‘‘သူငယ်ချင်း’’
ကျွန်မ ။ ။ ဟယ်လို...
ဟိန်းထက် ။ ။ ဟဲ့ လွမ်းနေခြည်။ ငါပါ...
ဟိန်းထက်ကို သွားဘယ်နှချောင်းရှိသည်ကအစ အားလုံးကို သိသော ကျွန်မ၊ ဟိန်းထက် အသံကြားလိုက်သည်နှင့်၊
ကျွန်မ ။ ။ ဟိန်းထက် နင်အသံက ဘာဖြစ်နေတာလဲ...
ဟိန်းထက် ။ ။ ဟို တောသူမပေါ့ဟာ။ စိတ်ကောက်နေပြန်ပြီ၊ ငါလည်း ပြန်ချော့ချင်တော့ဘူး။ ဖြတ်လိုက်တော့မယ်ဟာ စိတ်ရှုပ်တယ်...
ကျွန်မ ။ ။ နင် အဲဒီလို ဖြတ်နေတာနဲ့ ခုတောင် ဘယ်နှယောက်တောင် ရှိပြီလဲ...
ဟိန်းထက် ။ ။ ၃ယောက်ထဲပါဟာ...
ကျွန်မ ။ ။ မိန်းခလေးပဲ စိတ်တော့ကောက်မှာပေါ့။ ဒါလေးတောင် သည်းမခံနိုင်ဘူးလား...
ဟိန်းထက် ။ ။ သိဘူးဟာ...
ထိုချိန် ကျွန်မ ဟမ်းဖုန်းက ဖုန်းသံ(သီချင်းသံ) ထွက်လာ၍ ဖုန်းပြောရင်း ဟမ်းဖုန်းကို ဆက်သူ နံမည်ကို လှမ်းကြည့်လိုက်သည်။
ကျွန်မ ။ ။ ဟိန်းထက်၊ နင်တောသူမ ငါဆီဆက်နေတယ်။ ခဏကိုင်ထားအုန်း...
ဟိန်းထက် ။ ။ ငါမကောင်းကြောင်းပြောရင်း နင်ပြန်သာ ဆဲလိုက်။ နားထောင် မနေနဲ့...
ကျွန်မ ။ ။ အေးပါဟယ်...
ဟိန်းထက်နှင့် ပြောလက်စဖုန်းကို ဘေးခဏချပြီ ဟမ်းဖုန်းကို ကိုင်လိုက်သည်။
ကျွန်မ ။ ။ တောသူမပြော။ အယ်မှားလို့ နှင်းသီရိပြောလေ...
နှင်းသီရိ ။ ။ မမရယ် မမလူလုပ်ပုံလည်း စဉ်းစားကြည့်ပါအုန်း။ နှင်းကို ၁နာရီချိန်းပြီ ၃နာရီမှ ရောက်လာတယ်လေ။ ပြီတော့သူက ပြောသေးတယ် သူအလုပ်များတာ နားလည်ပေးရမယ်တဲ့လေ...
ကျွန်မ ။ ။ တကယ်လည်း သူအလုပ်များနေလို့ နေမှာပါ နှင်းရယ်။ နားလည်ပေးလိုက်ပါ...
နှင်းသီရိ ။ ။ အို၊ မမကတော့ မမ သူငယ်ချင်းဘက်ကပဲပေါ့။ နှင်းမှာ ခံစားနေရာတာ ဘယ်သူသိနိုင်မှာလဲ...
ကျွန်မ ။ ။ မမပြောတာ အဲဒီလို မဟုတ်ပါဘူး။ ဟို...
နှင်းသီရိ ။ ။ ပြီတော့ သူက ပြောသေးတယ်။ မမလွမ်းနေခြည်ဆိုရင် သူတို့ ဆယ်တန်းကတည်းက ပေါင်းလာတာ၊ သူအနွမ်းတာ ခံပေးတယ်တဲ့လေ။ အဲဒီလို ပြောလိုက်တာ နှင်းဘာဖြစ်သွားလဲ။ နှင်းက သူချစ်သူလေ၊ နှင်းနဲ့မမကို ယှဉ်ပြောတာ နှင်း မကြိုက်ဘူးမမ...
ကျွန်မ အလယ်ကနေရင်း သူတို့နှစ်ယောက်ကြားထဲ အလိုလို ကြားညှပ်လာသည်။ ကျွန်မလည်း ပြေလည်ပါစေတော့ စိတ်မျိုးဖြင့်၊
ကျွန်မ ။ ။ ဟိန်းထက်ကလည်း ဘာတွေ လျှောက်ပြောနေမှန်း မသိပါဘူး...
နှင်းသီရိ ။ ။ အဲဒါပြောတာပေါ့။ မမ နှင်းကို စိတ်မဆိုးသွားပါဘူးနော်...
ကျွန်မ ။ ။ မဆိုးပါဘူး နှင်းရဲ့...
နှင်းသီရိ ။ ။ တော်သေးတာပေါ့ မမရယ်။ ကိုကိုနဲ့ ပတ်သက်ပြီ ရင်ဖွင့်စရာဆို မမပဲ ရှိတာ။ ခုရင်ဖွင့်လိုက်ရလို့ တော်တော် ရင်ထဲ ပေါ့သွားတယ်။ ကိုဟိန်း မမကို ဖုန်းဆက်ရင်လေ၊ နှင်း သူကို အရမ်းချစ်တယ်လို့ ပြောပေးနော်...
ကျွန်မ ။ ။ အေး၊ ပြောလိုက်မယ်။ ပြေလည်သွားတော့ ကောင်းပါတယ် နှင်းရယ်...
နှင်းသီရိ ။ ။ မမ ဒါဆို ဘိုင်ဘိုင်နော်...
ကျွန်မ ။ ။ အေး နှင်း ဘိုင်ဘိုင်...
ဟမ်းဖုန်းခလုတ်ကို ပိတ်လိုက်ပြီ ၀ူးဝူး သက်ပြင်းအရှည်ကြီးချလိုက်မိသည်။ ပြီမှ ဟိန်းထက်နှင့် ပြောလက်စ ဖုန်းကို ကောက်ကိုင်လိုက်ပြီ၊
ကျွန်မ ။ ။ ဟိန်းထက် နင်ကိုင်ထားသေးလား...
ဟိန်းထက် ။ ။ ဟိုတောသူမ ငါမကောင်းကြောင်း ဘာပြောသွားလဲ...
ကျွန်မ ။ ။ ဘာမှ မပြောဘူး။ နင်ကို အရမ်းချစ်တယ်တဲ့ ကျေနပ်ပြီလား...
ဟိန်းထက် ။ ။ ဒါဆို စိတ်မကောက်တော့ဘူးပေါ့...
ကျွန်မ ။ ။ အေးပေါ့...
ဟိန်းထက် ။ ။ ကျေးဇူးပါ အောင်သွယ်တော်ကြီးရာ...
ကျွန်မ ။ ။ နင်နော် ငါကို အောင်သွယ်တော်လို့ မခေါ်နဲ့လို့ ဘယ်နှခါ...
စကားမဆုံးသေးခင် ဟိန်းထက် ဖုန်းကို အရင်ချသွားသည်။ ကျွန်မ ဖုန်းကို ဖုန်းခွက်ပေါ်တင်လိုက်ပြီ ခေတ္တမျှငိုင်ဝေသွားသည်။ ဟိန်းထက်နဲ့ ကျွန်မက အထက်တန်းထဲက သူငယ်ချင်းတွေ ဖြစ်သည်။ သူရည်စားတွေနဲ့ ပြသာနာဖြစ်တိုင်း ကျွန်မကိုပင် အမြဲတိုင်လာပတ်တတ်သည်။ ဒီလိုဖြေရှင်းပေးရင်း သူရည်စားတွေ တယောက်ပြီ တယောက် ပြောင်းသွားပေမယ့် ကျွန်မမှာ ခုထိတိုင် ချစ်သူ မရှိသေးပေ။
ဖုန်းပြောပြီသည်နှင့် ကျွန်မ တိုက်လက်စ မီးဖိုပြန်တိုက်ရန် အိပ်ခန်းထဲ ၀င်လာတော့ ညှော်နံ့ရ၍ ကြည့်လိုက်ရာ၊ ဖုန်းသံကြားပြီ ပြေးထွက်သွားရာ ကျွန်မ အကျီင်္အသစ်လေး မီးကျွမ်းသွားပြီ ဖြစ်သည်။ မီးကျွမ်းသွားသော အကျီင်္ကို ကြည့်ပြီ ဟိန်းထက်၊ ဟိန်းထက် ဘာကောင်းကျိုးမှ မပေးဘူးဟု စိတ်ထဲမှ ဆဲဆိုပစ်လိုက်ချင်သည်။
ညနေပိုင်း မီးဖိုချောင်ထဲမှာ ဟင်းချက်နေသည်။ အိမ်ရှေ့တွင် ဟိန်းထက် ကားဟွန်းတီးသံ ကြားလိုက်ရသည်။ ဟင်းချက်လက်စနှင့် အိမ်ရှေ့သို့ ထွက်လာသည်။
အန်တီလေး ။ ။ အိမ်ရှေ့မှာ ဟိန်းထက်ထင်တယ်...
ကျွန်မ ။ ။ ဟုတ်...
ခြံတံခါးဖွင့်ရန် ပေးဆင်းသွားပြီ မီးဖိုချောင်ထဲတွင် ဟင်းအိုးတန်းလန်းဆိုတာ သတိရ၍ ခြံထဲမှနေ အန်တီလေးရှိရာ အိမ်ထဲသို့၊
ကျွန်မ ။ ။ အန်တီလေး မရိုးမသေ၊ ဟင်းအိုးမီးခလုတ်လေး ပိတ်ပေးပါ...
အန်တီလေး ။ ။ ဒီကောင်မလေးကလည်း အမြဲ ဟိန်းထက်လာပြီဆိုတာနဲ့ ပျာသလဲနဲ့။ သွားဖွင့်ချည်း၊ အန်တီလေးပဲ ဆက်ချက်လိုက်မယ်...
ပြန်ရယ်ပြပြီ ခြံတံခါးကို အမြန်ပေးဖွင့်လိုက်သည်။ ဟိန်းထက်ကားတော့ ဟုတ်ပေမယ့် ဟိန်းထက် တစ်ယောက်ထဲ မဟုတ်ပေ။ နှင်းသီရိလည်း ပါလာသည်။ ဟိန်းထက် နဲ့ နှင်းသီရိ နှစ်ယောက် ရှိုးအပြည့်နဲ့ ၀တ်စားဆင်ယင်ပုံထောက်ရင် အပြင်သွားဖို့ ဖြစ်မည်ဟု ကျွန်မ တွေးမိလိုက်သည်။ ကျွန်မ ကားပေါ်မှ ဆင်းလာသော နှင်းသီရိပြုံးပြရင်း၊
ကျွန်မ ။ ။ နှင်းသီရိလည်း ပါလာတာကိုး...
