကို ခိုးပြေးရတော့မှာလား။ ဒုက္ခပါပဲ ဘာတွေ လျှောက်လုပ်နေမိပါလိမ့်။ သူက ယောကျာ်းရှိနေမှဖြင့် အလကားနေရင်း မယားခိုးမှုနဲ့ ထောင်က ကျအုန်းမယ်။ ကျွန်တော် အတွေးပေါင်းစုံ တွေးရင်း ခေါင်းထဲ ချာချာလည်နေပါပြီ။ ကျွန်တော် မှန်သလား၊ မှားသလားတော့ ကျွန်တော် ဝေခွဲ မရတော့ပေ။ ယောကျာ်းကတိဆိုတာ တည်ကောင်းပါတယ်၊ ပြောပြီးသော စကား ပြန်ဝင်ရိုးထုံးစံ မရှိဆိုသလိုပေါ့ဗျာ။ မထူးဇာတ်ပဲခင်းလိုက်တော့မယ်၊ ရောက်ချင်ရာရောက် ရေစီးချောင်းအတိုင်းပဲ လိုက်သွားမယ်ဗျာ စိတ်ဆုံးဖြတ်ချလိုက်သည်။ ဒါပေမယ့် ကိုကျော်လွင် နဲ့ ယွန်းတို့ ဇာတ်လမ်းကို ခုထိ သိချင်တဲ့ စိတ်ကရှိသေးသည်နှင့်။
ကျွန်တော်။ ။ ဒါနဲ့၊ ယွန်း နဲ့ ကိုကျော်လွင်က ဘယ်လိုပတ်သက်ကြတာလဲဗျ...
ယွန်း။ ။ လွန်ခဲ့တဲ့ ၅နှစ်လောက်က ကိုကျော်လွင်နဲ့ ယွန်းနဲ့က ချစ်ကြိုက်ခဲ့ပါတယ်။ ဒါပေမယ့် ယွန်းမိဘတွေက ကောင်လေးဘက်က ပိုက်ဆံမရှိလို့ အဆင့်အတန်းခွဲပြီး သဘောမတူခဲ့တာမို့၊ ယွန်းတို့ လမ်းခွဲခဲ့ကြပါတယ် အစ်ကို။ ပြီးခဲ့တဲ့ ၆လလောက်ကမှ ကိုကျော်လွင် နိုင်ငံခြားက ပြန်လာပြီး သူစီးပွားရေး လုပ်တာ အောင်မြင်တဲ့အကြောင်း ယွန်းကြားမိပါတယ်။ ပြီးတော့ ဆိုင်းမဆင့် ဗုံမဆင့်ပဲ ကိုကျော်လွင်က ယွန်းမိဘတွေဆီမှာ ယွန်းကို လက်ထပ်ယူချင်ပါတယ်လို့ ခွင့်လာတောင်းပါတယ်။ ယွန်းမိဘတွေက သဘောတူလိုက်ပြီး ခုမင်္ဂလာဖိတ်စာ တွေတောင် ဝေပြီးသွားမှ ကိုကျော်လွင်က ယွန်းကို လုံးဝမဆက်သွယ်တော့ပါဘူး... ဟု ယွန်းက ငိုသံလေးနဲ့ ပြောပါသည်။ ဒါကို ယွန်းမိဘတွေ သိသွားလို့ ရှိရင် ယွန်းကို သတ်ကြမှာ။ ဒါကြောင့် ယွန်းမိဘတွေ မရိပ်မိခင် သူရှိမယ့် နေရာကို ယွန်းလိုက်ရှာခဲ့တာပါ။
ကျွန်တော်။ ။ ဒီနေ့တွေ့တော့ ယွန်းကို သူဘာပြောလဲ...
