အခန်း-၂ ယူမီကို
ကျောင်းဆင်းသည်နှင့် အိမ်သို့ ကားဖြင့် ပြန်လာခဲ့သည်။ ယူမီ တစ်လမ်းလုံး စဉ်းစားမိသည်မှာ ယာကူဇာ ဂိုဏ်းဝင်တွေနဲ့ အဆက်အသွယ် ရဖို့ ဘယ်လိုလုပ်ရမည်ကို အဖြေရှာ မရဖြစ်နေသည်။ ဂျပန်မှာ ယာကူဇာဂိုဏ်းဝင်ဖို့ ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပေ။ အတွေးလွန်နေတာနဲ့ ခြံတံခါးရှေ့ ကားရပ်လိုက်မှ အိမ်ပြန်ရောက်မှန်း သိတော့သည်။ ခြံထဲကားဝင်လိုက်သည်နှင့် ဒယ်ဒီနှင့် မာမီ ကားကို တွေ့လိုက်၍ ယူမီစိတ်ထဲ နည်းနည်း ထူးဆန်းနေသည်။ ဒယ်ဒီက သူ့ကုမ္ပဏီ လုပ်ငန်းတွေနဲ့ အမြဲ နောက်ကျတတ်သည်။ မာမီကတော့ အလှပြင်ဆိုင်သွားရတာနဲ့၊ ဈေးဝယ်ထွက်ရတာနဲ့ အိမ်မှာ အမြဲ မရှိတတ်ပေ။ ဒီနေ့တော့ ထူးထူးဆန်းဆန်း နှစ်ယောက်လုံး စောပြန်ရောက်နေကြသည်။
ယူမီ စိတ်ထဲ သိပ် မသင်္ကာသည်မို့ အိမ်ထဲသို့ တန်းမဝင်သေးပဲ ဧည့်ခန်းပြတင်းပေါက်မှ အိမ်ထဲသို့ သွားချောင်းကြည့်လိုက်သည်။ ဧည့်ခန်းထဲမှ ဒယ်ဒီက မာမီ့ဘေးမှထိုင်လျှက် ပခုံးဖက်ထားသေးသည်။
ဒယ်ဒီ ။ ။ မိန်းမ၊ ကိုယ်ဒီနေ့ ကောင်လေး တစ်ယောက်တွေ့ခဲ့တယ် သိလား။ ကောင်လေးက ရုပ်လည်း တော်တော်ဖြောင့်တယ်ကွာ။ စီးပွားရေး အမြင်ကလည်း ရှိသေး။ လူမှုဆက်ဆံရေးကလည်း သိပ်ကောင်းပဲ။ ကိုယ်တော့ အရမ်းသဘောကျနေပြီ်။ ဟီးဟီး…
မာမီ ဒယ်ဒီနဲ့ စကားပြောနေရာက ဝမ်းနည်းပက်လက် ချုံးပွဲချ ငိုတော့သည်။ ဒယ်ဒီလည်း အံ့ဘြသွားသည်နှင့်၊
ဒယ်ဒီ ။ ။ မိန်းမ၊ ဘာလို့ ငိုရတာလည်း။ အို အလှတွေ ပျက်ကုန်တော့မှာပဲ…
ဒယ်ဒီက မာမီ ကျလာတဲ့ မျက်ရည်တွေကို လိုက်သုတ်ပေးသည်။
မာမီ ။ ။ ကျွန်မလေ အစ်ကိုကြီးက ကျွန်မအပေါ်သစ္စာရှိလှချည်းရဲ့၊ တခြားမိန်းခလေး ဆိုရင် လှည့်တောင် မကြည့်ဘူး ထင်နေခဲ့တာ။ ခုတော့ အထင်နဲ့ တခြား ဖြစ်နေပြီပေါ့လေ။ အစ်ကိုကြီးက ယောကျာ်းချင်း သဘောကျနေတာကိုး။ အဟိဟိဟိ…
ယူမီ အပြင်ကနေ မာမီနဲ့ ဒယ်ဒီကို ရယ်ချင်လွန်းလို့ ပါးစပ် မနည်း ပိတ်ထားရသည်။
ဒယ်ဒီ ။ ။ ဒီလို မဟုတ်ရပါဘူး မိန်းမရယ်။ အဲဒီ ကောင်လေးကို ယူမီကို ပေးစားဖို့ ပြောမလို့ပါ…
