Friday, June 18, 2010

ယာကူဇာ ချစ်သူ အခန်း-၁ အိမိ

အခန်း-၁ အိမိ

ကျွန်မတို့ သူငယ်ချင်းတစ်စု နာဂါယာမီ ကျောင်းဝတွင် ရပ်လျှက် လက်ကမ်း စာစောင်များကို ကျောင်းသူများကို လိုက်ဝေပေးနေသည်။ ဂျပန် မြောက်ပိုင်း နာဂါယာမီ အထက်တန်းကျောင်းက မိန်းခလေး သီသန့်ကျောင်းဖြစ်သည်။ စာစောင်များသည် တခြားတော့ မဟုတ်ပေ။ ယာကူဇာဂိုဏ်းဝင်ရန် လှုံဆော်စာများသာ ဖြစ်သည်။ ကျွန်မတို့ မိန်းမဆိုးလေး အဖွဲ့ခေါင်းဆောင် ယူမီကို၏ အမိန့်ဖြင့် ဝေပေးနေခြင်းဖြစ်သည်။ ယူမီကိုသည် ယာကူဇာဂိုဏ်းဝင် ဖြစ်ချင်သူ ဖြစ်သည့်အလျှောက် သူနှင့်အတူ ယာကူဇာဂိုဏ်းဝင်ရန် ဖိတ်ခေါ်နေခြင်းဖြစ်သည်။
ကျွန်မနှင့် မျက်နှာချင်းဆိုင်မှာတော့ ဆာရှီမီ ရပ်လျှက် စာစောင်တွေလိုက်ဝေနေသည်။ ဆာရှီမီ ဆိုတာ သူမ နာမည်အရင်းတော့ မဟုတ်ပေ။ သူမ မိဘတွေက ဆာရှီမီဆိုင် ဖွင့်ထားတာမို့ နောက်ပြောင်ပြီး ဆာရှီမီလို့ ကျွန်မတို့ သူငယ်ချင်းတွေက ခေါ်ကြသည်။ ဆာရှီမီက ဆံပင်တိုကို နီညှိရောင်ဆိုးထားပြီး၊ အရပ်ကလည်းရှည်၊ ကိုယ်လုံးကိုယ်ပေါက်ကလဲ ခပ်မိုက်မိုက်ဖြစ်သည်။ သူဘာသာသူ အရမ်းလှသည် ထင်သူဖြစ်သည့်အလျှောက် ရည်စားတွေကလည်း ခြေချင်းထပ်နေသည်။
သူမဘေးတွင် ရပ်နေသော  ဆူရှီကတော့ ငယ်စဉ်ကတည်းက အစားပုပ်တာမို့ သူမကို အားလုံးကပင် ဆူရှီဟု လှောင်ပြောင်ခေါ်ခြင်းဖြစ်သည်။ ဆူရှီက ဝဝတုတ်တုတ်၊ ဒေါင်ကောင်းကောင်း ဆိုတော့ သူမအားဖြင့် လူတကာကို အနိုင်ကျင့်ချင်သူ ဖြစ်သည်။ ကျွန်မကတော့ သူငယ်ချင်းတွေ ထဲမှာ အညက်ဆုံး၊ အသေးဆုံး ဖြစ်၍ ဆာရှီမီ နှင့် ဆူရှီတို့က တစ်ခါတစ်လေ ကျွန်မကို ဗိုလ်ကျချင်သေးသည်။ ဒါတောင် ယူမီကိုက ကျွန်မဘက်မှ အမြဲရပ်တည်ပေးလို့သာ ခံသာနေသည်။

ဆာရှီမီ ။    ။ ဟိုချာတိတ်မ ငါရိုက်လိုက်ရလို့၊ စာစောင်ပေးနေတာ ရော့ယူ…
    ဆာရှီမီက လက်သန်ပြောင်တာမို့ ကျောင်းသူအများစုက သူမကို ကြောက်ပြီး ယူသွားကြသည်။

ဆူရှီ ။        ။ ငါပေးတာ မယူတဲ့သူ ငါရန်သူပဲ။ အားလုံးကို နံမည်နဲ့ မှတ်ထားမှာနော်…
    ဆူရှီကတော့ သူကိုယ်လုံး အားကိုးနဲ့ အနိုင်ကျင့်သူဖြစ်တာကြောင့် သူကိုလည်း ရှိန်ပြီး စာစောင်တွေ ယူသွားကြသည်။

ကျွန်မ ။    ။ စာစောင်လေးတွေ ယူသွားကြပါအုန်းနော်…
    ကျွန်မလို ချိုချိုသာသာ ပြောတတ်သူကျတော့ ဘယ်သူမှ ဂရုတောင် မစိုက်ကြပေ။ လောကကြီးက မတရားဘူး။

ဆာရှီမီ ။    ။ ငါတော့ စာစောင်တွေ အားလုံး ဝေလို့ ကုန်သွားပြီ…
ဆူရှီ ။        ။ ငါလည်း နည်းနည်းပဲ ကျန်တော့တယ်…

    ကျွန်မမှာတော့ ဝေဖို့ စာစောင်တွေ အများကြီး ကျန်နေသေးသည်။
ကျွန်မ ။    ။ ဆာရှီမီ၊ ငါ့ကို နည်းနည်း ကူဝေပေးပါလား…
ဆာရှီမီ ။    ။ ငါဝေစု ငါဝေပြီးလို့ တာဝန်ကျေပြီ။ နင့်ကို စာစောင်ဝေခိုင်းတာကို အရုပ်လို မတ်တပ်ရပ်ခိုင်းထားတယ် ထင်နေလားမှ မသိတာ။ ယူမီကို လာရင် နင့်ကိစ္စနင်ရှင်း…

    ဆာရှီမီ စိတ်ပုပ်မကြီး၊ စာစောင်လေ ကူဝေပေးတော့ ဘာဖြစ်သွားမှာမို့လဲ။ ကျွန်မ တစ်ဖန် ဆူရှီနားသို့ ကပ်ပြီး၊