နှင်း ။ ။ ကိုကိုပေါ့။ မမ မပါရင် ရုပ်ရှင်မကြည့်ဆိုလို့ မမကို ချောလာဆွဲတာ...
ကျွန်မ ၀တ်ထားတဲ့ အိမ်ဝတ်အကျီင်္ကို ငုတ်ကြည့်ပြီ၊
ကျွန်မ ။ ။ တကိုယ်လုံး ဟင်းနံ့တွေနဲ့ လိုက်တော့ပါဘူး။ နှင်းတို့ဘာသာ သွားကြည့်ပါ...
ဟိန်းထက် ။ ။ လွမ်းနေခြည် နင်ဒီအတိုင်းလည်း လှပါတယ်ဟာ။ နင်ကြည့်ချင်တဲ့ Mission Impossible 4 သွားကြည့်မှာ။ မရဘူး လိုက်ခဲ့ဟာ...
ပြောရင်း သူထုံးစံအတိုင်း ကျွန်မလက်ကို အတင်းလာဆွဲသည်။ ထိုချိန် နှင်းသီရိ မျက်နှာတချက်ပျက်သွားသည်ကို ကျွန်မသတိပြုလိုက်မိ၍ လက်ကို လာကိုင်သော ဟိန်းထက်လက်ကို အတင်းဆွဲဖြုတ်လိုက်ရင်း၊
ကျွန်မ ။ ။ လိုက်ဆိုလည်း လိုက်ခဲ့မယ်။ အကျီင်္တော့ ခဏလှဲလိုက်အုန်း...
ဟိန်းထက် ။ ။ နင်ကို ငါ ၃မိနစ်အချိန်ပေးမယ်...
ပြောကာ ရယ်ရင်း နှင်းသီရိ ပခုံးကို ဟိန်းထက် လှမ်းဖက်ကာ သူတို့နှစ်ယောက် စကားတွတ်တီးပြောရင်း ကျန်ရစ်ခဲ့ကြသည်။ ဟိန်းထက်က ကွန်ပြူတာ ပစ္စည်းရောင်းတဲ့ဆိုင် ဖွင့်ထားသည်။ နှင်းသီရိအမတွေကလည်း ဟိန်းထက်နဲ့ စီးပွားတူတွေ ဖြစ်တာမို့ မိတ်ဆက်ပေးရင် ချစ်ကြိုက်သွားကြခြင်းဖြစ်သည်။ ဟိန်းထက် အသားညှိညှိ၊ အရပ်ရှည်ရှည်နှင့် ဥပတိရုပ် တော်တော်ဖြောင့်သည်။ နှင်းသီရိကတော့ ဟိန်းထက်ထက် ၅နှစ်လောက် ပိုငယ်ပြီ အသားဖြူဖြူ၊ ကိုရီးယား မင်းသမီးစတိုင် ပိန်ပိန်သွယ်သွယ်လေးဖြစ်သည်။ ကျွန်မ အိပ်ခန်းထဲတွင် အကျီင်္မြန်မြန်ကောက်လှဲလိုက်ပြီ ဟိန်းထက်တို့နှင့် ရုပ်ရှင်ကြည့် တူတူထွက်လာတော့သည်။
ကားပေါ်ရောက်တော့ ဟိန်းထက်နှင့် နှင်းသီရိတို့ တစ်ယောက်နှင့် တစ်ယောက် ချစ်ကျီစယ်နေသည်ကို ကျွန်မ ရှက်ရှက်ဖြင့် ပြတင်းပေါက်ဘက် မျက်နှာမူ၍ လိုက်ပါလာသည်။ အရှေ့ဆောင် ရုပ်ရှင် ရှေ့တွင် ဟိန်းထက် ကားကို ထိုးရပ်လိုက်သည်။ ကျွန်မလည်း သူတို့နှင့်တူတူ ကားပေါ်မှ လိုက်ဆင်းလာသည်။ ရုပ်ရှင်ရုံ လက်မှတ်ဝယ်တဲ့နေရာ ရှေ့ရောက်တော့၊
ဟိန်းထက် ။ ။ ၁၈၀၀တန်း ၃စောင်ပေးပါ...
နှင်းသီရိ ။ ။ ကိုကိုကလည်း အတွဲတန်းမှာ မကြည့်ဖူးလား...
ဟိန်းထက် နှင်းသီရိဘက်သို့ လှည့်ကြည့်လိုက်ပြီ၊
ဟိန်းထက် ။ ။ ဟာ၊ လွမ်းနေခြည်ပါနေတာကို သူကို တယောက်ထဲ ကြည့်ခိုင်းလို့ ဖြစ်ပါ့မလား...
နှင်းသီရိ ။ ။ အဲဒါကြောင့် ပြောတာပေါ့။ နှစ်ယောက်ထဲ လာပါဆိုမှ...
နှင်းသီရိ တစ်ယောက်ထဲ ပျစ်တောက်ပြောနေသည်။ သူတို့ နှစ်ယောက်ကြားထဲ ကျွန်မ ၀င်များ ရှုပ်မိသလို ဖြစ်နေပြီလား မသိတော့ပေ။ နှင်းသီရိက ကျွန်မညီမ အရွယ်သာသာ ရှိတာမို့ သူပြောသည်များကို ကျွန်မအပြစ်မမြင်ပါ။ ဒါပေမယ့် စိတ်ထဲ စိတ်မကောင်းတော့ အနည်းငယ် ဖြစ်မိသည်။ ကျွန်မ မျက်နှာ မကောင်းစွာနှင့် မုန့်ဝယ်မည့် နေရာသို့ ထွက်လာခဲ့သည်။ ခဏနေတော့ ဟိန်းထက် နှင့် နှင်းသီရိတို့လည်း ရောက်လာကြသည်။
နှင်းသီရိ ။ ။ မမ...
ကျွန်မ လက်မောင်းကို အတင်းလာတွဲ၍ ကျွန်မ ပြန်ပြုံးပြလိုက်သည်။ ဟိန်းထက်ကတော့ ထုံးစံအတိုင်း နောက်မှ ခေါင်းကို ပုတ်ကာ စသည်။
ကျွန်မ ။ ။ ဟိန်းထက်နော်၊ ငါဆံပင်တွေ ပွကုန်တော့မှာပဲ...
ဟိန်းထက် ။ ။ အပျိုကြီးကလည်း ဆံပင်ပွမှာ ကြောက်နေသေးတယ်...
ကျွန်မ ။ ။ နင်နော်။ ဟွန်း...
ထို့နောက် ရုပ်ရှင်ကြည့်ရန် ရုပ်ရှင်ရုံထဲသို့ ၀င်လာခဲ့သည်။ ရုပ်ရှင်ရုံထဲ ရောက်ပြန်တော့ ကျွန်မ အရင်ဝင်လိုက်သည်။ ကျွန်မဘေးတွင် နှင်းသီရိဝင်ထိုင်လိုက်သည်။ နှင်းသီရိဘေးတွင် ဟိန်းထက် ထိုင်နေသည်။ ရုပ်ရှင်စပြဖို့ မီးမှောင်လိုက်သည်နှင့် ဟိန်းထက် နှင်းသီရိကိုကျော်၍၊
ဟိန်းထက် ။ ။ လွမ်းနေခြည်...
ကျွန်မ ။ ။ ဘာလဲ...
ဟိန်းထက် ။ ။ ရှေ့လထဲ ငါတို့ကျောင်းက ဆရာကန်တော့ပွဲ နင်သွားမှာလား...
ကျွန်မ ။ ။ နင်ရောသွားမှာလား...
ဟိန်းထက် ။ ။ အေး နင်သွားရင် ငါလည်းသွားမယ်...
ကျွန်မ ။ ။ ဒါဆို တူတူသွားတာပေါ့...
နှင်းသီရိကို အလယ်မှာ ထားပြီ စကားပြောနေရ၍ အားနာလာသည်နှင့် စကားဖြတ်ပြီ ကျွန်မ ရုပ်ရှင်စကြည့်သည်။ ခဏနေတော့ နှင်းသီရိနှင့် ဟိန်းထက်တို့ နေရာပြောင်းနေသည်ကို တွေ့၍၊
ကျွန်မ ။ ။ ဘာလို့လဲ နှင်း အိပ်သာသွားမလို့လား...
နှင်းသီရိက မျက်နှာသိပ်မကောင်းစွာဖြင့်၊
နှင်းသီရိ ။ ။ သူပေါ့။ မမဘေးမှာ ထိုင်ချင်လို့တဲ့လေ...
ပြောရင်း နှုတ်ခမ်းကို မဲ့ရွှဲ့သွားသည်။ ကျွန်မလေ ရုပ်ရှင်ရုံကို လိုက်ခဲ့မိတာ မှားပြီလို့ တွေးကာ စိတ်ပျက်သွားမိသည်။ ဟိန်းထက်က သွားဖြီးပြီ ပျော်ရွှင်စွာ ကျွန်မဘေးမှာ ၀င်ထိုင်လိုက်သည်။ နှင်းသီရိရှိနေ၍ ဟိန်းထက်ကို ကျွန်မ ဘာမှ မပြောချင်ပေ။ ဒါကြောင့် ကိုယ်ဘာသာ နေကြာစေ့စားရင်း ရုပ်ရှင်ကြည့်နေသည်။ အက်ရှင်ခန်းမှာ ဇံဝင်နေတုန်း ဟိန်းထက် ဘေးမှ ကျွန်မကို လာတို့၍၊
ကျွန်မ ။ ။ ဘာလဲ...
တိုးတိုးလေး ပြန်ဖြေလိုက်သည်။ ဟိန်းထက် ကျွန်မနားနား ကပ်ပြီ၊
ဟိန်းထက် ။ ။ နင်နဲ့ငါ၊ နှင်းသီရိကို အိမ်ပြန်ပို့ပြီရင် ကာလာအိုကေ သွားဆိုရအောင်...
နှင်းသီရိကို ကျွန်မလှမ်းကြည့်လိုက်မိသည်။ နှင်းသီရိ ရုပ်ရှင်ကို အာရုံရောက်နေ၍ ကျွန်မတို့ ပြောသည်ကို ကြားပုံ မပေါ်ပေ။ ကျွန်မလည်း ဟိန်းထက်နားကပ်ပြီ တိုးတိုးလေး၊
ကျွန်မ ။ ။ အင်း၊ သွားတာပေါ့...