မာမီ ။ ။ ဒါဆို တော်သေးတာပေါ့ အကိုကြီးရယ်။ အကိုကြီး မကြိုက်ရင် ပြီးရော ယူမီကိုနဲ့ ပေးစားလိုက်…
မာမီက တော်တော်ကောင်းသည်။ ကိုယ့်သမီး အိမ်ထောင်ချပေးမှာကိုတော့ စိတ်ပူဖော် မရပဲ၊ သူ့ယောကျာ်း ဂေး ဖြစ်မှာကိုတော့ ပူနေလေရဲ့ ဟုစိတ်ထဲမှ မကျေနပ်ဖြစ်နေမိသည်။
ဒယ်ဒီ ။ ။ အဲဒီ ကောင်လေးဓာတ်ပုံတောင် ယူမီကို ကိုပြဖို့ တောင်းလာခဲ့သေးတယ်…
ဟုပြောကာ ဒယ်ဒီက သူ့ရုံးအိတ်ထဲမှ ဓာတ်ပုံ တစ်ပုံကို ထုတ်ပြီး မာမီကို ပြလိုက်သည်။ ယူမီနဲ့ ပေးစားမယ့် ကောင်လေး ဓာတ်ပုံကို တွေ့ရလို တွေ့ရဌား ကြည့်သော်လည်း ဝေးနေ၍ မတွေ့ရပေ။
မာမီ ။ ။ ဟယ်၊ အကိုကြီးနဲ့ တော်တော့်ကို တူတာပဲ။ မသိတဲ့ သူဆိုရင် အကိုကြီး လို့တောင် ထင်မှာ သေချာတယ်…
ဒယ်ဒီ ။ ။ ဟင်၊ ငါအဲဒီလောက်တောင် ချောလို့လား၊ ပြစမ်းပါအုန်း…
ဒယ်ဒီက မာမီလက်ထဲမှ ဓာတ်ပုံကို ပြန်ယူကြည့်လိုက်ပြီး၊
ဒယ်ဒီ ။ ။ အာ… ဒါငါ့ဓာတ်ပုံပဲ။ မှားပေးလိုက်တာ။ ဆောရီး…
ဒယ်ဒီ သူ့ရုံးအိတ်ထဲမှ နောက် ဓာတ်ပုံ တစ်ပုံကို ထုတ်လိုက်သည်။
ဒယ်ဒီ ။ ။ ဒီမှာ၊ ဒန်ဒန်ဒန်…
မာမီ ။ ။ ဒါ ယူမီကိုနဲ့ ပေးစားမယ့် ကောင်လေး ဆိုတာလား။ အသက်မကြီးဘူးလား…
ဒယ်ဒီနဲ့ မာမီ ပြောနေသည်ကို ကျွန်မ သေသေချာချာ ခိုးနားထောင်နေသည်။
ဒယ်ဒီ ။ ။ အသက်က မကွာပါဘူး။ ကောင်လေးက ယူမီကိုထက် ကြီးမယ်ဆိုရင် အသက် ၂ဝ၊ ၃ဝလောက်ပဲ ကြီးတာပါ…
မာမီ ။ ။ ဒါဆို သိပ်မှ မကွာပဲ…
ယူမီ့ ကိုအသက် ၂ဝ၊၃ဝလောက် ကြီးတဲ့ အဘိုးကြီးနဲ့ ပေးစားဖို့… ဂစ်ဂစ်ဂစ်။ ယူမီ နောက်ပြန်လှဲကျသွားသည်။ ခဏနေမှ မနည်းပြန်ကုန်းထပြီး ပြတင်းပေါက်ကို ပြန်ချောင်းကြည့်လိုက်တော့ မာမီက ဒယ်ဒီရင်ခွင်ထဲသို့ ရောက်နေသည်။ ယူမီ လည်း ဒေါသတော်တော် ထွက်သွားသည်။ ဒီလောက် ကဲချင်ရင် ကိုယ်အခန်းထဲ ကိုသွားကဲကြပါ့လား၊ ခုတော့ ဧည့်ခန်းထဲ လာပြီး တစ်ယောက်နဲ့ တစ်ယောက် အကဲပိုပြနေကြတယ် ဟုစိတ်ထဲမှ ကြိမ်းမောင်းလိုက်သည်။
မာမီ ။ ။ အကိုကြီးကလည်း သူများတွေ ဝင်လာမှဖြင့် ရှက်ရှက်…
ဒယ်ဒီ ။ ။ ဘယ်သူမှ မရှိဘူး၊ သူခိုးတွေ လာချောင်းကြည့်မှပဲ မြင်မှာ…