ယွန်း။ ။ သူက ယွန်း မိဘတွေက သူမှာ ပိုက်ဆံမရှိလို့ နှိမ်ခဲ့ကြလို့၊ ယွန်းမိဘတွေကို
ပြန်ကလဲ့စားချေတာ ပါတဲ့လေ။ သူ ယွန်းကို ဘယ်လောက်ပဲ ချစ်ချစ်
လက်ထပ်မယူနိုင်ပါဘူးတဲ့။ ဒါကြောင့် ယွန်း အခု အိမ်လည်း
မပြန်ရဲတော့ပါဘူး အစ်ကိုရယ်။ အိမ်ကသာသိရင် ယွန်းကို သူတို့
အရှက်ကိုခွဲတယ်ဆိုပြီး သတ်ကြမှာ။ ယွန်းလည်း ဘ၀ပျက်မှာ။ ဒါကြောင့်
ယွန်းကို အစ်ကို ခိုးပြေးပါနော်...
ကျွန်တော်လေ ယွန်းအဖြစ်ကိုကြားပြီး ယွန်းကို သနားလိုက်တာဗျာ။ ကိုကျော်လွင်ဆိုတဲ့လူ နှမချင်း မစာနာဘူးဗျာ။ ယွန်းအစား မခံမရပ်နိုင်လွန်းလို့ပါ။ ဒါပေမယ့် ကျွန်တော် ကိုယ်လည်း ကျွန်တော် သနားမိတယ်။ ဘာမှ မသိပဲ အလယ်က ခံလိုက်ရတာဗျ။ ဒါကျွန်တော် သူများမက်ဆေ့ကို ခိုးဖတ်မိလို့ ဒဏ်ခံရတာပဲလို့ အောက်မေ့ပါတယ်ဗျာ။ နာရီလှန်းကြည့်လိုက်တော့ ၁နာရီတောင် ထိုးနေသည်။ ည ၁နာရီ ထိုးနေပြီဆိုတော့ ငါ ယွန်းကို တကယ် ခိုးပြေးရတော့ မှာပါလား။ ကိုတုတ်က ၁၂နာရီဆို ဆိုင်ပိတ်နေကြ၊ ကျွန်တော်တို့ အခြေအနေကို ရိပ်မိလို့ မပိတ်ပဲ ထားထားပုံရသည်။ ဒါနဲ့ ကိုတုတ်ကို သွားတိုင်ပင်ရင် ကောင်းမည်လို့ အတွေးဝင်လာတာနဲ့၊ ယွန်းကို ခဏနေခဲ့ဖို့ ပြောပြီး၊ ကိုတုတ်ရှိရာဆီကို ကျွန်တော် ထွက်လာသည်။ ကိုတုတ်က ထုံးစံအတိုင်း ပြုံးစိစိ မျက်နှာဘေးဖြင့် ကျွန်တော်ကို ကြည့်နေသည်။
ကိုတုတ်။ ။ မင်းသူ... မင်းသူ... မင်းဘာတွေ တလွဲလုပ်လာပြန်ပြီလည်းကွ...
ကျွန်တော်။ ။ ဒီတစ်ခါက တလွဲလုပ်တာထက်ပိုဆိုးတယ် ကိုတုတ်ရ။ ကျွန်တော်တော့ လူပျိုဘ၀ ပျက်ပြီ ထင်ပါတယ် ကိုတုတ်ရာ...
ကျွန်တော် စိတ်ပျက်စွာပြောလိုက်သည်။
ကိုတုတ်။ ။ ဘာ... မင်း မိန်းမရတော့မယ်ပေါ့။ ပျော်စရာကြီးကွာ။ ငါတော့
စားရချည်းသေးရဲ့...
ကျွန်တော်။ ။ ကိုတုတ်ကလည်း အရေးထဲဗျာ။ ကျွန်တော်က ကိုယ့်ရည်စားနဲ့ ယူရရင်
ပျော်တာပေါ့ဗျ။ ခုဟာက ကျွန်တော်လည်း ဘာမှ မသိတဲ့ ကောင်မလေးနဲ့
ယူရမှာဆိုတော့ တမျိုးကြီးပဲဗျ...
ကိုတုတ်။ ။ မင်းကိစ္စက ဘာတွေလဲကွ။ ငါတောင် နားမလည်တော့ဘူး။ ရှင်းပြပါအုန်း..