ပြန်ပြောရင်း ရုပ်ရှင်ဆက်ကြည့်နေသည်။ ခဏကြာတော့ ဟိန်းထက်တို့ကို လှည့်ကြည့်လိုက်တော့ ဟိန်းထက် ရင်ခွင်ထဲ နှင်းသီရိရောက်နေသည်။ ကျွန်မ ပြုံးတုံးတုံးလေး ပြုံးရင်း ရုပ်ရှင်ဆက်ကြည့်နေသည်။
ရုပ်ရှင်ကြည့်ပြီ နှင်းသီရိကို အိမ်ပြန်ပို့ပေးဖို့ ဟိန်းထက် ကားနှင့် လိုက်ပါလာသည်။ ကျွန်မ အိမ်သို့ သွားမည့်လမ်းကို ကျော်လာ၍၊
နှင်းသီရိ ။ ။ မမအိမ်ကို ပို့ပေးမှာ မဟုတ်ဖူးဘူးလား...
ဟိန်းထက် ။ ။ နှင်းအိမ်ကို အရင် ပို့ပေးမယ်...
နှင်းသီရိ ။ ။ ဟင်၊ ဘာလို့...
ဟိန်းထက် ။ ။ နှင်းနောက်ကျမှာ စိုးလို့ပါကွာ...
ပြောရင်းနဲ့ နှင်းသီရိအိမ်ရှေ့သို့ ရောက်လာသည်။ နှင်းသီရိကားပေါ်မှ စောင့်ကြီး အောက်ကြီး ဆင်းသွားရင်း၊ ကျွန်မထိုင်နေသော နောက်ခန်းသို့ ပြုံးတီတီလေးပြုံးကာ ကြည့်ရင်း၊
နှင်းသီရိ ။ ။ မမ၊ နှင်း စိတ်ချမယ်နော်...
ပြောကာ သူမအိမ်ထဲသို့ ၀င်သွားတော့သည်။ နှင်းသီရိပြောခဲ့သည့်စကားကို ကျွန်မ နားလည်တ၀က်၊ မနားလည် တ၀က်ပင်။ ဘာလို့ သူစိတ်ချမယ် ပြောသွားသည်ကို မသိပေ။ နှင်းသီရိအိမ်ထဲ ၀င်သွားသည်အထိ ဟိန်းထက် ကားစောင့်ပေးနေသည်။ နှင်းသီရိက အိမ်ထဲ ၀င်ခါနီး လက်ပြ၍ ကျွန်မပြန်ပြလိုက်သည်။ ဟိန်းထက်လည်း လက်ပြန်ပြပြီ မောင်းထွက်လိုက်သည်။ နှင်းသီရိအိမ် လမ်းလည်း ချိုးရော ကား လီဗာကို ဆော့နင်းလိုက်၍ ကျွန်မရှေ့ထိုင်ခုံနဲ့တောင် စောင့်မိမလို ဖြစ်သွားသည်။
ကျွန်မ ။ ။ ဟိန်းထက်၊ နင်ကားကို ဘယ်လို မောင်းနေလဲ...
ဟိန်းထက် ။ ။ နင်ရှေ့ခန်းလာခဲ့...
ကျွန်မ ။ ။ ဟာ၊ ဒီမှာပဲ ထိုင်တော့မယ်...
ဟိန်းထက် ။ ။ မရဘူး၊ လာခဲ့ဟာ။ မဟုတ်ရင် ငါကိုယ်တိုင် လာခေါ်ရမှာလား..
ကျွန်မ ။ ။ နင်က အတင်းပဲ...
ပြောကာ နောက်ခန်းမှ ရှေ့ခန်းသို့ ပြောင်းထိုင်လိုက်ပြီ ခါးပတ်ကြိုးကို တပ်ထားလိုက်သည်။ ဟိန်းထက် ကျွန်မလာထိုင်မှ ပြုံးလိုက်သွားသည်။ ပြီမှ ကားကို ဆက်မောင်းထွက်လာသည်။ ကျွန်မ ကားမောင်းနေသော ဟိန်းထက်ဘက်သို့ ကြည့်ရင်း၊
ကျွန်မ ။ ။ ဟိန်းထက်၊ နင်ကို ခုနက နှင်းသီရိ ရှိလို့ မပြောတာ။ နင်လုပ်ပုံက ကြာရင် နှင်းက ငါတို့ကို တမျိုးထင်လိမ့်မယ်...
ဟိန်းထက် ။ ။ ဘာဆိုင်လို့လဲ။ သူဒီလောက်တော့ နားလည်ရမှာပေါ့...
ကျွန်မ ။ ။ မဟုတ်ဘူးလေ။ ငါက မိန်းခလေးဆိုတော့ နှင်း ဘယ်လိုတွေးမယ်ဆိုတာ နားလည်တယ်။ ငါဆိုလည်း ငါရည်စားက တခြားကောင်မလေး တစ်ယောက်ကို ဦးစားပေးတာတွေ ကြိုက်မှာ မဟုတ်ဘူး...
ဟိန်းထက် ။ ။ အောင်မာ အပျိုကြီးက ဒါမျိုးတွေ နားလည်လို့လား...
ကျွန်မ ။ ။ နင်၊ သေမယ်..
ဟိန်းထက် လက်မောင်းကို ထုရိုက်လိုက်သည်။ ဟိန်းထက် ကားမောင်းရင်းနဲ့ သူများကို စနောက်ရ၍ မျက်နှာ ဖြီးနေသည်။ ကာလာအိုကေဆိုရန် ကျွန်မတို့ သွားနေကျ Yangon Internation Hotel ၀န်းထဲရှိ XOXO ကာလာအိုကေဆိုင်သို့ ထွက်လာခဲ့သည်။ ကာလာအိုကေ အခန်းကျဉ်းတစ်ခုယူလိုက်သည်။ ခဏနေတော့ စားပွဲထိုးရောက်လာ၍၊
ဟိန်းထက် ။ ။ အာလူးကြော်တပွဲနဲ့ ဘီယာတလုံးပေးပါ...
ဘီယာဟု ကြားလိုက်၍ ဟိန်းထက် ဘက်သို့ လှည့်ကြည့်လိုက်ပြီ ဇတ်ခနဲကောက်ထကာ၊
ကျွန်မ ။ ။ ဒါဆို ငါပြန်တော့မယ်ဟာ...
ဟိန်းထက် ။ ။ နင်ကလည်းဟာ။ ဘီယာလေး သောက်တာ ဘာဖြစ်မှာမို့လဲ...
ကျွန်မ ။ ။ ဘာပဲဖြစ်ဖြစ် နင်ငါရှိတာ။ မသောက်သင့်ဘူး...
ဟိန်းထက် ။ ။ ပြီရော။ မသောက်တော့ဘူး။ ပြန်ထိုင်...
ကျွန်မလက်ကို အတင်းဆွဲချကာ သူဘေးမှာ ထိုင်ခိုင်းလိုက်သည်။ ပြီမှ စားပွဲထိုးကို ပြန်ကြည့်ပြီ၊
ဟိန်းထက် ။ ။ အအေးတလုံးပဲ ပေးတော့...
ပြောလိုက်၍ ကျွန်မက ပြုံးသွားသည်ကို ဟိန်းထက်က မကျေနပ်ပုံနှင့်၊
ဟိန်းထက် ။ ။ ငါ ဘီယာမသောက်ရလို့၊ ၁၂နာရီမထိုးခင်ထိ နင်ကို အိမ်ပြန်ပို့ဘူး...
ကျွန်မ ။ ။ အဲဒီလိုတော့ မလုပ်နဲ့လေဟာ။ ငါက ငါ့အဒေါ်နဲ့ နေရတာ၊ တော်ကြာ အန်တီလေး စိတ်ပူနေပါအုန်းမယ်...
ဟိန်းထက် ။ ။ ဒီမှာ အန်တီလေးကို ငါပိုင်ပြီသားပါ။ နင်ခုနက အိမ်သာသွားတုန်း ငါအန်တီလေးဆီ ဖုန်းဆက်ပြီပြီ...
ကျွန်မ ။ ။ ဟင်၊ အန်တီလေး ဘာပြောလဲ...
ဟိန်းထက် ။ ။ အိုကေပါတယ်ဟာ။ နင်က ကလေးမှ မဟုတ်တော့တာ၊ အပျိုကြီးဖြစ်ပြီ ဟိုင်းနေပြီ...
ကျွန်မ ။ ။ နင်တော့လေ...
နှုတ်ခမ်းကို ကိုက်လိုက်သည်။ ကျွန်မအသက်က ဟိန်းထက်ပြောသလိုတော့ အပျိုကြီးဟိုင်းမဟုတ်သေးပါ၊ အသက် ၂ရနှစ်မို့ အပျိုကြီးဖြစ်ဖို့ နီးရုံပင် ရှိပါသေးသည်။ ကာလာအိုကေ တယောက်တပုဒ်စီ ဆိုရင်းနဲ့ အတွဲသီးချင်းလည်းရောက်ရော၊
ဟိန်းထက် ။ ။ နင်က မိန်းခလေး နေရာက ဆို...
ကျွန်မ ။ ။ မဆိုချင်ပါဘူး၊ နင်ဘာသာဆို...
ဟိန်းထက် ။ ။ မရဘူးနော်။ ဆိုရမယ်...
ကျွန်မလက်ထဲသို့ ကာလာအိုကေမိုက်ထည့်ပြီ အတင်းဆိုခိုင်းတော့သည်။ သီချင်းတူတူဆိုရင်း ပျော်ရွှင်နေသော ဟိန်းထက်ကို ကျွန်မမသိမသာ ကြည့်ရင်း ဟိန်းထက် နင်ပျော်ရင် ငါလည်း ပျော်ပါတယ်ဟာဟု စိတ်ထဲမှာ ရေရွှတ်နေမိသည်။ ည၁၁နာရီ ၄၅မိနစ်တွင် ကျွန်မကို အိမ်သို့ ပြန်ပို့ပေးသည်။ အိမ်ရှေ့ရောက်၍ ကျွန်မကားပေါ်မှ ဆင်းမည်အလုပ်တွင်၊
ဟိန်းထက် ။ ။ နေအုန်း။ ၁၂နာရီမှ မထိုးသေးတာ။ တနေရာသွားရအောင်ဟာ...