ကျွန်မ ။    ။ ဆူရှီရယ် ငါ့ကို ကူဝေပေးပါနော်…
ဆူရှီ ။        ။ နင်ထမင်းဘူး ငါ့ကိုကျွေးရင် ကူဝေပေးမယ်လေ…

    အစားပုပ် ဆူရှီ ဒါလေး ကူညီပေးရမှာကို၊ မကူညီပေးချင်လည်း နေကြပေါ့။ ကျွန်မနည်း ကျွန်မဟန်နဲ့ ဝေပြမယ်၊ ကြည့်နေကြဟု စိတ်ထဲမှ ကြိမ်းမောင်းလိုက်သည်။

ကျွန်မ ။    ။ အိမ်သာသုံးစက္ကူတွေ ဝေနေတယ်နော်။ နောက်ကျတဲ့သူ မရလိုက်ပဲ နေမယ်…

    ထိုသို့ ကျွန်မအော်ဝေလိုက်တာ ၅မိနစ်တောင် မကြာပေ၊ ယာကူဇာဂိုဏ်း လှုံဆော်စာတွေ အားလုံး ပြိုက်ခနဲ ကုန်သွားသည်။ ဆာရှီမီနဲ့ ဆူရှီက ကျွန်မကို ပါးစပ်ဟောင်းလောင်းဖြင့် ပြူးကြည့်နေကြသည်။

ဆာရှီမီ ။    ။ အိမိ၊ နင်တော်တော်ဥာဏ်များတာပဲ…
ဆူရှီ ။        ။ ဟုတ်ပ၊ ငါတောင် ဒီလို ညစ်တီးညစ်ပတ်တွေ မစဉ်းစားတတ်ဘူး…
ကျွန်မ ။    ။ ဘာပဲဖြစ်ဖြစ် ယူမီကို မလာခင် ဝေလို့ ပြီးဖို့က အရေးကြီးဆုံးပဲလေ…

    ကျွန်မတို့ စကားပြောနေစဉ် မှန်အနက်ရောင် ပတ်လည်ကာထားသော နောက်ဆုံးပေါ် တိုယိုတာ ကားတစ်စီး ကျွန်မတို့ကျောင်းဝရှေ့သို့် ထိုးရပ်လိုက်သည်။ ကားရှေ့ခန်းမှ ဘော်ဒီကဒ် တစ်ဦး ပြေးဆင်းလာပြီး နောက်ခန်းတံခါး လာဖွင့်ပေးသည်။ ကားပေါ်မှ အကျော့သား ဆင်းလာသူမှာ ကျွန်မ မိန်းမဆိုးအဖွဲ့ ခေါင်းဆောင် ယူမီကို ဖြစ်သည်။ ယူမီကိုသည် ကားပေါ်မှ ဆင်းဆင်းချင်းပင် ခါးလောက် ရှိသည့် သူမဆံပင်ကို ခါးယမ်းလိုက်သည်။ ယူမီကို ဖခင်သည် ဂျပန်တွင် ခေါင်းပုံဖြတ်ဆုံး နှင့် အောင်မြင်ဆုံး စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်သည်။ ယူမီကို ရုပ်ကလည်း မော်ဒယ်တဦးလို ဆွဲဆောင်မှုရှိသည့်အပြင် သူမကိုယ်လုံး ကိုယ်ပေါက်ကလည်း ယောကျာ်းလေးတွေ အရည်ပျော်သွားမယ့် ပုံမျိုးပင်။ သူမကို မသိသူဆိုလျှင် တက္ကသိုလ်ကျောင်းသူ လို့ပင်ထင်လိမ့်မည်။ ယူမီကို ကားပေါ်မှာ ဆင်းလာသည်နှင့် တခြား ကျောင်းသူတွေကလည်း ဝိုင်းငေးကြည့်ကြသည်။ ယူမီကိုကို အားကျ၊သဘောကျသည့် ဂျူနီယာ ကျောင်းသူတွေ အရမ်းများပြီး၊ ယူမီကို Fan Club ပင်ထောင်ထားသေးသည်။ ကျွန်မလည်း ဆာရှီမီနဲ့ ဆူရှီထက် ဦးအောင် ယူမီကိုနားသို့ အရင်ပြေးသွားပြီး၊

ကျွန်မ ။    ။ ယူမီကို ငါစာစောင်တွေ အားလုံးဝေပြီးသွားပြီ…
ယူမီကို ။    ။ ငါက အိမိဆို ယုံပြီးသား...

    ကျွန်မ ချီးကျူးခံရသဖြင့် ဆာရှီမီနဲ့ ဆူရှီ မျက်နှာပုတ်ဖြင့်ကြိတ်ပြီး မနာလိုဖြစ်နေကြသည်။ ယူမီကို ကျောင်းရှေ့ခြေနင်းလိုက်သည်နှင့် ယူမီကို ကိုလိုက်ပိုးပန်းနေကြသော ကောင်လေးများ ကျောင်းရှေ့မှာ အလျှိုလျှိုရောက်လာကြသည်။ သူတို့တွေ မကြားတကြားပြောနေသံ တွေကို ကျွန်မကြားနေရသည်။

ကောင်လေး ။    ။ ဒီစော်က အရမ်းမိုက်တယ်ကွ…
တခြား ။    ။ မိုက်တာလည်း မပြောနဲ့လေ။ သူအဖေကြီးကလည်း အတော်ရှိတာကွ။ သူ့ရလို့ကတော့ ရှယ်ပဲ…