ဒါနဲ့ ကျွန်တော်နဲ့ ယွန်းရဲ့ အကြောင်းတွေကို ကိုတုတ်ကို အားလုံးရှင်းပြလိုက်သည်။ ကျွန်တော်ရှင်းပြပြီးရော၊ ကိုတုတ်က ကျွန်တော့်ပခုံးကို ပုတ်ပြီး၊ မင်းသူ၊ မင်းဟာက သိန်းထီပေါက်တာကွ။ သိန်းထီတောင် ရိုးရိုးထီ မဟုတ်ဘူး။ သိန်း ၁၀၀၀ ဆုကြီးကွ။ အရမ်းချောတဲ့ ကောင်မလေးက မင်းကို ခိုးပြေးခိုင်းတာ ပြောကာ အားရပါးရရယ် ပါတော့သည်။ ဟုတ်တော့ ဟုတ်တယ်ဗျ။ ယွန်းက အလွန်ချောတဲ့ မိန်းခလေးဖြစ်ပြီး၊ ကျွန်တော်ကတော့ သာမန် ယောကျာ်းလေးမျှပင်။ ကျွန်တော် ယွန်းကြားသွားမှာ စိုး၍၊ ကိုတုတ်ကလည်း တိုးတိုးပြောပါဗျာ။ တော်ကြာ ယွန်းကြား သွားပါအုန်းမယ်။ ကျွန်တော် ဘာဆက်လုပ် ရမလဲဆိုတာပဲ အကြံပေးပါအုံးဗျာ။
ကိုတုတ်။ ။ မင်းကရော သူ့ကို ကြိုက်သလား...
ကျွန်တော်။ ။ ကျွန်တော်နဲ့ ယွန်းနဲ့ တွေ့ဖူးတာမှ ၃ခါလောက်ပဲ ရှိသေးတာ။ ကြိုက်တယ်၊
မကြိုက်ဘူးလို့တော့ ဘယ်ပြောလို့ ရပါမလဲ။ ယွန်းကို ကျွန်တော်
သနားတာတော့ အမှန်ပဲ။ ကျွန်တော်သာ ခိုးမပြေးရင် ယွန်းဘ၀ ပျက်စီးပြီး
အဖတ်ဆယ်လို့ ရတော့မှာ မဟုတ်ဘူးဗျ...
ကိုတုတ်။ ။ ဒါဆို မင်းက ကောင်မလေးကို ခိုးပြေးမယ်ပေါ့...
ကျွန်တော်။ ။ အဲဒီလိုလည်း မဟုတ်သေးဘူးဗျ၊ ကျွန်တော်နဲ့ မသိတဲ့ ကောင်မလေး
တစ်ယောက်ကို ခိုးပြေးရမယ် ဆိုတာ မလွယ်တဲ့ ကိစ္စပဲဗျ...
ကိုတုတ်။ ။ မင်းသူ အခွင့် အရေးဆိုတာ တစ်ခါပဲရတာ နှစ်ခါမရဘူးကွ။ ငါသာ
မင်းနေရာမှာ ဆိုရင် ခိုးပြေးပြီးသားပဲကွ...
ကျွန်တော်။ ။ ဒါဆို အတော်ပဲ။ ကိုတုတ်ပဲ ယွန်းကို ခိုးပြေးပါ့လား...
ကိုတုတ်။ ။ ဟာ မလုပ်ပါနဲ့ကွာ မင်းသူရာ။ မင်းကိစ္စ မင်းပဲရှင်းပါ။ င့ါကို လာတိုင်မပတ်ပါနဲ့...
ကျွန်တော်။ ။ နောက်တာပါ ကိုတုတ်ရာ၊ လူပျိုကြီး Heart ထိသွားပြီထင်တယ်...
ကိုတုတ်။ ။ ကောင်မလေး ကြည့်ရတာလည်း မိကောင်းဖခင် သားသမီးထဲကပါပဲ။
ဒါကြောင့် မင်းဘာမှ တွေးဝေမနေနဲ့ ခိုးသာပြေးပေတော့...