ကျွန်မ ။ ။ မသွားချင်တော့ပါဘူး။ အိပ်ငိုက်နေပြီဟ...
ဟိန်းထက် ။ ။ ဒါဆို နင်နဲ့ငါ ကားပေါ်မှာ ခဏ စကားပြောရအောင်...
ကျွန်မလေ ရယ်ရင်းနဲ့ ၊
ကျွန်မ ။ ။ နင်နဲ့ငါ ဖုန်းနဲ့ တနေ့တနေ့ ပြောနေတာ၊ နင်မှာ ပြောစရာ စကားက မကုန်သေးဘူးလား။ ဘာအကြောင်းပြောမလို့လဲ ပြော...
ထိုချိန် ဟိန်းထက် ဟမ်းဖုန်းတွင် ဖုန်းသံမြည်လာ၍ ဟိန်းထက် ဟမ်းဖုန်းမှ နံမည်ကို ဖတ်လိုက်ပြီ ဖုန်းခလုတ်ကို ပြန်ပိတ်လိုက်၍၊
ကျွန်မ ။ ။ ဘယ်သူလဲ...
ဟိန်းထက် ။ ။ ဘယ်သူရှိမှာလဲ ဟိုတောသူမပေါ့...
ကျွန်မ ။ ။ နှင်းသီရိလား၊ ကိုင်လိုက်လေ...
ဟိန်းထက် ။ ။ တော်ပါပြီ၊ ထားလိုက်ပါ။ ဒါနဲ့ နင်ရော... နှင်းသီရိကို ဘယ်လိုမြင်လဲ...
ရှုတ်တရပ်မေးလိုက်၍ ကျွန်မ တွေးဝေသွားသေးသည်။ ပြီမှ သေချာ စဉ်းစားပြီ၊
ကျွန်မ ။ ။ နှင်းသီရိက ချစ်ဖို့ကောင်းတယ်၊ ကလေးဆန်တယ်။ ပြီတော့ နင်ကိုလည်း အရမ်းချစ်တယ်။ အဲဒါ ကြားချင်လို့မလား...
ဟိန်းထက် ။ ။ ဟို ငါသူကို လက်ထပ်ရင်ရော ကောင်းမလား...
မေးခွန်းကို မေးလိုက်ရာ၊ ကျွန်မ ဟိန်းထက် မျက်နှာကို မော့ကြည့်လိုက်ပြီ ခေါင်းညိမ့်လျှက်၊
ကျွန်မ ။ ။ အင်း၊ အရမ်းကောင်းတာပေါ့...
ဟုပြန်ပြောရင်း ကျွန်မမျက်နှာကို လွှဲလိုက်သည်။ ကျွန်မစိတ်ထဲ ဘာလို့ ငိုချင်လာမှန်း မသိအောင် မျက်ရည်များဝဲလာမိ၍ တမင်မျက်နှာလွှဲလိုက်ခြင်း ဖြစ်သည်။
ဟိန်းထက် ။ ။ နင်ဆီက ဒီစကားကြားရမယ်မှန်း ငါသိသားပဲ။ ဒါပေမယ့်ဟာ ငါက သူကို နင်လို ဖြစ်စေချင်တာ။ ငါပြောတာက နင်လို ငါကို အမြဲနားလည် ပေးစေချင်တာ...
ကျွန်မ၀ဲနေသော မျက်ရည်များကို မသိမသာ လက်ဖြင့် သုတ်လိုက်ရင်း၊
ကျွန်မ ။ ။ ဟိန်းထက် ငါနောက်ကျနေပြီ။ အိမ်ထဲဝင်တော့မယ်၊ နောက်နေ့မှ ဆက်ပြောတော့...
ပြောရင်း ကျွန်မ ဘာလို့မှန်းမသိအောင်ကို ကားပေါ်မှ အမြန်ပြေးဆင်းလာမိသည်။ ခြံတံခါး အ၀နားရောက်မှ ဟိန်းထက်ကို လက်လှမ်းပြရင်း နှုတ်ဆက်လိုက်သည်။ ဟိန်းထက် ကားဖြင့် မသွားခင်လေးတောင်၊
ဟိန်းထက် ။ ။ လွမ်းနေခြည်၊ ငါ မနက်ဖြန် အစည်းအဝေးရှိလို့ ငါကို ၆နာရီလောက် ဖုန်းဆက်နှိုးစမ်းပါ...
ကျွန်မ ။ ။ အေးပါ...
ခေါင်းညိတ်ပြရင်း ဟိန်းထက် ကားနှင့် ထွက်သွားသည်ကို ငေးကြည့်ရင်း ကျွန်မ တစ်ယောက်ထဲ ကျန်ရစ်ခဲ့သည်။
---------------------------------------------------------------------------------------------------------
တီတီတီ နှိုးစက်သံကြောင့် ကျွန်မအိပ်နေရာမှ လန့်နှိုးလာသည်။ နာရီတွင် ၅နာရီ ၄၅မိနစ်ဖြစ်သည်။ မနေ့က အိပ်ယာဝင်နောက်ကျတာနဲ့ ဘယ်လို ဒီချိန်ထိ အိပ်ပျော်သွားမှန်း မသိပေ။ ကျွန်မ အိပ်နေရာမှ ကောက်ထလိုက်ရင်း ဟိန်းထက်ဆီ ဟမ်းဖုန်းကို ကောက်နှိပ်လိုက်သည်။ တော်ရုံနှင့် ဟိန်းထက် ဖုန်းမကိုင်ပင်။ တော်တော်ကြာမှ ဟိန်းထက် အိပ်ချင်မူးတူးအသံဖြင့် လာကိုင်ပြီ၊
ဟိန်းထက် ။ ။ ဘယ်လို့ အစောကြီး ဆက်တာလဲ။ ၀ါးဝါး...
ကျွန်မ ။ ။ နင်ပဲ နှိုးခိုင်းပြီတော့၊ ထတော့...
ဟိန်းထက် ။ ။ ဟုတ်သားပဲ။ မနက်စောစောစီးစီး နင်အသံကြားလိုက်တော့ လန်းဆန်းသွားသလိုပဲ ဟီးဟီး...
ကျွန်မ ။ ။ အပိုတွေ ပြောမနေနဲ့။ ထတော့။ ဒါပဲ ငါအလုပ်သွားဖို့ ပြင်ရအုန်းမယ်...
ဖုန်းချလိုက်ပြီ ကျွန်မတချက်ပြုံးလိုက်သည်။ ဟိန်းထက်ကို ကျွန်မချစ်သည်၊ ဟိုအရင်ထဲက ချစ်သည်။ တခြားမိန်းခလေးတွေထက်လဲ ပိုချစ်တယ်။ ဒါပေမယ့် ကျွန်မက သူ့သူငယ်ချင်းမို့ ဘယ်တော့မှ ကျွန်မချစ်သူ ဖြစ်လာမည် မဟုတ်ပေ။ အလုပ်သွားဖို့ အ၀တ်အစားလှဲပြီ အန်တီလေး အဆင့်သင့်လုပ်ပေးထားတဲ့ ထမင်းဘူးယူကာ အလုပ်သို့ ထွက်လာခဲ့သည်။
ကျွန်မက AGD ဘဏ်မှာ အရောင်းဝန်ထမ်းတစ်ဦး ဖြစ်သည်။ ဘဏ်ထဲ ၀င်လိုက်သည်နှင့် ကျွန်မတို့ ဘဏ်မှ မန်နေဂျာ ကိုရဲထွန်းက၊
ကိုရဲထွန်း ။ ။ မင်္ဂလာပါ လွမ်းနေခြည်...
ကျွန်မ ။ ။ ဟုတ်ကဲ့ မင်္ဂလာပါ...
ကိုရဲထွန်း ။ ။ ဟို ကျွန်တော်၊ ဟို ဟို...
လူပျိုကြီး ပီပီ ရှက်တတ်သော ကိုရဲထွန်းကြည့်ပြီ ကျွန်မသနားမိသည်။ ကိုရဲထွန်းက အသက် ၃၀ကျော် လူပျိုကြီးပေမယ့် အလုပ်မှာ တော်ပြီ စိတ်ရင်းကောင်းသူ ဖြစ်သည်။ သူလက်ထဲမှ ကိုင်ထားသော လက်ဆောင်ဘူးလေးကို ကျွန်မလှမ်းကြည့်လိုက်သည်။ ကိုရဲထွန်းက လက်ဆောင်ဘူးကို နောက်သို့ လှမ်းဖွက်လိုက်ပြီ၊
ကိုရဲထွန်း ။ ။ ဟို ဘာမှမဟုတ်တော့ပါဘူး...
ပြောကာ ရှက်ရှက်နဲ့ ထွက်သွားသည်။ ကျွန်မ တချက်ပြုံးလိုက်မိသည်။ ကျွန်မနှင့် အလုပ်တူ သူငယ်ချင်း ခင်မျိုးချစ်က ကျွန်မနားသို့ ရောက်လာပြီ၊
ခင်မျိုးချစ် ။ ။ ဟဲ့ ကိုရဲထွန်း နင်ကို ဘာလာပြောတာလဲ...
ကျွန်မ ။ ။ သိပါဘူးဟာ...
ခင်မျိုးချစ် ။ ။ ဒီလူပျိုကြီးတော့ နင်ကို ကြိုက်နေပုံပဲ...
ကျွန်မဘာမှ ပြန်မဖြေပဲ ရယ်နေလိုက်သည်။ ထမင်းဆိုင်တွင် သူငယ်ချင်းတွေနဲ့ ထမင်းစားနေတုန်း၊
ခင်မျိုးချစ် ။ ။ ဟိုမှာ ဘယ်သူလဲ၊ ကြည့်ပါအုန်း...
ပြော၍ လှမ်းကြည့်လိုက်ရာ ဟိန်းထက် ဖြစ်နေ၍ ကျွန်မ အလိုလို ပြုံးပျော်သွားတော့သည်။ ဟိန်းထက် ကျွန်မတို့ ထမင်းစားနေသော ထမင်းဆိုင်နားတွင် ကားကို ထိုးရပ်လိုက်သည်။ ကျွန်မ ထိုင်နေရာမှ ထရပ်လိုက်ရင်း၊
ကျွန်မ ။ ။ ဟိန်းထက်၊ နင်ဘာလာလုပ်တာလဲ...
ဟိန်းထက် ။ ။ လမ်းကြုံလို့ ၀င်လာတာပါဟာ။ ငါကို ထမင်းကြော်တပွဲလောက် မှာပေးစမ်းပါ၊ ဗိုက်ဆာလွန်းလို့...