    ယူမီကိုကတော့ မျက်နှာထားကို တင်းမာထားပြီး ဘယ်ယောကျာ်းလေးကိုမျှ အရေးတောင် မလုပ်ပေ။ ယူမီကို့ မိဘဂုဏ်နှင့် သူမရုပ်ရည်ကြောင့် လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေကြသည်။ သူတို့ အားလုံးထဲတွင် အိဂျီဆိုသည့် သူဌေးသား ငနဲတစ်ကောင်က အဆိုးဆုံးဖြစ်သည်။ အိဂျီက ရုပ်က ဖြူစုပ်စုပ်နဲ့ ယူမီကို နားသွားရပ်ရင် ၁ပေလောက် ပုသေးသည်။ သူ့ကိုယ်သူ တက္ကသိုလ်ကျောင်းသား ဆိုပြီး မြှောက်ကြွမြှောက်ကြွ ဖြစ်နေသည်။
    ယူမီကိုက သူမကို လိုက်တဲ့ ကောင်လေးတွေ ရှေ့မှာ ပဲလေးနှင့် ကျောင်းထဲသို့ အဝင်၊ ကျောင်းရှေ့ ရေခဲတွေပျော်ကျနေသည်ကို သတိမထားမိပဲ ချော်ပြီးနောင်ပြန် လှဲကျသွားသည်။ ယောကျာ်းလေးတွေ ရှေ့မှာ လှဲကျသွားသဖြင့် ယူမီကို တော်တော် ရှက်သွားပုံ ရသည်။ ကျွန်မလည်း ယူမီကို့ကို သွားထူပေးမယ် အလုပ်တွင် သူမကို လိုက်နေသော ယောကျာ်းလေးတွေ အလုအယက်ဝိုင်းပြီး သူထူမယ်၊ ငါထူမယ်နှင့် အုံခဲလာသည်။

ကောင်လေး ။        ။ ယူမီကို၊ ကိုယ်ထူပေးမယ်…
တခြားချာတိတ် ။    ။ ဟေ့ကောင်၊ ငါထူပေးမယ် လုပ်နေတာ မင်းလာမရှုပ်နဲ့…
နောက်တစ်ယောက်။     ။ ကိုယ့်လက်ကို ဆွဲလိုက်…
ကောင်လေး ။        ။ မင်းက တစ်ပွဲလောက်နွှဲချင်လို့လား…
တခြားချာတိတ် ။    ။ အချိန်မရွေးချိန်းလိုက်၊ နေရာမရွေးဘူးကွ…

အရေးထဲ သူတို့တွေ ရန်ဖြစ်နေကြသေးသည်။ ကျွန်မ ယူမီကိုနားကို သွားဖို့ နေသာသာ ကျွန်မကို ဝင်တိုက်သွားလို့ တပတ်လည်သွားချိန်တွင် နောက်တစ်ယောက်က ခြေထောက် တက်နင်းသွားလို့ အားယိုယို အော်နေရသည်။ ဒါကြောင့် ဆာရှီမီ၊ ဆူရှီ နှင့် ကျွန်မတို့ ယူမီကိုနား တစ်ယောက်မှ မကပ်နိုင်ပဲ အဝေးမှာ သွားရပ်နေရသည်။ ကျွန်မသာ ချော်လှဲကြည့်ပါ့လား၊ ဒီလို ဝိုင်းထူပေးဖို့ နေသာသာ၊ လှည့်တောင် ကြည့်ကြမှာ မဟုတ်ဘူး တွေးမိပြီ အားငယ်မိသည်။ ထိုအချိန်တွင် အိဂျီ တစ်ယောက် ဘာအရူးထသွားလည်း မသိ၊

အိဂျီ ။    ။ ဟားဟားဟား၊ ရယ်ရတယ်။ ဟားဟားဟား…
  
    အိဂျီ တစ်ယောက် ယူမီကိုကို ကြည့်လိုက် ရယ်လိုက်ဖြင့် မြေပေါ်မှာ လူးလိမ့်ကာ လှောင်ရယ်နေသည်။ ကျွန်မလည်း ဒီကောင် အိဂျီ ယူမီကိုကို သူရန်စရဲတယ်၊ ဒင်းတော့ သေတော့မှာပဲဟု တွေးလိုက်မိသည်။ ကျွန်မအတွေးတောင် မဆုံးသေးပေ ယူမီကိုသည် မျက်လုံးမှ ဒေါသမီးလျံ များဖြင့် အိဂျီကို သေချာ စိုက်ကြည့်လိုက်သည်။ ဘယ်ယောကျာ်းလေးမှ အထူမခံပဲ သူမမှာ သူမပြန်ကုန်းထလာပြီ အိဂျီနားသို့ အံကြိတ်ပြီး လမ်းလျှောက်လာသည်။ အိဂျီဘေးက သူငယ်ချင်းတွေက၊

သူငယ်ချင်း ။    ။ အိဂျီ၊ အခြေအနေ သိပ်မကောင်းဘူး ထင်တယ်ကွ ပြန်ရအောင်…
အိဂျီ ။    ။ မင်းတို့က အလကား လျှောက်ကြောက်နေတယ်။ ဒီလောက် လှတဲ့ မိန်းခလေးက ကြောက်စရာမကောင်းဘူး။ ချစ်စရာပဲ…