ဒယ်ဒီ ဒါယူမီ ချောင်းကြည့်နေတာကို သိလို့တမင်ရွဲ့ပြောတာပဲ နေမှာဟု တွေးရင်း စိတ်ထဲ မလုံမလဲ ဖြစ်မိသည်။
မာမီ ။ ။ ဒါနဲ့ ယူမီကိုက ခုမှ ကလေးပဲ ရှိသေးတာ၊ အိမ်ထောင်ပြုဖို့ ဖြစ်ပါ့မလား…
ဘယ်သူက ကလေးလည်း၊ ယူမီ့ ကိုကလေးလို့ ပြောသည်ကို အမုန်းဆုံး ဖြစ်သည်။ ထို့ကြောင့် ဆက်သည်းမခံနိုင်တော့ပဲ၊
ယူမီကို ။ ။ ယူမီက ကလေး မဟုတ်ဘူး၊ လူကြီး ဖြစ်နေပြီလို့ မာမီကို ဘယ်နှစ်ခါ ပြောရမလဲ…
ယူမီ စိတ်ဆိုးပြီ ပြတင်းပေါက်မှ လှမ်းအော်လိုက်မိသည်။ ဒယ်ဒီနဲ့ မာမီ ယူမီ ပြတင်းပေါက်မှ လာချောင်းကြည့်နေသည်ကို သိသွား၍ လန့်သွားကြပြီး တစ်ယောက် ထိုင်ခုံ တစ်ခုစီ ဖြစ်သွားကြသည်။
ဒယ်ဒီ ။ ။ အဟမ်းအဟမ်း။ ယူမီကို ဘယ်ချိန်ထဲက လာချောင်းနေတာလဲ…
ယူမီကို ။ ။ သိပ်မကြာသေးပါဘူး။ ၁နာရီလောက်ပဲ ရှိသေးတာ…
မာမီ ။ ။ အို ကလေးရှေ့မှာ ရှက်စရာကြီး…
ယူမီကို ။ ။ ယူမီ့ ကိုကလေးလို့ နောက်တစ်ခါ ပြောရဲ ပြောကြည့်…
ယူမီ ဆွေ့ဆွေ့ခုန်နေသည်။
ဒယ်ဒီ ။ ။ ယူမီကို ဘာလုပ်နေတာလဲ၊ ဧည့်ခန်းထဲ ခုချက်ချင်း ဝင်ခဲ့စမ်း…
ယူမီလည်း ဒယ်ဒီကို နည်းနည်းကြောက်ရသဖြင့် ကုတ်ကုတ်လေး ဧည့်ခန်းထဲသို့ ဝင်သွားပြီး မာမီဘေးထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
မာမီ ။ ။ သမီးကို အိမ်ထောင်ချပေးဖို့ သမီးဒယ်ဒီနဲ့ တိုင်ပင်နေကြတာ…
ဒယ်ဒီ ။ ။ ဟုတ်တယ် သမီး။ ကောင်လေးက အသက်သာ ကြီးသာ ရုပ်က ကိုရီးယား မင်းသားလိုလို၊ ဘာလိုလိုနဲ့။ အရပ်ကလည်း ရှည်ရှည်၊ စတိုင်ကလည်း အရမ်းမိုက်ပဲ။ ဒယ်ဒီရွေးလာတာ သမီး ကြိုက်မှာ သေချာတယ်…
ဒယ်ဒီ ပြောတဲ့ ကောင်လေး ဆိုတဲ့သူ ပုံစံကို ယူမီ စိတ်ထဲ ပုံဖော်ကြည့်လိုက်သည်။ ဒရိုင်တာ “ရင်” (ကိုရီးယား မင်းသား) လို အသက်၎ဝလောက် တည်တည်တံ့တံ့၊ စတိုင် မိုက်မိုက် ဆိုရင် မဆိုးပါဘူး ဟုတွေးလိုက်သည်။
ဒယ်ဒီ ။ ။ မာမီ ယူမီ့ကို ဟိုကောင်လေး ပုံပြလိုက်လေ…
မာမီက ဒယ်ဒီပြောတဲ့ ကောင်လေးပုံကို ယူမီ့ ကိုပြသည်။ ဓာတ်ပုံမြင်လိုက်သည်နှင့် ကောင်လေးမဟုတ်ပဲ၊ အဘိုးကြီးဟ၊ အဘိုးကြီးဟ… လန့်ပြီး ထိုင်ခုံမှ ပလက်လှန်ပြုတ်ကျသွားသည်။