ကျွန်မ ။ ။ ရော့၊ ဗိုက်ဆာလည်း ငါထမင်းဘူးပဲစား။ ငါဗိုက်ပြည့်နေပြီ...
ဟိန်းထက် ။ ။ အေး၊ ကျေးဇူးပဲ...
ဟိန်းထက် ဘယ်လောက်ထိအောင် ဗိုက်ဆာနေမှန်းမသိအောင် ထမင်းဘူးပြောင်သွားအောင် စားပစ်လိုက်သည်။ ပြီမှ သူဗိုက်သူပွတ်ရင်း၊
ဟိန်းထက် ။ ။ ခုမှပဲ ဗိုက်တင်းသွားတော့တယ်...
ကျွန်မ ။ ။ နင်ခုထိ မနက်စာ မစားရသေးဘူးလား...
ဟိန်းထက် ။ ။ အေး မစားရသေးဘူးဟ...
ကျွန်မ ။ ။ နင်ကလေ၊ ကျန်းမာရေးကို ဂရုမစိုက်ဘူး...
ထိုချိန် ကိုရဲထွန်း ကျွန်မတို့ စားနေသော ထမင်းဆိုင်ထဲသို့ ၀င်လာသည်။ ဟိန်းထက်နှင့် တွဲထိုင်နေသော ကျွန်မကို လှမ်းကြည့်ပြီ မျက်နှာပျက်သွားသော ကိုရဲထွန်းကို၊
ကျွန်မ ။ ။ ကိုရဲထွန်း ဒီမှာ လာထိုင်ပါ့လား...
ကိုရဲထွန်း ။ ။ ရပါတယ်။ ကျွန်တော် မထိုင်တော့ပါဘူး...
မျက်နှာမကောင်းပဲ ထွက်သွားသည်။ ဟိန်းထက် ကျွန်မကို တံတောင်နဲ့တွတ်ရင်း၊
ဟိန်းထက် ။ ။ အဲဒါဘယ်သူလဲ...
ကျွန်မ ။ ။ မန္တလေးက အသစ်ပြောင်းလာတဲ့ ငါတို့ မန်နေဂျာလေ...
ခင်မျိုးချစ် ။ ။ လွမ်းနေခြည်ကို ကြိုက်နေတာပေါ့...
ဟိန်းထက် ။ ။ ဘာ နင်ကို ဒီလူကြီးက ကြိုက်နေတယ်။ ငါသွားထိုးလိုက်ရမလား...
ကျွန်မ ပြသာနာ ဖြစ်မှာစိုးလို့ ပျာပျာသလဲလဲ၊
ကျွန်မ ။ ။ ဟာ၊ သူက လူကောင်းပါ။ လျှောက်လုပ်နေနဲ့...
ဟိန်းထက် ။ ။ နင်ကဘာလဲ သူကိုကြိုက်နေတာလား...
ခင်မျိုးချစ် မီးမွှေးခဲ့ပေးပြီ ပြုံးစိစိဖြင့် မသိမသာ လစ်ထွက်သွားတော့သည်။
ကျွန်မ ။ ။ ဟာ မဟုတ်ပါဘူး။ ငါက သူကို သနားတာပါ...
ဟိန်းထက် ။ ။ အေး၊ သနားတယ်၊ သနားတယ်နဲ့ပဲ ပါပါသွားကြတာပဲ...
ကျွန်မ ။ ။ နင်ကျတော့ ရည်စားထားပြီ ငါကျတော့ မထားရဘူးလား...
ဟိန်းထက် ။ ။ တော်ပြီဟာ ငါပြန်မယ်...
စိတ်ဆိုးဆိုးနဲ့ ကောက်ခနဲ ထထွက်သွားတော့သည်။ ကျွန်မလိုက်ခေါ်ချင်ပေမယ့် ဒီအတိုင်းထားလိုက်တာ ပိုကောင်းပါတယ်။ နင်နဲ့ငါက သူငယ်ချင်းပဲလေဟု စိတ်ထဲမှာ တွေးနေမိသည်။ ညနေပိုင်း ရုံးဆင်းချိန်တွင် ဟိန်းထက် ကျွန်မကို လာစောင့်နေပြန်သည်။ သူဘာသာ စိတ်ဆိုးသွားပြီ သူဘာသာ အမြဲလာချော့တတ်သူဖြစ်သည်။ သူကို မမြင်ချင်ယောင်ဆောင်ပြီ ကျောထွက်သွားရာ၊
ဟိန်းထက် ။ ။ လွမ်းနေခြည်၊ ကားပေါ်တက်...
ကျွန်မ ။ ။ ဘာလို့ တက်ရမှာလဲ...
ဟိန်းထက် ။ ။ တော်တော့ ဟန်လုပ်မနေနဲ့၊ တက်...
ကားရှေ့ခန်းတံခါးကို ဖွင့်ပေးပြီ ဟိန်းထက် ရပ်စောင့်နေသည်။ ကျွန်မလည်း စိတ်ဆိုးနေပုံဖြင့် ကားပေါ်တက်လိုက်သည်။ ဟိန်းထက် ကားစက်ကိုနှိုးပြီ ကားကို အရှိန်ပြင်းစွာ မောင်းတော့သည်။ ကျွန်မဖြင့် ဘေးက လန့်လိုက်တာ မပြောနဲ့၊ ဒါပေမယ့် သူဒေါသထွက်နေမှန်း သိ၍ ဘာမှ မပြောပဲ၊ ဒီအတိုင်း လိုက်လာခဲ့သည်။ ကန်တော်ကြီး ပန်းခြံထဲလည်း ရောက်ရော ကားကို ထိုးရပ်လိုက်သည်။ ပြီတော့ ကျွန်မကိုလည်း စကားပင် မပြောပဲ၊ ကားစီယာတိုင်ပေါ်တွင် ခေါင်းမှောက်နေသည်။
ကျွန်မ ။ ။ ဟိန်းထက် နင်ဘာဖြစ်နေတာလဲ။ မနက်က ကိစ္စကြောင့်ဆိုရင် ငါအမှားပဲ ထား...
ဟိန်းထက် ။ ။ နင်ကို တခြားသူရင်ခွင်ထဲမှာ ရှိနေမှာ ငါမလိုချင်ဘူး...
ကျွန်မ ။ ။ ဘာလို့လဲ...
ဟိန်းထက် ။ ။ ငါအဲဒါတွေ မသိဘူးဟာ။ ပြီတော့ ကိုရဲထွန်းဆိုတဲ့လူကိုလည်း ငါမကြိုက်ဘူး...
ကျွန်မ ။ ။ သူက လူကောင်းပါ...
ဟိန်းထက် ။ ။ တော်ဟာ၊ ဒီမှာ နင်ဒီလောက်ကို ရည်းစားလိုချင်နေရင် ငါဒီလူထက် အဆ၁၀၀ သာတဲ့သူ ငါသူငယ်ချင်းတွေထဲက ရှာပေးလို့ရတယ်...
ကျွန်မ ဇတ်ခနဲ ဟိန်းထက် မျက်နှာကို လှမ်းကြည့်လိုက်သည်။ ဟိန်းထက် နင်ပြောရက်လိုက်တာ၊ ငါချစ်နေတာ နင်ဆိုတာ နင်ဘာလို့ မသိရတာလဲဟု စိတ်ထဲမှ တွေးကာ၊
ကျွန်မ ။ ။ ဒီမှာ နင်ရှာပေးမှ ငါရည်းစားရမှာ မဟုတ်ပါဘူး။ ပြီတော့ ငါဘာသာ ဘယ်သူကြိုက်ကြိုက် နင်ပူဘာပါလို့လဲ...
ဟိန်းထက် ။ ။ လွမ်းနေခြည်၊ နင်က ခုတော့ ဒီလိုပြောပြီပေါ့။ ဘာမှ မဟုတ်တဲ့ကောင် အတွက်နဲ့ နင်နဲ့ငါကြားက ခင်မင်မှုဆိုတာ ဘယ်ရောက်သွားပြီလဲ...
ပြောရင်း ကားတံခါးကို ဆွဲဖွင့်ကာ အပြင်သို့ ထွက်သွားသည်။ ကျွန်မလည်း ကားပေါ်မှ လိုက်ဆင်းလာခဲ့သည်။ ထိုချိန် ဟိန်းထက် ဟမ်းဖုန်းထလည်းမြည်ရော၊
ဟိန်းထက် ။ ။ သောက်ဖုန်းက တစ်မျိုးကွာ...
သူဟမ်းဖုန်းကို အဝေးသို့ ပစ်ပေါက်မယ် လုပ်၍ ကျွန်မအချိန်မှီ လက်ကို လှမ်းဆွဲရင်း၊
ကျွန်မ ။ ။ ဟိန်းထက်၊ နင်ထင်သလို မဟုတ်ပါဘူး။ ဘယ်သူမှ ငါတို့ကြားက ခင်မင်မှုကို ဖျက်စီးမခံပါဘူး...
ပြောလိုက်မှ ဟိန်းထက် ကျွန်မမျက်နှာကို သေချာကြည့်ရင်း အနည်းငယ် စိတ်ပြေသွားမှ သူလက်ကို အောက်သို့ ပြန်ချလိုက်သည်။ ထို့နောက် ကျွန်မအိမ်သို့ ပြန်ပို့ပေးသည့် တလမ်းလုံး တစ်ယောက်နှင့် တစ်ယောက် စကားမပြောဖြစ်ပေ။ ကားပေါ်မှ ဆင်းခါနီးမှ၊
ကျွန်မ ။ ။ ငါသွားတော့မယ်...
ဟိန်းထက် ။ ။ ငါ ဒီနေ့ကိစ္စ တောင်းပန်ပါတယ်...
ကျွန်မ ။ ။ ရပါတယ်ဟာ။ ငါက ဘယ်သူမို့လည်း နင်အခင်ဆုံး သူငယ်ချင်းလေ...
နှစ်ယောက်လုံး ပြုံးရယ်ရင်း ဟိန်းထက်ကို နှုတ်ဆက်ပြီ ကားပေါ်မှ ဆင်းလာခဲ့သည်။ ကျွန်မ ခြံထဲ ၀င်ပြီသည်အထိ ဟိန်းထက် မသွားသေး၍ လက်ဟန်ဖြင့် အတင်းသွားခိုင်းမှ ထွက်သွားတော့သည်။ ကျွန်မပါးစပ်မှ တိုးတိုးလေး၊
ကျွန်မ ။ ။ ဟိန်းထက်၊ ဟိန်းထက်...