    အိဂျီစကား မဆုံးသေးခင် ယူမီကိုရဲ့ ခြေထောက်ဖြင့် အိဂျီ မျက်နှာကို ဝှေ့ကန်လိုက်၍ အိဂျီအနောက်သို့ နှောက်ပြန်လှဲကျသွားသည်။ ထိုခဏအတွင်း အိဂျီ သူငယ်ချင်းတွေနဲ့ တခြားယောကျာ်းလေးတွေ အားလုံး ကြောက်လန့်ပြီး တစ်ယောက်ပေါ် တစ်ယောက် ကုန်းခွပြီး ထွက်ပြေးကြသည်။ အိဂျီလည်း သူတော့ နာပြီ ဆိုတာ သိ၍ ထွက်ပြေးရန် ကြံသော်လည်း ယူမီကို ဘော်ဒီကဒ် နှစ်ဦးရောက်လာပြီး သူ့ကို ဝိုင်းတုတ်ထားလိုက်သည်။ ယူမီကိုက အိဂျီကို လက်သီးတွေ တစ်ချက်ပြီး တစ်ချက်ကြွေးနေသဖြင့် ကျွန်မ အသဲယား၍ မျက်စိပိတ်ထားလိုက်သည်။ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် အိဂျီတစ်ယောက်တော့ မိုးကြိုးပစ်ခံထားရသလို ဆံပင်တွေထောင်ပြီး စုတ်ပြတ်နေသည်။ ယူမီကို ရိုက်လို့ အားရပြီမို့ သူဘော်ဒီကဒ် နှစ်ယောက်ကို ပညာဆက်ပေးရန် တာဝန်လွှဲပေးခဲ့ပြီး ကျောင်းထဲသို့ ဝင်သွားသည်။ ဆာရှီမီ နှင့် ဆူရှီလည်း နောက်မှ လိုက်ဝင်သွားကြသည်။ ကျွန်မကတော့ အိဂျီကို ဘော်ဒီကဒ် နှစ်ဦး ဘယ်လို ပညာပေးမည်ကို သိလို၍ ရပ်ပြီး ကျန်ခဲ့သည်။
    ဘော်ဒီကဒ် တစ်ဦးသည် နောက်မှအိဂျီကို တုတ်ထားလိုက်သည်။ နောက်တစ်ဦးက အိဂျီ အကျီင်္နှင့် ဘောင်ဘီကို ဆွဲချွတ်လိုက်သဖြင့် ကျွန်မမျက်နှာလွှဲလိုက်ရသည်။ အိဂျီ အတွင်းခံဘောင်ဘီတိုကို ထပ်ဆွဲချွတ်လို့ကတော့ ကျွန်မ ထွက်ပြေးဖို့ပဲ ကျန်တော့သည်။ သို့သော် ကျွန်မထင်သလို မဟုတ်ဘဲ ဘော်ဒီကဒ် ၂ဦးက အိဂျီကို ဝိုင်း ကလိထိုးကြသဖြင့် ကျွန်မ အံ့အားသင့်သွားသည်။

အိဂျီ ။        ။ အာဟားအားဟားဟား…
ဘော်ဒီကဒ် ။    ။ မင်း ငါတို့ မမလေးကို လှောင်ရယ်အုန်းမလားကွ…
အိဂျီ ။        ။ မရယ်တော့ပါဘူး။ အာဟား… အာဟားဟား…
ဘော်ဒီကဒ် ။    ။ ခု မင်းငါတို့ကို လှောင်ရယ်နေတာလား…
အိဂျီ ။    ။ မဟုတ်ပါဘူး။ အာဟားဟား… အာဟားဟား…
ဘော်ဒီကဒ် ။    ။ ဒီကောင် ထပ်ရယ်ရဲတယ်ပေါ့၊ ထပ်ကလိထိုးကွ…

    အိဂျီ ကလိထိုးခံရလို့ ရယ်နေသည့်ပုံကို ကြည့်ပြီ ကျွန်မမှာ ရယ်ရလို့ ပါးစပ်တောင် ညောင်းသည်။ တခြားကျောင်းသူတွေကလည်း အိဂျီကို ဝို်င်းအုံ့ကြည့်၍ ရယ်နေကြသည်။ အိဂျီလည်း မခံနိုင်တော့ပဲ ဒေါသထွက်သံဖြင့်၊

အိဂျီ ။    ။ ကျွန်ုပ် မခံနိုင်တော့ဘူး၊ ခုချက်ချင်း ရပ်ပါတော့…

    ကျယ်လောင်စွာအော်လိုက်သည်နှင့် ဘော်ဒီကဒ် နှစ်ယောက်က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပြီး၊

ဘော်ဒီကဒ် ။    ။ မခံနိုင်တော့ဘူးတဲ့ကွ၊ မမလေး ငါတို့ကို ဘယ်ချိန်ရပ်ဖို့ မှာခဲ့လဲ…
တခြား ။    ။ ကလိထိုးလို့ပဲ မှာခဲ့တာ၊ ရပ်ဖို့ မမှာခဲ့ဘူးကွ…
ဘော်ဒီကဒ် ။    ။ ဒါဆို ဆက်ထိုးကွ…

    ဘော်ဒီကဒ်နှစ်ဦးလည်း ကလိဆက်ထိုးနေသည်။ ထိုစဉ် ဘေးမှ ကျောင်းသူတစ်ဦးက အိဂျီကို ကလိဝိုင်းထိုးနေကြသော ဘော်ဒီကဒ် နှစ်ယောက်ကို ကြည့်လျှက်၊

ကျောင်းသူ ။    ။ ကြီးကောင် ကြီးမားတွေနဲ့ ထိုးရိုက်ပါ့လား။ ခုတော့ ကလိဝိုင်းထိုးနေတယ် အလကား သူရဲဘောကြောင်တဲ့ သူတွေ…

    ဘော်ဒီကဒ် နှစ်ယောက်က ထိုမိန်းခလေး စကားကို ကြားသည်နှင့် ကလိထိုးနေသည်ကို ချက်ချင်း ရပ်လိုက်သည်။ အိဂျီလည်း ခုမှ အသက်ကို ဝအောင် ရှုနိုင်သွားသဖြင့် သူဘက်က လိုက်ပြောပေးသော ကျောင်းသူကို လှမ်းကြည့်၍၊

အိဂျီ ။        ။ ကျေးဇူးပဲ ကောင်မလေး…
ဘော်ဒီကဒ် ။    ။ မင်း ကျေးဇူးတင်စော မနေနဲ့လေ။ ငါတို့က မင်းကို ကလိမထိုးတော့ဘူး။ လက်သီးနဲ့ ထိုးမလို့ကွ…
အိဂျီ ။        ။ ကြောက်ပါပြီဗျ၊ ကြောက်ပါပြီ…