ယူမီ ။ ။ ဒါ ယူမီနဲ့ ပေးစားမယ့် ကောင်လေး…
ဓာတ်ပုံထဲမှ လူက အသက်၅ဝကျော်လောက် ထင်ရသည့်အပြင် ရုပ်ကလည်း ဆိုးသလား မမေးနဲ့။ ညအိပ်ရင် သူမျက်နှာမြင်တိုင်း သရဲခြောက်ခံရလို့၊ အိပ်လို့ ရမှာ မဟုတ်ပေ။
ယူမီ ။ ။ မယူနိုင်ဘူး၊ ဒီလောက် ရုပ်ဆိုးတာ။ မယူဘူး၊ မယူဘူး…
ဒယ်ဒီ ။ ။ ယာကူဇာလူဆိုးဂိုဏ်းတော့ ဝင်ချင်တယ်။ ငါ ပေးစားတဲ့ ကောင်လေးကျတော့ ရုပ်ဆိုးလေး ဘာလေး ဂျီများနေသေးတယ်…
ယူမီ ယာကူဇာဂိုဏ်းဝင်မယ့် အကြောင်း ဒယ်ဒီ ဘယ်လိုသိသွားသည်ကို တွေးကြည့်စရာ မလိုပေ။ ဒါ ဒေါ်လေး ဆူမီကို လက်ချက်ပဲ နေမှာသေချာသည်။ ယူမီ အဖြေကို မဖြေပဲ အူလည်လည် လုပ်နေလိုက်သည်။
ယူမီ ။ ။ ယာကူဇာဂိုဏ်း၊ ကြားတောင် မကြားဖူးပါဘူး။ မာမီ အဲဒါ ဘာလဲဟင်…
မာမီ ။ ။ သမီးကလည်း ဂျပန် လူဆိုးဂိုဏ်းလေ။ ရုပ်ရှင်ကား တစ်ကားတောင် ထွက်သွားသေးတယ်…
ဒယ်ဒီ ။ ။ ဒီမှာ ယူမီကို၊ မင်းငါ့ မိန်းမကို လှည့်လို့ရရင် ရမယ်၊ ငါကိုတော့ မရဘူးကွ။ ကျောင်းမှာတော့ ယာကူဇာဂိုဏ်းဝင်ဖို့ လှုံဆော်စာတွေ လိုက်ဝေနေပြီးတော့ ခုမှ ဘာဂိုဏ်းလည်း လူလည်လာမကျနဲ့ ဟွန်း…
ဒယ်ဒီက ကုမ္ပဏီမှာ ရာထူးအကြီးဆုံး ဆိုတော့ ခပ်တည်တည်နဲ့ နေထိုင်တတ်သည်။ သို့သော် အိမ်မှာ မိသားစုနဲ့ အတူတူနေချိန်တွင် ဆန့်ကျင်ဘက်ဖြစ်သည်။ ယူမီနဲ့တောင် ပြိုင်ရန်ဖြစ်တဲ့ အခါ ဖြစ်သေးသည်။
ယူမီ ။ ။ မသိဘူး။ ဟိုအဘိုးကြီးကိုတော့ မယူနိုင်ဘူး…
ဒယ်ဒီ ။ ။ မရဘူး ယူရမယ်…
ယူမီ ။ ။ မယူဘူး ဆိုမှ…
ဒယ်ဒီ ။ ။ မလိုချင်ဘူး၊ ငါက ယူဆို ယူပဲ…
ယူမီ ။ ။ ယူမီကလည်း No ဆို No ပဲ…
ဒယ်ဒီ ။ ။ ငါကလည်း Yes ဆို Yesပဲ…
ဒယ်ဒီနဲ့ ယူမီနဲ့ အိမ်ထောင်ပြုဖို့ ကိစ္စကို ငြင်းခုံနေကြစဉ်၊
မာမီ ။ ။ နေကြပါအုန်း။ ယူမီကိုမှာ ချစ်သူကောင်လေး ရှိချင်ရှိနေမှာပေါ့…
မာမီ့ကို ဒီတစ်ခါတော့ အရမ်းချစ်သွားပြီ။ ယူမီ့မှာ ချစ်သူ ရှိတယ်လို့ လိမ်ပြောလိုက်ရင် အဘိုးကြီးကို မယူရတော့ဘူး… တန်တန်တန်၊
ယူမီ ။ ။ ယူမီမှာ ချစ်သူ ရှိတယ်။ သူကလွှဲလို့ ဘယ်သူမှ မယူနိုင်ဘူး။ သူကိုပဲ ချစ်တယ်။ သူနဲ့ပဲ ယူမယ်။ သူနဲ့ပဲ လက်ထပ်မယ်…