ဟုရေရွှတ်လိုက်မိသည်။ အိမ်ပေါ်ရောက်တော့ ဧည့်ခန်းတွင် မအိပ်သေးပဲ၊ ရုပ်ရှင်ထိုင်ကြည့်နေသည့် အန်တီလေးကို တွေ့သည်။ အန်တီလေးက ကျွန်မကို တွေ့တော့၊
အန်တီလေး ။ ။ ဟိန်းထက် လာပို့သွားတာလား...
ကျွန်မ ။ ။ ဟုတ်ကဲ့၊ အန်တီလေး...
အန်တီလေးဘေးတွင် ၀င်ထိုင်လိုက်သည်။ ကျွန်မ မိဘတွေက မန္တလေးကဖြစ်သည်။ အန်တီလေးက မိဘတွေနဲ့ခွဲပြီ ရန်ကုန်မှာ ကျောင်းလာတက်တဲ့ ကျွန်မကို အဒေါ်ပေမယ့် အမေလိုပင် ကျွန်မစောင့်ရှောက်ခဲ့သူဖြစ်သည်။ ကျွန်မ ကျေးဇူးရှင်ဆိုလည်း မမှားပေ။ အန်တီလေးက ကျွန်မလက်ကို ဆုတ်ကိုင်လိုက်ရင်း၊
အန်တီလေး ။ ။ သမီး၊ ဟိန်းထက်ကို ချစ်နေတယ်မလား...
အန်တီလေးဆီမှ မကြားစဖူး စကားကို ကြားလိုက်ရ၍ ရှက်ရမ်းရမ်းကာ၊
ကျွန်မ ။ ။ အန်တီလေးကလည်း ဘာတွေ မေးနေတာလဲ...
အန်တီလေး ။ ။ အန်တီလေးတို့လည်း ငယ်ရာက ကြီးလာတာပဲ။ ဒီလောက်တော့ သိပါတယ်။ ခုသမီးတို့ ဇာတ်လမ်းက ၃ပွင့်ဆိုင် ဖြစ်နေလို့။ နောက်ဆုံးကျ သမီးပဲ ထိခိုက်နစ်နာမှာ စိုးလို့ ခုလို သတိပေးရတာပါ...
ကျွန်မ ။ ။ သမီးနဲ့ ဟိန်းထက်က သူငယ်ချင်းသက်သက်ပါ...
အန်တီလေး ။ ။ ဒါဆိုလည်း ကောင်းတာပေါ့။ ဒါနဲ့ သမီးမှာ ချစ်သူခုထိ မရှိသေးဘူးလား။ ရှိရင်လည်း အန်တီလေးကို အဒေါ်တစ်ယောက်လို သဘောထားမနေပဲ၊ ပွင့်ပွင့်လင်းလင်း တိုင်ပင်နော်...
ကျွန်မ ။ ။ အန်တီလေးကလည်း သမီးမှာ ရှိရင် အန်တီလေးကို အရင်ဆုံးပြောပြမှာ။ စိတ်ချ...
ဟုပြောကာ အန်တီလေးဘေးတွင် ၀င်ချွဲနေလိုက်သည်။
-----------------------------------------------------------------------------------------------------------
နောက်နေ့ ကျွန်မ အလုပ်ထဲ ရောက်နေတုန်း နှင်းသီရိဆီမှ ဖုန်းဝင်လာသည်။
ကျွန်မ ။ ။ နှင်းသီရိ ပြောလေ...
နှင်းသီရိ ။ ။ မမ၊ ကိုဟိန်းကလေ နှင်းကို တကယ်ရော ချစ်ရဲ့လားဟင်...
ကျွန်မ ။ ။ နှင်း၊ မက ခုအလုပ်ထဲ ရောက်နေလို့။ မ၊ ခဏနေမှ ပြန်ဆက်လိုက်လို့ ရမလား...
နှင်းသီရိ ။ ။ မမ၊ နှင်းစောင့်နေမှာနော်။ ဆက်ဆက်ပြန်ဆက်နော်...
ကျွန်မ ။ ။ အင်း...
ဖုန်းချရင်း ခေါင်းခါလိုက်သည်။ သူတို့နှစ်ယောက်ရဲ့ ပြသာနာကလည်း တနေ့ထက် တနေ့မအေးပေ။ ကျွန်မဘေးတွင် ထိုင်နေသော ခင်မျိုးချစ်က၊
ခင်မျိုးချစ် ။ ။ ဘယ်သူလဲ ဟိုအရှုတ်မလေးမလား...
ကျွန်မ ။ ။ ဘြော်အေး။ ရန်ထပ်ဖြစ်ကြပြန်ပြီလား မသိပါဘူး...
ခင်မျိုးချစ် ။ ။ ဒီမှာ နင်လည်း ဟိန်းထက် ပြသာနာ လိုက်ရှင်းနေတာနဲ့ အပျိုကြီး ဖြစ်လိမ့်မယ်။ ပြောရင်းနဲ့ ကိုယ်ပြသာနာ ကိုယ်ရှင်းလိုက်အုန်း...
ပြောကာ မျက်ခုံးပင့်ပြမှ ကြည့်လိုက်ရာ ကိုရဲထွန်းတစ်ယောက် ကျွန်မတို့ အခန်းရှေ့တွင် ယောင်လည်လည် လုပ်နေသည်။ ကျွန်မကို တွေ့မှ အဝေးက လှမ်းရယ်ပြပြီ ပြန်လှည့် ထွက်သွားပြန်သည်။ ခင်မျိုးချစ်နဲ့ ကျွန်မ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ြ့ပီ ရယ်လိုက်မိသည်။
ခင်မျိုးချစ် ။ ။ နင်လူပျိုကြီးက ရှက်တတ်တာလွန်းရော...
ကျွန်မ ။ ။ ဘာကိစ္စ ငါလူပျိုကြီး ဖြစ်ရမှာတုန်း...
ခင်မျိုးချစ် ။ ။ နင်ကို ကြိုက်နေတာ နင်လူပေါ့ဟဲ့...
ခင်မျိုးချစ် အသံက ကျယ်တာမို့၊
ကျွန်မ ။ ။ တိုးတိုးပြောပါဟယ်။ တော်ကြာ ကြားသွားပါအုန်းမယ်...
ပြောရင်း ရယ်လိုက်မိသည်။ ဒီလိုနဲ့ ကိုရဲထွန်း တနေ့ထက် တနေ့ ပိုရင်းနှီးလာခဲ့သည်။ ကိုရဲထွန်းက လူရိုး၊ လူကောင်း တစ်ယောက်ဖြစ်တာမို့ သူနဲ့ခင်မင်ရတာကို ကျွန်မ လိပ်ပြာသန့်ခဲ့သည်။ ဆီဒိုနားဟိုတယ်တွင် ကျင်းပသော ဟိန်းထက် မွေးနေ့ပွဲကို ကျွန်မ တက်ရောက်လာခဲ့သည်။ ဟိန်းထက် မိသားစုနှင့် သူငယ်ချင်းတွေအပါအ၀င် အယောက် ၁၀၀လောက် ဖိတ်ထားသည်။ ဒါကြောင့် ကျွန်မလည်း ဒီနေ့ ထူးထူးခြားခြား ဖြစ်သွားအောင် မ၀တ်စဖူး ဂါဝန်အနီရောင်လေး အသစ်ဝယ်ပြီ ၀ယ်ခဲ့သည်။ ဟိန်းထက် ပါတီပွဲရှေ့မှာ ကျွန်မကို စောင့်နေတာ တွေ့၍ လက်ပြလိုက်သည်။ သူဘေးတွင် နှင်းသီရိလည်း ရပ်နေသည်။ နှင်းသီရိက ကျွန်မလာသည်နှင့် ချက်ချင်းဆိုသလို ဟိန်းထက်လက်မောင်းကို ပြေးတွဲလိုက်သည်။ ဟိန်းထက်က ကျွန်မကို မြင်မြင်ခြင်းကို၊
ဟိန်းထက် ။ ။ ဟိုက်ရှားပါး၊ လွမ်းနေခြည် နင်သိပ်လှနေပါ့လား...
ကျွန်မ ။ ။ အပိုတွေ...
ဟိန်းထက် ။ ။ တကယ်ပြောတာဟ။ နှင်း လွမ်းနေခြည် မလှဘူးလား...
နှင်းသီရိ ။ ။ ဟုတ်တယ်။ မမ သိပ်လှတာပဲ...
ဟိန်းထက် နှင်းသီရိနဲ့ လက်တွဲကို ဖြုတ်လိုက်ပြီ ကျွန်မ ပခုံးကို လာကိုင်လျှက်၊
ဟိန်းထက် ။ ။ လာ၊ နင်ကို ငါမိတ်ဆက်ပေးရအုန်းမယ်...
နှင်းသီရိက မျက်နှာပျက်သွားသည်ကို ကျွန်မရိပ်မိလိုက်သည်။ ဟိန်းထက် ဧည့်သည်တွေနဲ့ တစ်ယောက်ပြီ တစ်ယောက် လိုက်မိတ်ဆက်ပေးသည်။
ဟိန်းထက် ။ ။ ဟေ့ကောင်တွေ၊ ဒီမှာ မင်းတို့ကို မိတ်ဆက်ပေးရအုန်းမယ်။ ဒါ ငါအချစ်ဆုံး သူငယ်ချင်း လွမ်းနေခြည်တဲ့။ မလှဘူးလား...
သူငယ်ချင်း ။ ။ လွမ်းနေခြည်လို့ ဒီကောင်ကြီး ခဏခဏပြောနေတာ။ ခုမှမြင်ဖူးတော့တယ်...
နောက်တစ်ယောက် ။ ။ ဟုတ်ပကွာ။ မင်းက ဒီလောက်လှတဲ့ သူငယ်ချင်းကို မိတ်မဆက်ပေးပဲ လျှိုထားတာကိုးကွ။ ဟားဟားဟား...
ပြောရင်း သူတို့အချင်းချင်း ရယ်မော စကားပြောနေသည်။ ကျွန်မလည်း စားပွဲဝိုင်း တစ်ခုတွင် တစ်ယောက်ထဲ ထိုင်ရင်း မျက်နှာဆူပုပ်နေသော နှင်းသီရိကို အဝေးက လှမ်းကြည့်လိုက်သည်။ ပြီမှ ဟိန်းထက်နားသို့ ကပ်လိုက်ပြီ၊
ကျွန်မ ။ ။ ဟိန်းထက်၊ ဟိုမှာ နှင်းသီရိတစ်ယောက်ထဲ ဖြစ်နေတယ်။ သွားလိုက်အုန်း...