    အိဂျီတစ်ယောက် အော်ပြီး ထွက်ပြေး၍ ဘော်ဒီကဒ် နှစ်ဦး အနောက်က ပြေးလိုက်သွားကြသည်။ ကျွန်မလည်း သူတို့ကြည့်လိုက်ရယ်လိုက်ဖြင့် ကျောင်းခန်းထဲသို့ ဝင်လာခဲ့သည်။ ကျောင်းခန်းထဲရောက်တော့ ယူမီကိုတို့ကို မတွေ့ပေ။ ယူမီကိုက ကျောင်းသားခေါင်းဆောင် ဆိုတော့ ကျောင်းကိစ္စတွေနဲ့ အမြဲ အလုပ်ရှုပ်နေတတ်၍ ခုလည်း အလုပ်ရှိလို့ ထွက်သွားတာဖြစ်မည်။ ဟိုနှစ်ယောက်ကတော့ နောက်က ယောင်လည်လည် လိုက်သွားတာ နေမှာပေါ့ တွေးလိုက်မိသည်။ တအောင့်နေတော့ ကျောင်းလော်စပီကာမှ ကျောင်းအုပ် အသံထွက်လာသည်။

ကျောင်းအုပ် ။    ။ အဟမ်းအဟမ်း ငါမိုက်စမ်းနေတာ။ ကြားရလား…
လော်စပီကာမှာ ကျွီအသံကြီး ဟိန်းထွက်လာသဖြင့် ကျောင်းသူတွေ အားလုံး နားမနည်း ပိတ်လိုက်ရသည်။

ကျောင်းအုပ် ။    ။ ကြားရလောက်ပြီ။ ၁၂တန်းစီက အိမိ ငါရုံးခန်းထဲကို ခုချက်ချင်း လာခဲ့စမ်း။ ငါနှစ်ခါ မခေါ်နိုင်ဘူး မြန်မြန်လာခဲ့။  မဟုတ်လို့ကတော့ သိတယ်နော်…

    ၁၂တန်းစီက အိမိ ဆိုတော့ ကျွန်မကို ခေါ်နေတာပဲ။ ဆရာကြီး ရုံးခန်းကို မြန်မြန်သွားမှ ဖြစ်မည်။ မဟုတ်ရင် ဆရာကြီးအကျင့် အတိုင်း ငယ်ကျိုးငယ်နာ ဖော်ထုတ်ပြီ ပြောတတ်လေ့ရှိသည်ကို လန့်သောကြောင့် ခပ်သွက်သွက်လေး ထွက်လာခဲ့သည်။ လာလမ်းတွင် ယူမီကိုတို့များ ဆရာကြီး ရုံးခန်းမှာ ရောက်နေမလား တွေးနေမိသည်။ ထင်သည့်အတိုင်း ယူမီကိုတို့ကို ဆရာကြီးက တစ်ခုခု ကြိမ်းမောင်းနေပုံရသည်။
    ဆရာကြီးက ကျွန်မတို့ နာဂါယာမီ ကျောင်းအုပ်ဖြစ်သည်မှာ ရနှစ်လောက်ပင် ရှိပြီသည်။ ဆရာကြီးက အသက်က ၄၀ကျော် ၀န်းကျင် ရှိသေး၍ တချို့ ကျောင်းသူတွေက မခန့်လေးစားလုပ်ချင်ကြသည်။ ဆရာကြီးက ရုပ်ရည်သန့်သန့်၊ အရပ်ရှည်ရှည်ဆိုတော့ ကြည့်ကောင်းသည်ဟု ဆိုရမည်။ မိန်းခလေး ကျောင်းအုပ် လုပ်ရသည်မှာပင် လွယ်သောကိစ္စတော့ မဟုတ်ပေ။ ကျောင်းအုပ်ကို ရည်စားစာ ပေးသော ကျောင်းသူများပင် အများကြီး ရှိသည်။ ဒါပေမယ့် သူကို ရည်စားစာ ပေးသော ကျောင်းသူများကို လော်စပီကာမှ နံမည်နှင့် အော်၍ အရှက်ခွဲပြီ သေအောင် ဗင်းတော့သည်။ ကျောင်းအုပ် စိတ်ဆိုးလျှင် အရမ်းကြောက်ဖို့ ကောင်းတာမို့ တကျောင်းလုံးက ကြောက်ကြသည်။ ကျွန်မလည်း မ၀ံ့မရဲဖြင့် ကျောင်းအုပ်နားသို့ ဖြည်းဖြည်းချင်း လှမ်းသွားသည်။ ကျောင်းအုပ်က ကျွန်မ မြင်သည်နှင့်၊

ကျောင်းအုပ် ။    ။ အိမိ မြန်မြန်လာစရာရှိ မလာပဲ၊ ဘာတွန့်ဆုတ်တွန့်ဆုတ် လုပ်နေတာလဲ…
ကျွန်မ ။        ။ ဟုတ်ကဲ့…
    ကျွန်မ လက်ပိုက်ပြီ ခေါင်းငုတ်၍ ကျောင်းအုပ်ရှေ့တွင် သွားရပ်လိုက်သည်။ ဆာရှီမီ နှင့် ဆူရှီလည်း ကျွန်မဘေးမှာ ရပ်နေသည်။ ယူမီကိုကတော့ ကျောင်းခေါင်းဆောင် ဆိုတော့ ထိုင်ခုံပေါ်မှာ ထိုင်နေသည်။

ကျောင်းအုပ် ။    ။ အိမိ နင်မှန်မှန်ပြောစမ်း မနက်က ယာကူဇာစာရွက်တွေ ဝေတဲ့ အထဲမှာ နင်လည်း ပါလား…
    ကျွန်မ ဘာပြန်ဖြေရမှန်း မသိဖြစ်နေသည်။ ပါသည်ပြောပြန်ရင်လည်း အဆူခံရမည်။ မပါဘူး ပြောပြန်ရင်လည်း လိမ်ရာ ကျအုန်းမည်။

ကျွန်မ ။    ။ ပါတော့ ပါပါတယ်။ ဒါပေမယ့်…
    ကျွန်မ စကားပြောတာကို အဆုံးမခံပဲ၊

ကျောင်းအုပ် ။    ။ အေး ပါတယ် ဆိုရင် ပါတယ်ပေါ့။ ဘာမှ ဒါပေမယ့်တွေ ဘာတွေ လာလုပ်မနေနဲ့။ နင်တို့တွေက ငါကို မခန့်လေးစားနဲ့ နင်တို့ လုပ်တွေတာ အားလုံး ငါမသိဘူးများ မှတ်နေလား…