ဒယ်ဒီ ။ ။ ငါမှာလည်း ငါသဘောတူတဲ့ ကောင်လေးရှိတယ်။ မင်းချစ်သူနဲ့ သဘော မတူနိုင်ဘူး။ ငါပေးစားတဲ့ ကောင်လေးကိုပဲ သဘောကျတယ်။ သူနဲ့ပဲ ယူရမယ်။ သူနဲ့ပဲ လက်ထပ်ရမယ်…
ယူမီ ။ ။ ဒယ်ဒီ မတရားဘူး။ ဒယ်ဒီလည်း ဒယ်ဒီချစ်တဲ့ သူကို ယူထားပြီတော့…
ဒယ်ဒီ ။ ။ မတရားတော့ ဘာဖြစ်လဲ။ ခုခေတ်မှာ တရားတာ မတရားတာတွေ လာပြောမနေနဲ့…
ယူမီ ။ ။ အဘိုးကြီးကို ယူရမယ်ဆိုရင် ယာကူဇာဂိုဏ်းဝင်မှာနော်…
ဒယ်ဒီက ဒါဆိုလည်း ယာကူဇာဂိုဏ်းဝင်ပေါ့လို့များ ပြောမလား၊ ယူမီ စောင့်နားထောင် နေသည်။
ဒယ်ဒီ ။ ။ ဒါဆိုလည်း ဟိုကောင်လေးကို မနက်ဖြန် အိမ်ခေါ်လာခဲ့…
မနက်ဖြန် ယူမီချစ်သူကို အိမ်ခေါ်လာဖို့ ဒယ်ဒီပြောနေပါ့လား။ အဲဒါမှ ဒုက္ခ၊ ယူမီမှာ ချစ်သူမှ မရှိပဲ။ ဘယ်သူကို အိမ်ခေါ်ခဲ့ရင် ကောင်းမလဲ တွေးရင်း အိဂျီကို ပြေးသတိရမိသည်။ အိဂျီကို ယူမီချစ်သူ အနေနဲ့ အိမ်ခေါ်ခဲ့လျှင် ဘာဖြစ်မည်ကို စိတ်ကူးယဉ်ကြည့်လိုက်သည်။
အိဂျီ ။ ။ မင်္ဂလာပါ ဒယ်ဒီ။ သားသားက အိဂျီလို့ ခေါ်ပါတယ် ဒယ်ဒယ်ဒီ…
ယူမီအရပ်ရှည်သည်မှာ ဒယ်ဒီနဲ့ တူသောကြောင့် ဖြစ်သည်။ ဒယ်ဒီက အရပ်ရှည်သဖြင့် အိဂျီကို မနည်း ငုံ့ကြည့်ရမှာ သေချာသည်။
ဒယ်ဒီ ။ ။ ယူမီကို ဒီပုပုကောင်လေးက ငါ့သမီး ချစ်သူ၊ ဂစ်… ဂစ်… ဂစ်…
ဒယ်ဒီ မူးလဲပြီး ဆေးရုံရောက်သွားနိုင်သည်။ ဒါကြောင့် အိဂျီကို အိမ်ခေါ်လာဖို့ကလည်း မဖြစ်နိုင်ပေ။ အချိန်ဆွဲပြီး နောက်မှ အကြံထုတ်လျှင် အကောင်းဆုံးဖြစ်မည်။
ယူမီ ။ ။ သူက ဒီတပတ်မအားသေးဘူး၊ တွေ့ချင်ရင် နောက်အပတ်ဆိုရင် အားကောင်းပါရဲ့…
ဒယ်ဒီ ။ ။ သူက ဘာအလုပ်လုပ်လို့ မအားရမှာလဲ…
ယူမီ ။ ။ ဘာအလုပ်လဲဆိုတာတော့ ခုထိ စဉ်းစားမရသေးဘူး။ နောက်မှ ပြောတော့မယ်။ ဒီနေ့ အန်တီ ဆူမီကိုဆာရာ အိမ်မှာ သွားအိပ်မယ်။ ဘိုင်ဘိုင်…
ယူမီ အလိမ်မပေါ်ခင် အမြန် ဒေါ်လေး အိမ်သို့ ထွက်ပြေးလာခဲ့တော့သည်။
- - - - - - - - - - - - - - - - - - - - - -
ဆက်ရန်
ဆက်ရန်
i really like this one and gonna read part 3 now
ReplyDeleteဆက်ဖတ်ကောင်းခန်းရောက်နေပြီး...:)
ReplyDelete