ဟိန်းထက် ။ ။ ထားလိုက်စမ်းပါဟာ။ ခေါင်းထဲ ထည့်မနေပါနဲ့...
ကျွန်မ ဟိန်းထက်ကို ပြောလို့မရ၍ နှင်းသီရိနားသို့ ထွက်လာခဲ့သည်။ နှင်းသီရိက ကျွန်မကို မြင်တော့ သိပ်ပြုံးပြချင်ပုံ မပေါ်ပင်။
ကျွန်မ ။ ။ နှင်း တစ်ယောက်ထဲ ပျင်းနေပြီလား...
နှင်းသီရိ ။ ။ မမကိုတော့ အားနာပါတယ်။ ဒါပေမယ့် နှင်းက စိတ်ထဲရှိရင် ပြောလိုက်ရမှ ကျေနပ်တဲ့ လူစားမျိုး။ ခုကြည့်လေ၊ ကိုယ်ချစ်သူဖြစ်တဲ့ နှင်းကိုတော့ မိတ်မဆက်ပေးပဲ၊ မမကို လိုက်မိတ်ဆက်ပေးနေတာ ကောင်းလားလို့...
နှင်းသီရိ ပြောလိုက်သည့် စကားထဲတွင် ငိုသံပါနေ၍ အခြေအနေ မဆိုးရွှားသွားခင်၊
ကျွန်မ ။ ။ ဟို အဲဒီလို သဘောမျိုး မဟုတ်ပါဘူး။ နှင်းရယ်...
နှင်းသီရိ ။ ။ မမ နှင်းကို စိတ်မဆိုးနဲ့နော်။ မမကို နှင်း တစ်ခုမေးမယ်...
ကျွန်မ ။ ။ မေးလေ...
နှင်းသီရိ ။ ။ မမ ကိုကိုကို ချစ်နေလား...
ကျွန်မ တကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွားတော့သည်။ ကျွန်မ ချက်ချင်း အဖြေကို ပြန်မဖြေနိုင်ပဲ၊ ပြီမှ အားယူပြီ၊
ကျွန်မ ။ ။ နှင်း၊ မမနဲ့ ဟိန်းထက်ကို အထင်လွှဲနေပြီထင်တယ်...
နှင်းသီရိ ။ ။ မမ၊ နှင်းမေးတာပဲ ဖြေပါ...
ကျွန်မ ။ ။ နှင်း ထင်သလို မဟုတ်ပါဘူး။ သူနဲ့က သူငယ်ချင်းပါပဲ...
နှင်းသီရိ ထိုင်နေရာမှ ထရပ်လိုက်ပြီ၊
နှင်းသီရိ ။ ။ အဲဒီ သူငယ်ချင်းဆိုတာကြီးကိုက မဟုတ်တာ။ ကိုကိုလည်း တစ်ခုခု ပြောလိုက်တိုင်း သူငယ်ချင်း၊ သူငယ်ချင်းနဲ့။ မမကို ချစ်လားမေးတော့လည်း ကိုကိုက မချစ်ဘူးတဲ့လေ၊ ပြီတော့ ဘာမှန်းကို မသိတော့ဘူး...
နှင်းသီရိဆီမှ ကျွန်မကို ဟိန်းထက် မချစ်ဘူးဟု စကားကြားလိုက်ရသည်။ ထိုစကားသည် ကျွန်မကြားဖူးသည့် စကားတွေထဲတွင် အခါးသီးဆုံး စကားဖြစ်သည်။ ထိုင်မငိုချမိအောင်ပင် စိတ်ကို အနိုင်နိုင်ထိန်းထားလိုက်ပြီ၊
ကျွန်မ ။ ။ နှင်း၊ မမ အိပ်သာသွားလိုက်အုန်းမယ်...
ပြောရင်း ကောက်ထလာခဲ့သည်။ အိပ်သာထဲရောက်တော့ ဘယ်ကကျလာမှန်းမသိတဲ့ မျက်ရည်များ စီးကျလာသည်။ လက်ကိုင်အိတ်ထဲမှ တီးရူးကို အမြန်ထုတ်ကာ သုတ်လည်း၊ ကျမြဲ ကျနေတော့သည်။ ကျွန်မကိုယ် ကျွန်မလည်း ဘာလို့ ငိုချင်နေမှန်းမသိပေ။ နောက်ဆုံး ကိုယ်မှာကို အားတင်းရင်း မျက်ရည်များကို သုတ်လိုက်ပြီ ဆီဒိုးနားဟိုတယ်ထဲမှ ကျွန်မထွက်လာခဲ့သည်။ ဆီဒိုနား ဟိုတယ် အ၀ရောက်မှ ဟိန်းထက်ဆီကို ကျွန်မဖုန်းလှမ်းခေါ်လိုက်သည်။
ဟိန်းထက် ။ ။ လွမ်းနေခြည် နင်ဘယ်ရောက်နေတာလဲ...
ဟိန်းထက် အသံကြားတော့ မငိုမိအောင် စိတ်ကို မနည်းထိန်းထားရသည်။
ကျွန်မ ။ ။ ငါသိပ်နေမကောင်းလို့၊ အိမ်ပြန်တော့မယ်။ နင်အတွက် မွေးနေ့လက်ဆောင် နောက်နေ့မှ ယူတော့...
ဟိန်းထက် ။ ။ နင် နေမကောင်ဘူး။ ခုဘယ်မှာလဲ ငါလာခဲ့မယ်...
ကျွန်မ ။ ။ မလာနဲ့။ ငါအိမ်ပြန်နေပြီ...
ပြောရင်း ကျွန်မ ဖုန်းကို ပိတ်ပါပိတ်ထားတော့သည်။ ဆီဒိုးနား ဟိုတယ် အ၀ထောင့််နားမှာ မှီရင်း ငိုနေမိသည်။ တအောက်နေတော့ ဟိန်းထက် ဟိုတယ်ပေါ်မှ ပြေးဆင်းလာသည်ကို မြင်လိုက်သည်။ သူနောက်မှလည်း နှင်းသီရိပါလာ၍ သူတို့ ကျွန်မကို မမြင်နိုင်မည့် နေရာတွင် ၀င်ပုန်းနေလိုက်သည်။ ဟိန်းထက် နဲ့ နှင်းသီရိ ကျွန်မရှိသော နေရာကို ကျော်သွားပြီ ကျွန်မကို လိုက်ရှာနေပုံရသည်။ ခဏနေတော့ ဟိန်းထက်နဲ့ နှင်းသီရိ ဟိုတယ်ပေါ် ပြန်တက်သွားကြသည်။ တက္ကစီဌါးပြီ အိမ်သို့ ပြန်လာခဲ့သည်။
နောက်နေ့မနက် အစောကြီး အန်တီလေး ခေါ်သံကြား၍ အိပ်ခန်းထဲမှ ထွက်လာသည်။ မနက် ၄နာရီ ၄၅ပင်ရှိသေးသည်၊ ဧည့်ခန်းထဲတွင် ထိုင်နေသော ဟိန်းထက်ကို မြင်တော့၊
ကျွန်မ ။ ။ ဟိန်းထက် နင်စောစောစီးစီး...
အန်တီလေး ။ ။ ဟိန်းထက်က သမီးကို စိတ်ပူလို့တဲ့။ မနေ့က နေ့မကောင်းလို့ ပါတီပွဲက အစောကြီး ပြန်သွားတယ်ဆို။ အန်တီလေးကိုလည်း မပြောဖူး...
ကျွန်မ ။ ။ ဟို သမီးခေါင်းကိုက်ရုံပါ...
အန်တီလေး ။ ။ ဒါဆိုလည်း သားနဲ့ သမီးပြောနှင့်အုန်း။ အန်တီလေး မနက်စာ လုပ်လိုက်အုန်းမယ်...
ကျွန်မ၊ ဟိန်းထက် ။ ။ ဟုတ်ကဲ့...
ကျွန်မ ဟိန်းထက်နှင့် မျက်နှာချင်းဆိုင်တွင် ၀င်ထိုင်လိုက်သည်။ ဟိန်းထက်က ကျွန်မကို သေချာကြည့်ပြီ၊
ဟိန်းထက် ။ ။ လွမ်းနေခြည်၊ နင် မကောင်းဘူးဟာ။ ငါမှာ တစ်ညလုံး အိပ်တောင် မပျော်ဘူး၊ စိတ်ပူလွန်းလို့...
ကျွန်မ ။ ။ ဆော်ရီးပဲဟာ။ ငါလည်း ခေါင်းတွေ အရမ်းကိုက်တာနဲ့ နင်ကို အသိမပေးပဲ ပြန်သွားလိုက်တာ...
ဟိန်းထက် ကျွန်မနှင့် မျက်နှာချင်းဆိုင် ထိုင်နေရာမှ ကျွန်မဘေးနားသို့ ပြောင်းထိုင်လိုက်ပြီ အန်တီလေး အရိပ်အခြေကြည့်ပြီမှ၊
ဟိန်းထက် ။ ။ နင် ငါကို ဘာမွေးနေ့ လက်ဆောင်ပေးမှာလဲ...
ကျွန်မ ။ ။ ခဏနေအုန်း၊ ငါသွားယူလိုက်အုန်းမယ်...
ဟိန်းထက် ။ ။ နေအုန်း။ နင်ငါမွေးနေ့မှာ ပျက်ကွက်တဲ့အတွက် ငါလိုချင်တာပေးရမယ်...
ကျွန်မ ။ ။ ဘာပေးရမှာလဲ...
ဟိန်းထက် ။ ။ ငါနဲ့ ချောင်းသာ လိုက်ခဲ့...
ကျွန်မ ။ ။ လိုက်ချင်ပါဘူး။ နင်ဘာသာ နှင်းသီရိခေါ်သွားပေါ့...
ဟိန်းထက် ကျွန်မဘေးနား ပိုတိုးလာပြီ ကလေးတစ်ဦးပမာ၊
ဟိန်းထက် ။ ။ သူလည်း ပါမှာ။ ဒါပေမယ့် နင်ပါမှ ငါက သွားချင်တာ...
ကျွန်မ ။ ။ ဗုဒ္ဒေ၊ ငါပါမှ သွားရအောင် ငါက နင်အမေမို့လား...
ဟိန်းထက် ။ ။ သိဘူးဟာ၊ မရဘူး နင်လိုက်ခဲ့။ ငါမွေးနေ့ကို ချောင်းသာမှာ သူငယ်ချင်းတွေနဲ့ ထပ်ကျင်းပ ချင်သေးတာ။ နင်မပါရင် မသွားဘူးဟာ...