    ကျောင်းအုပ် စိတ်ဆိုးပြီ စားပွဲကို ရိုက်ချလိုက်ပြီ ယူမီကို ဘက်သို့ လှည့်ကြည့်၍၊

ကျောင်းအုပ် ။        ။ ယူမီကို မင်းကိုယ်မင်းများ ယာကူဇာဂိုဏ်းချုပ် ထင်နေလားကွ…
    ကျောင်းအုပ်အသံ ထူးထူးဆန်းဆန်း လော်စပီကာမှ ထွက်လာသလို ကျယ်လောင် နေသဖြင့် ဆရာကြီး စားပွဲပေါ်က လော်စပီကာ ခလုတ်ကို လှမ်းကြည့်လိုက်မိသည်။ ခုနက ဆရာကြီး စားပွဲခုံ ထုလိုက်တာ မှားပြီ လော်စပီကာ ခလုတ်ကို မှားနှိပ်မိလိုက်ခြင်း ဖြစ်သည်။ ဒါကြောင့် ကျွန်မ ကျောင်းအုပ်အား သတိပေးရန်၊

ကျွန်မ ။    ။ ဆရာကြီး လော်စပီ…
ကျောင်းအုပ် ။    ။ အိမိနင်ဘာမှ ယူမီကိုဘက်က ကာကွယ်ပြောစရာ မလိုဘူး။ ယူမီကို ငါမေးနေတယ် နင်ကိုယ်နင် ယာကူဇာဂိုဏ်းချုပ် ထင်နေလားကွ…

    ကျွန်မ သတိပေးသည်ကို နားမထောင်ပဲ ကျောင်းအုပ်က ယူမီကိုကိုပဲ မဲနေသည်။ ခုကျောင်းအုပ်နဲ့ ကျွန်မတို့ ပြောနေတာတွေ တစ်ကျောင်းလုံး ကြားနေရခြင်း ဖြစ်သည်။

ယူမီကို ။    ။ ယူမီ ကိုထောက်ခံသည့် မည်သူမဆို ယာကူဇာဂိုဏ်းဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်…
ယူမီကို ထိုစကားကို ဆရာကြီးကို ပြန်ပြောနေခြင်း ဟုတ်ပုံ မတူပေ။ လော်စပီကာ ပွင့်နေမှန်းသိ၍ တစ်ကျောင်းလုံးက ကျောင်းသူတွေ ကြားအောင် ပြောနေပုံရသည်။ ကျောင်းအုပ်ကတော့ သူကို ပြန်ခံပြောသည် အောင်းမေ့၍ ပိုစိတ်ဆိုးသွားပြီ၊

ကျောင်းအုပ် ။    ။ ပြောလေ ကဲလေပါ့လား။ ငါက ယာကူဇာဂိုဏ်းဝင်တာ မကြိုက်ပါဘူး ပြောနေတာတောင်။ နင်တို့က မခန့်လေးစားနဲ့။ ဒီနေ့ နင်တို့ လေးယောက်လုံး သေအောင် ဗင်းပြမယ်…

ဆာရှီမီ၊ ဆူရှီ နှင့် ကျွန်မမှာ ထိုစကားကြားနေနှင့် တစပ်စပ်တုန်အောင် ကြောက်နေကြသည်။ ထိုအချိန်တွင် ဆရာကြီး ရုံးခန်းရှေ့သို့ ယူမီကို Fan Club မှ ဂျူနီယာ ကျောင်းသူလေးများ စုဝေးရောက်ရှိလာကြသည်။ ကျောင်းသူလေးများက လက်များကို မြှောက်လျှက်၊

ဂျူနီယာ ။    ။ ယူမီကို၊ ယူမီကို၊ ယူမီကို၊ ယူမီကို၊ ယူမီကို…

    အော်ကာ ယူမီကို ယာကူဇာဂိုဏ်းဝင်မည်ကို ထောက်ခံ နေကြသည်။ ကျောင်းအုပ်လည်း တော်တော် ဒေါသထွက်သွားပုံဖြင့်၊

ကျောင်းအုပ် ။    ။ ယူမီကို ဒါဘာတွေလည်း…
ယူမီကို ။    ။ ယူမီကိုယ် ထောက်ခံတဲ့ Fanတွေပါ ဆရာကြီး…
ကျောင်းအုပ် ။    ။ ဘာ…
    ကျောင်းအုပ် စိတ်တို၍ တက်မတတ်ဖြစ်သွားပြီမှ၊

ကျောင်းအုပ် ။    ။ Fanတွေရှိရအောင် မင်းကိုယ်မင်း ဆူမီကိုဆာရာ အောင်းမေ့ နေလားကွ…

ယူမီကို အဒေါ်မှာ ဂျပန် နံမည်ကြီး အဆိုတော်၊ မင်းသမီး ဆူမီကိုဆာရာဖြစ်သည်။ ဆူမီကိုဆာရာသည် အသက် ၂၈နှစ်လောက်ပဲ ရှိအုန်းမည်။ သရုပ်ဆောင်ကလည်း တော်၊ အဆိုကလည်း ကောင်းသည်။ ယူမီကိုက တစ်ချက်တချက် ရယ်လိုက်လျှင် သူမအဒေါ်နှင့် တော်တော်တူသည်။ ကျောင်းအုပ်ကလည်း ဆူမီကိုဆာရာကို အရူးအမူး ကြိုက်နှစ်သက်သော Fan တစ်ဦးဖြစ်သည်။ ဆူမီကိုဆာရာကို ဘယ်လောက်ထိ ကြိုက်နှစ်သက် သည်မှာ ဆူမီကိုဆာရာ လက်မှတ်ရဖို့အတွက် ယူမီကို ကိုယ် ကျောင်းလက်ခံခဲ့ခြင်း ဖြစ်သည်။