ကျွန်တော်လည်း ကိုတုတ် စကားကြားတော့ အားတော့ နည်းနည်းရှိသွားတယ်ဗျ။ ဒါနဲ့ ကျွန်တော် နဲ့ ယွန်း ဘယ်နေရာကို ခိုးပြေးရင်ကောင်းမလဲ၊ ဘာတွေ ဆက်လုပ်ရင် ကောင်းမလဲ ဆွေးနွေးဖို့ ယွန်းနားကို ပြန်လာလိုက်သည်။ ယွန်းကတော့ မျက်လွှာလေးချပြီး ငိုင်နေသည်။ ကျွန်တော် အနားရောက်လာတော့ ယွန်း ကျွန်တော်ကို မော့ကြည့်လိုက်သည်။ ယွန်းမျက်နှာမှာ ငြိုးနွမ်းနေသည်။ ကျွန်တော်က ယွန်းနဲ့ ကျွန်တော် ခိုးပြေးမယ့် ကိစ္စတိုင်ပင် ကြရအောင် ပြောလိုက်မှ၊ ယွန်းမျက်နှာလေး ပြုံးသွားတော့သည်။ ယွန်းပြုံးလိုက်ရင် ပါးချိုင့်လေးနဲ့ဆိုတော့ အရမ်းလှတယ်ဗျ။
ကျွန်တော်။ ။ ခုကျွန်တော်တို့ ခိုးပြေးတာတော့ ဟုတ်ပါပြီး၊ ကျွန်တော်မှာ ခိုးပြေးဖို့
ပိုက်ဆံကလည်း ၅၀၀၀ လောက်ပဲပါတာဗျ...
ယွန်း။ ။ ယွန်းမှာ ၄သိန်းလောက်ပါပါတယ်၊ ဒီပိုက်ဆံတွေက
ယွန်း မင်္ဂလာကိစ္စအတွက် ယွန်းအမေပေးလိုက်တာပါ...
ကျွန်တော်။ ။ ဒါဆို ဟုတ်ပြီ။ ကျွန်တော်တို့ ဘယ်သွားကြရင်ကောင်းမလဲ...
ယွန်း။ ။ ယွန်းက ချောင်းသာ အရမ်းသွားချင်တာ။ ခုပါလာတဲ့ ပိုက်ဆံနဲ့ ဆိုရင်
သွားလို့ရလောက်တယ်...
ကျွန်တော်။ ။ ကျွန်တော်လည်း ချောင်းသာကို တစ်ခါမှ မရောက်ဖူးဘူးဗျ၊ ဒါဆို ချောင်းသာ
သွားမယ်လို့ပဲ ဆုံးဖြတ်ကြတာပေါ့ဗျာ...
ယွန်းက ပြုံးပြီး ခေါင်းညိတ်ပြသည်။ ဒါနဲ့ ကျွန်တို့ ၂ ယောက် ချောင်းသာသွားဖို့ ဆုံးဖြတ်ပြီးပြီးမို့ ကိုတုတ်ကို လှန်းခေါ်လိုက်သည်။ ကိုတုတ်ကလည်း အခြေအနေကောင်းဟန်ရှိသည်နှင့်၊ ၀မ်းသာအားရဖြင့် ကျွန်တော်တို့အနား ပြေးလာသည်။ ချောင်းသာ အစီအစဉ်ကို ကိုတုတ်ကို ပြောလိုက်သည်။
ကိုတုတ်။ ။ အေး မင်းတို့ အစီအစဉ်ကောင်းတယ်ကွ။ ခု ၂နာရီ ခွဲသွားပြီဆိုတော့...
၃နာရီခွဲကားနဲ့ ပုသိမ်ကို လိုက်သွားကြ။ ပြီးမှ ပုသိမ်က တဆင့် ချောင်းသာကို
ချောင်းသားကားနဲ့ ပြန်လိုက်သွားလိုက်။ တပတ်လောက်နေပြီးမှ
ပြန်လာခဲ့ကြနော်..