ကျောင်းအုပ် ။    ။ ခုမင်းတို့ ၄ယောက်လုံး တန်စီးစမ်း။ ကြိမ်လုံး ၁၀လုံးလောက် ကုန်အောင် ရိုက်ပစ်မယ်…
ယူမီကို ။    ။ ဆရာကြီးနဲ့ အပေးအယူ လုပ်လို့ ရမလား…
ကျောင်းအုပ် ။    ။ ငါက နံမည် တစ်လုံးထဲနဲ့ နေတာ ဘာမှ လာဒ်လာမထိုးနဲ့ လုံးဝ လုံးဝမရဘူး။ ဟွန်း…
ယူမီကို ။    ။ ဆူမီကိုဆာရာ ဆိုရင်ရော။ မရဘူးလားဟင်…
ကျောင်းအုပ် ။    ။ ဆူမီကိုဆာရာ။ အဲဒါတော့ အရမ်းကို ရတာပေါ့။ ခုသူဘယ်မှာလည်း…
ယူမီကို ။    ။ တွေ့ရမှာပေါ့ ဆရာကြီးရယ်။ စိတ်အေးအေး ထားပေါ့…
ကျောင်းအုပ် ။    ။ ဘယ်လိုလုပ် ငါစိတ်အေးအေး ထားနိုင်မှာလဲ။ ဆူမီကိုဆာရာ ငါအချစ်ကလေး...
    တစ်ကျောင်းလုံးမှ ၀ါးခနဲ ရယ်သံ ဟိန်းထွက်သွားသည်။ ဟိန်းသံထွက်လာ၍ ကျောင်းအုပ်တစ်ယောက် ထူးဆန်းသွားပြီ၊

ကျောင်းအုပ် ။    ။ ဘယ်က အသံတွေလဲဟ…
ခုသူပြောနေတာတွေ တစ်ကျောင်းလုံး ကြားနေသည်ကို မသိပေ။ ကျွန်မဖြင့် ကျောင်းအုပ်အစား ရှက်လိုက်တာ မပြောနဲ့။ ကျွန်မလည်း ကျောင်းအုပ် ဒီထက်အရှက်မခွဲ ရလေအောင်၊

ကျွန်မ ။    ။ ဆရာကြီး လော်စပီကာကြီး ပွင့်နေတယ်…
ကျွန်မ အော်ပြောလိုက်သည်။ ကျောင်းအုပ်လည်း အလန့်တကြားဖြင့်၊
ကျောင်းအုပ် ။    ။ ဘာလော်စပီကာ ပွင့်…
 ဘယ်က လော်စပီကာလည်း လျှောက်ကြည့်ပြီမှ သတိရသွားပြီ လော်စပီကာ ခလုတ်ကို အမြန် ပြန်ပိတ်လိုက်သည်။ ကျောင်းအုပ် တစ်ယောက် ရှက်လွန်းလို့ မျက်နှာကြီး နီရဲလာသည်။

ကျောင်းအုပ် ။    ။ နင်တို့တွေ စထဲက လော်စပီကာ ပွင့်နေတာ ဘာလို့ မပြောလဲ…
ကျွန်မ ။    ။ ကျွန်မပြောတော့ ဆရာကြီးမှ နားမထောင်တာ…
ကျောင်းအုပ် ။    ။ ရှက်ဖို့ ကောင်းလိုက်တာ။ ငါမျက်နှာကို ငါလှီးပစ်လိုက်ချင်တယ်…

စကားပြောနေစဉ် ယူမီကို ဒေါ်လေး ကျောင်းအုပ် ရုံးခန်းထဲသို့ ဝင်လာသည်။ ကျောင်းအုပ်က မင်းသမီး ဆူမီကိုဆာရာကို မြင်မြင်ချင်းပင် နီရဲနေသည့် မျက်နှာလေးကနေ ချက်ချင်းဆိုသလို ပြုံးရွှင်သွားသည်။ ကျွန်မတို့ကိုလည်း မေ့သွားပြီ ဆူမီကိုဆာရာနား သွား၍၊

ကျောင်းအုပ် ။        ။ ဆူမီကိုဆာရာ ကြွပါခင်မျာ…
ဆူမီကိုဆာရာ ။    ။ ယူမီကို အရေးကြီးတယ် ဆိုလို့ ကျွန်မမှာ ပြေးလာရတာ ဘာပြသာနာ ရှာပြန်ပြီလဲ ဆရာကြီးရယ်…
ယူမီကို ။    ။ ကျောင်းအုပ်က ဒေါ်လေးကို တွေ့ချင်လို့ ခေါ်ခိုင်းလိုက်လို့ပါ…
ဆူမီကိုဆာရာ ။    ။ ရှင်…
    ဆူမီကိုဆာရာက အံ့အားသင့်သည့် အကြည့်ဖြင့် ကျောင်းအုပ်ကို လှမ်းကြည့်၍ ပါးနှစ်ဖက် နီရဲသွားသည်။ ကျောင်းအုပ်လည်း ရုတ်တရပ် အဖြေရှာရခက်ပြီမှ၊

ကျောင်းအုပ် ။    ။ မဟုတ်ပါဘူး ဆူမီကိုရယ်။ ယူမီကို ယာကူဇာဂိုဏ်းဝင်မယ် လုပ်နေလို့ ဆုံးမပေးစမ်းပါအုန်း…

    ဆူမီကိုဆာရာက ယူမီကို ယာကူဇာဂိုဏ်းဝင်မည်ကို ကြားသည်နှင့် အလန့်တကြား ဖြစ်သွားပြီ ထခုန်လိုက်၍၊

ဆူမီကိုဆာရာ ။    ။ ဘာယာကူဇာ ဂိုဏ်းဝင်မယ်။ နင်ငါတို့ မျိုးရိုးကို အရှက်ခွဲမယ်တော့ မကြံနဲ့။ နင်ကို ငါအသေသတ်မယ်…

    ဆူမီကိုဆာရာက ယူမီကိုကို အတင်းလိုက်ရိုက်သဖြင့် ကျောင်းအုပ်က မနည်း ၀င်ဆွဲရသည်။

ယူမီကို ။        ။ ဒေါ်လေးရယ် ကြောက်ပါပြီ…
ဆူမီကိုဆာရာ ။    ။ မပြေးနဲ့ နင်ကို အလွှတ်ပေးမယ် မထင်နဲ့…
ကျောင်းအုပ် ။    ။ ဆူမီကိုဆာရာရယ် စိတ်ထိန်းပါ။ ယူမီကိုက ကလေးပဲ ရှိပါသေးတယ်…
ဆူမီကိုဆာရာ ။    ။ ကျွန်မက မရဘူးဆို မရဘူးပဲ…
ကျောင်းအုပ် ။    ။ သွားသွား နင်တို့တွေ ခုချက်ချင်း ငါရုံးခန်းထဲက ထွက်သွားကြ…

    ကျွန်မတို့လည်း ပျော်ရွှင်စွာ ကျောင်းအုပ် ရုံးခန်းမှ ထွက်လာကြသည်။ ရုံးခန်းထဲတွင် ကျောင်းအုပ်နှင့် ဆူမီကိုဆာရာတို့ ၂ယောက်ထဲ စကားပြော၍ ကျန်ခဲ့ကြသည်။ ကျောင်းခန်းထဲ ပြန်ရောက်တော့ ဆာရှီမီက ရှည်၍ ကျောင်းအုပ်နှင့် ဆူမီကိုဆာရာတို့ အရမ်းလိုက်ဖက်ကြောင်း ယူမီကိုရှေ့တွင် သွားပြောသည်။ ယူမီကိုက စိတ်ဆိုးပြီ သူ့ဒေါ်လေး ကျောင်းအုပ်ကို ပြန်ကြိုက်၊ မကြိုက် လောင်းကြေး စာကြေးလုပ်ရန် ပြောသည်။ ကျွန်မတို့ နိုင်လျှင် ကျွန်မ သုံးယောက် လိုချင်တာ မှန်သမျှ သူဝယ်ပေးမယ့်အကြောင်း ပြောသည်။ သို့သော် ကျွန်မတို့ ရှုံးခဲ့လျှင် ကျောင်းအုပ်ကို ရည်စားစာ ပေးရမည်ဖြစ်သည်။
ကျွန်မက သူတို့ကြားမှာ ညှပ်ပါပြီ။ ဒါပေမယ့် နိုင်ရင်တော့ အပွပင်။ ယူမီကိုက ပိုက်ဆံထောတော့ ကျွန်မလိုချင်တဲ့ နာရီ၊ အကျီ၊ အစားအသောက်တွေ အားလုံးကို ဝယ်ပေးမှာမို့ပါ။ ရူံးလို့ကတော့ ကျောင်းအုပ် အရိုက်ခံရမှာမို့ မချောင်ပြန်ပေ။ ဒါပေမယ့် ဆူမီကိုဆာရာ က ကျောင်းအုပ်ကို ခုတစ်လော အရေးပေး၍ တရေးတယူ လုပ်သည်ကို တွေ့တော့လည်း နိုင်ဖို့ များသည်ဟု တွေးမိသည်နှင့်၊

အိမိ ။            ။ ဟုတ်ပြီ။ ငါလည်း လောင်းမယ်...

    ယူမီကိုက ကျွန်မတို့ ရှုံးလျှင် ကတိပြန်ဖျက်မှာ စိုး၍ စာချုပ်တစ်ခု ချုပ်ကြသည်။ ကျွန်မသည် လောင်းမယ်လို့သာ ပြောလိုက်တာ၊ လက်မှတ်လည်း ထိုးခိုင်းရော၊ လက်တွေ အရမ်းတုန်နေသည်။ ဆူရှီက ကျွန်မလက်ကို အတင်းကိုင်ပြီး ထိုးခိုင်း၍ ထိုးလိုက်ရသည်။ ဒီလိုနဲ့ ညနေစောင်းလို့ ကျောင်းလွှတ်ချိန်ရောက်ပြီး။ ကျောင်းဆင်းချိန်မှာ ယူမီကိုကို ပိုးပန်းဖို့ စောင့်နေကြသော ကောင်လေးများကို တွေ့၍ အိဂျီများပါလား မလားလို့ ကျွန်မ လှမ်းကြည့်မိသေးသည်။ အိဂျီ မပါလာတော့ပေ။

ကျွန်မ ။    ။ ယူမီကို ပညာပြလိုက်တာ အိဂျီ တော်တော်မှတ်သွားပုံရတယ်၊ လာတာမတွေ့ဘူး...
ဆာရှီမီ။    ။ မလာတော့ ကောင်းတာပေါ့၊ ယူမီကိုမှာ အရှုတ်တပုံ လျှော့သွားတာပေါ့...
ယူမီကိုကတော့ မချိပြုံးပြုံးပြီး ကျွန်မကို နှုတ်ဆက်ပြီး ထွက်သွားသည်။ ကျွန်မလည်း ဒီနေ့ တစ်နေ့တာ အဖြစ်အပျက်တွေကို တွေးရင်း အိမ်ပြန်ခဲ့သည်။

- - - - - - - - - - - - - - - - - - - - - -

ဆက်ရန်။

6 comments:

  1. wow good....you improved a lot in these story i can see..it was funny and i really like this one...fighting pig yee yay...

    ReplyDelete
  2. looking forward to read more ;)

    ReplyDelete
  3. I really impressed that writing style.. It is much much better now... Go ahead.. Looking forward to read more, especially England Lover... :P
    P:S Happy Birthday.. Mrs: Best Seller writer.... :P

    ReplyDelete
  4. Thanks a lot Kyaw Lu!!! Urs birthday wish is the best!!! :)

    ReplyDelete
  5. interesting!
    i will read one day one post.
    now it is the first post.
    :)

    ReplyDelete
  6. ကျေးဇူးပါပဲ ကိုJohnMoeEain :)

    ReplyDelete