ပြီးတာနဲ့ ကိုတုတ်က သူ့လက်ဖက်ရည်ဆိုင်ကို သိမ်းပြီး ယွန်းနဲ့ ကျွန်တော့်ကို ပုသိမ် အဝေးပြေးကားဂိတ်သို့ လိုက်ပို့ပေးသည်။ ကျွန်တော်လည်း အဖေ့အတွက် စာတစ်စောင် ခပ်မြန်မြန်ရေးပြီး၊ ကိုတုတ်ကိုဘဲ အဖေ့ဆီ ပေးခိုင်းခဲ့တယ်။ အဖေ ကျွန်တော်ရေးတဲ့စာကို ရပြီး ကျွန်တော်ကို ခွင့်လွှတ်ပါစေလို့ ကျွန်တော် မျှော်လင့်နေမိသသည်။ ယွန်းနှင့် ကျွန်တော် ပုသိမ် ကားပေါ်တက်သွားသည်အထိ ကိုတုတ်က စောင့်ပေးနေသည်။ ကားပေါ်ရောက်တော့
ယွန်း။ ။ အစ်ကို၊ ယွန်းကို ကယ်လိုက်တာပါ။ ယွန်း ဒီကျေးဇူးကို ဘယ်တော့မှ
မမေ့ပါဘူး...
ယွန်း မျက်ရည်များ စီးကျလာသည်။ ကျွန်တော်လည်း ယွန်းမျက်ရည်များကို သုတ်ပေးလိုက်သည်။ ရန်ကုန်မှ ကားစထွက်ပြီး မကြာခင် ယွန်း ကျွန်တော့် ပခုံးပေါ်တွင်မှီပြီး အိပ်ပျော်သွားလေသည်။ ကျွန်တော်ကတော့ အိမ်မောကျနေသော ယွန်းကို ကြည့်ပြီး အတွေးများစွာ တွေးမိနေသည်။ ကျွန်တော် မသိတဲ့ ကောင်မလေး တစ်ယောက်နဲ့ ဒီလို ခိုးပြေးမိတာ မှန်ရော မှန်ရဲ့လား။ ကျွန်တော်ဘာတွေ လုပ်ခဲ့မိပါလိမ့်။ ဒါပေမယ့် ခုချိန်မှာ ဒါတွေက အရေးမကြီးတော့ပါဘူး။ နောက်ဆက်လုပ်သင့်သည်ကို စဉ်းစားတော့သည်။ ရန်ကုန်မြို့ကို ကျော်လာသည်နှင့် တဖြည်းဖြည်း ကျွန်တော့် မျက်ခွံတွေလည်း လေးလာသည်။ ပုသိမ် ကားဖြင့် စီးနှင်းလိုက်ပါသွားရင်း ကျွန်တော်လည်း အိပ်ပျော်သွား လေတော့သည်။
ပြီးပါပြီး...
i really like this story but still wanna read more lol that is she good girl or not hee ;)
ReplyDeleteHi Wutyee . . . It can happen any where like this story in our daily life . . . but if I were Min Thu . . . I wont take that kind of Risk . . . if I were that Girl . . . I wont ask other man to get marry me . . . I will face everything . . . but . . . How Amazing! . . . One of my friends met like that kind of man, Ko Kyaw Lwin, then she fell in love with him and she against her family and got married with him. That is a True Story. Anyway . . . it is a good story. Carry on . . .
ReplyDeletewith best regards, Minzary
This comment has been removed by a blog administrator.
ReplyDelete၀တ္တုကို နိဂုံးချုပ်လိုက်လို့ ပြောနေကြတဲ့သူများ နေပြီး အပိုင်း၂ ဆက်ရေးမှ ထင်တယ်... :)
ReplyDeleteရေးပါအုံး read ချင်တယ် ဆောက်နေမယ်နော်
ReplyDeleteYee yay,I wanna continue to read what happened their life?
ReplyDeletehaaa!!! ;)
ReplyDeleteဇာတ်လမ်းလေးက ကောင်းပါတယ် အစကနေ စဖတ်လိုက်တာ အဆုံးထိကို ခေါ်သွားတယ် ။ မိန်းကလေးတွေကတော့ စိတ်ကူ:ရင်တက်တော့ မပြောတတ်ဘူးဒါပေမယ့် ယောက်ကျားကောင်းဆိုတာ ကူညီကြမှာပါ။ အဲလိုပုံစံတော့ ကူညီမှာ မဟုတ်ဘူးဗျ။
ReplyDeleteWayneေူရ လာအားပေးသွားပြီး ဝေဖန်ပေးလို့ ကျေးဇူးပါ... ယော်ကျားလေး သဘာဝကလည်း အခွင့်အရေးရရင် လက်မလွှတ်ချင်တဲ့ သဘောက ရှိကြတာကိုး...:)
ReplyDelete