ခေါင်းကုတ်လိုက်ရင်း ဟိန်းထက်နဲ့တော့ ခက်တော့တာပဲ။ နှင်းသီရိက ကျွန်မနှင့် ဟိန်းထက်ကို အထင်လွှဲနေပါတယ်ဆိုမှ။ သူလုပ်မှ ပိုဆိုးကုန်တော့မှာပဲဟု စိတ်ရှုတ်သွားမိသည်။
ကျွန်မ ။ ။ အန်တီလေးက လွှတ်မှာ မဟုတ်ဘူး...
ဟိန်းထက် ။ ။ အန်တီလေး လွှတ်ရင် နင်လိုက်မလား...
ကျွန်မ ပြီရင် ပြီရော သဘောနှင့် ခေါင်းညိတ်ပြလိုက်သည်။ ဟိန်းထက် ချက်ချင်းကို ပြုံးရွှင်သွားပြီ ဘယ်လို အန်တီလေးကို အပူကပ်လိုက်မှန်းမသိအောင်၊ အန်တီလေးက လိုက်ခွင့်ပေးလိုက်၍ ကျွန်မ ချောင်းသာသွားရမယ့်နေ့သို့ ရောက်လာတော့သည်။ ဟိန်းထက် အိမ်ပေါ်တက်လာပြီ ကျွန်မအ၀တ်အိတ်ကို လာကူသယ်ပေးသည်။
အန်တီလေး ။ ။ ဟိန်းထက်၊ မင်းက မင်းသူငယ်ချင်းကို သေချာဂရုစိုက်ပေးနော်...
ဟိန်းထက် ။ ။ အန်တီလေး၊ ဘာမှ စိတ်မပူနဲ့။ လွမ်းနေခြည်ကို ကျွန်တော် အရိပ်တကြည့်ကြည့် စောင့်ရှောက်မှာ...
အန်တီလေးပြုံးပြရင်း ဟိန်းထက်နှင့်အတူ သူကားပေါ်တက်လာခဲ့သည်။ ပြီတော့ အန်တီလေးကို နှုတ်ဆက်ပြီ အိမ်ထဲမှ ကားမောင်းထွက်လာခဲ့သည်။ ကျွန်မ နေကာမျက်မှန်ကို ထုတ်ဝတ်ရင်း၊
ကျွန်မ ။ ။ ခု နှင်းသီရိကို သွားခေါ်မှာပေါ့...
ဟိန်းထက် ။ ။ မခေါ်ဘူး...
ကျွန်မ ။ ။ ဟင်...
ဝတ်ထားတဲ့ နေကာမျက်မှန်ကိုပင် ပြန်ချွတ်လိုက်ပြီ၊
ကျွန်မ ။ ။ ခုသွားမှာ။ နင်နဲ့ငါပဲလား...
ဟိန်းထက် ။ ။ နင်ကို ငါကိုက်မစားပါဘူး...
ဟိန်းထက် အရင်က ချောင်းသာကို နှင်းသီရိရယ်၊ ကျွန်မရယ်၊ ဟိန်းထက်ရယ် တူတူသွားမည်ဟု ပြောထားခြင်းဖြစ်သည်။ ခု ကျွန်မတို့နှစ်ယောက်ထဲ ပြောပြန်၍ နားမလည်နိုင်တော့ပဲ၊
ကျွန်မ ။ ။ နင်နော် ငါကို မနောက်နဲ့ဟာ။ အတည်ပြော...
ဟိန်းထက် ။ ။ မနောက်ပါဘူး။ နင်နဲ့ငါပဲ သွားမှာ။ နှင်းသီရိက မနက်ဖြန် တခြားသူငယ်ချင်းတွေနဲ့ လိုက်လာလိမ့်မယ်။ သူသူငယ်ချင်း မင်္ဂလာဆောင်ရှိလို့ ဒီနေ့ မလိုက်လာနိုင်တာ...
ဟိန်းထက်နှင့် ကျွန်မ ခင်မင်ခဲ့တာ ၁၀နှစ်ကြာပြီဆိုပေမယ့် သူနှင့်ဒီလို နှစ်ယောက်တည်း ခရီးမသွားဖူးပေ။ ဒါကြောင့် စိတ်ထဲ တစ်မျိုးဖြစ်လာမိတယ်။
ကျွန်မ ။ ။ ဒါနဲ့ ဒီနေ့ ငါပါတာ နှင်းသီရိသိလား...
ဟိန်းထက် ။ ။ မသိဘူး။ သိလည်း ငါဂရုမစိုက်ဘူး..
ကျွန်မ ။ ။ နင်ကလေ စကားကို အမြဲ ပြောရင် ပေါ့ပေါ့ပျက်ပျက်နဲ့။ နောက်နေ့မှ သူကိုစောင့်ပြီ သွားလည်း ရတဲ့ကိစ္စကိုး။ ခုသူ ငါတို့ကို တမျိုးထင်သွားရင်...
ကားကို ဘရိတ်စောင့်အုပ်လိုက်ပြီ ဟိန်းထက် ကျွန်မကို ကြည့်လျှက်၊
ဟိန်းထက် ။ ။ ဒီမှာ၊ နင်ဘာလို့ တောသူမကို ဒီလောက် ဂရုစိုက်နေလဲ ငါမသိဘူး။ ငါနင်နဲ့ နှစ်ယောက်တည်းသွားချင်လို့ သူကို တမင်ထားခဲ့တာ နားလည်ပြီလား...
ကျွန်မပြန်ပြောလျှင် စကားအခြေအတင်ဖြစ်မှာစိုး၍ စကားကို ရပ်ထားလိုက်သည်။ ဟိန်းထက်ကို ကျွန်မ တခါတလေ နားမလည်ပေ။ သူကျွန်မကို ဆက်ဆံနေတာ သူငယ်ချင်းထက်ပိုပြီ အစ်မတစ်ယောက်လို ကျွန်မကို အားကိုးနေခဲ့သည်။ ၄နာရီကြာမောင်းရတဲ့ ခရီးမို့ ခရီးခုလတ် စားသောက်ဆိုင်တွေမှာ ခေတ္တနားရသေးသည်။ တဖြည်းဖြည်းနဲ့ ချောင်းသာသို့ ဆိုက်ရောက်လာတော့သည်။ ချောင်းသာရဲ့ ပင်လယ်နံ့ကိုရလိုက်သည်နှင့် စိတ်တင်းကြပ်မို့များ အားလုံး လျှော့ကျသွားသည်။
ဟိန်းထက် ။ ။ ခုနင်ပျော်နေပြီ မဟုတ်လား...
ကျွန်မ ။ ။ အင်း...
ဟိန်းထက် ။ ။ ငါပြောသားပဲ လိုက်ခဲ့ပါဆို...
ကျွန်မ ခရီးသွားအိတ်ရော၊ သူခရီးဆောင်အိတ်ပါ ဟိုတယ် ၀န်ထမ်းများက သယ်သွားပေးသည်။ မိန်းခလေးများက တခန်း၊ ယောကျာ်းလေးအတွက် တခန်း ဟိန်းထက် စီစဉ်ထားသည်။ ဒါပေမယ့် ထိုအဆောင်နှစ်ခုက ဘေးချင်းကပ်ပင်။ ဟိန်းထက် ကျွန်မတည်းရမည့် အဆောင်သို့ အရင်လိုက်ပြသည်။ အဆောင်က ၆ယောက်စာမို့ အိပ်ခန်း ၃ခန်း၊ ကိုယ်ပိုင် မီးဖိုချောင်၊ ဧည့်ခန်းများပင် ပါသေးပြီ အတော်ကျယ်ဝန်းသည်။
ဟိန်းထက် ။ ။ နင်သဘောကျလား..
ကျွန်မ ။ ။ အင်း။ ဒါပေမယ့် ဒီည ငါတစ်ယောက်ထဲ အိပ်ရမှာ ကြောက်စရာကြီး...
ဟိန်းထက် ။ ။ ဒါဆို ငါနဲ့လာအိပ်ပေါ့...
ကျွန်မ ။ ။ နင်နော်။ ဖောက်လာပြီ...
ဟိန်းထက် ။ ။ အလကားစတာပါဟာ...
ပြောရင်း အနောက်မှနေ ကျွန်မဆံပင်များကို လာဖွသွား၍ သူကို စိတ်ဆိုးဆိုးနဲ့ လိုက်ရိုက်ရသေးသည်။ ရောက်ရောက်ချင်း ခေတ္တမျှ အနားယူပြီ နေ့လည်စာစားရန် ဟိန်းထက် အဆောင်တံခါးကို လာထုသည်။
ဟိန်းထက် ။ ။ လွမ်းနေခြည် မပြီသေးဘူးလား။ မြန်မြန်လုပ်ဟာ...
ကျွန်မ ။ ။ ငါအကျီင်္လှဲနေလို့ ခဏပါဟယ်...
ဟိန်းထက် ။ ။ နင်ကို ၃စက္ကန့်ပဲ အချိန်ပေးမယ်...
ယူလာသည့် ဆတ်ကပ်ကို အမြန်ကောက်စွတ်လိုက်ပြီ အဆောင်တံခါးကိုပြေးဖွင့်လိုက်သည်။ ကမ်းခြေမှာမို့ ဟာဝိုင်ယီစတိုင် ဆတ်ကပ်ရှည်နှင့် အကျီင်္နောက်ကြိုးချည် ၀တ်ထားသည်ကို ဟိန်းထက် ငေးကြည့်နေပြီမှ၊
ဟိန်းထက် ။ ။ နင်က ဒီလိုဝတ်လိုက်တော့လည်း အပျိုကြီးက အပျိုကြီးပါပဲ...
ကျွန်မ ။ ။ နင်သေမယ်...
နေ့လည်စာ စားပြီတော့ အညောင်းပြေ အုန်းရည်သောက်ရင်း ဟိန်းထက်ရော၊ ကျွန်မပါ နေကာမျက်မှန်၊ အုန်းလက်ဦးထုပ် ကိုယ်စီနှင့် ဟိုတယ်ရှေ့ ခုံတန်းလျားပေါ်တွင် လှဲနေကြသည်။
ဟိန်းထက် ။ ။ ဟိတ် လွမ်းနေခြည်...
ကျွန်မ ။ ။ ဘာလဲ...
ဟိန်းထက် ။ ။ နင်အချစ်ဆိုတာကို ဘယ်လိုမြင်လဲ...
ကျွန်မ ။ ။ ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက် မြင်တာ ဘယ်တူပါ့မလဲ...
ပြောရင်း အုန်းရည်ဆက်သောက်နေသည်။
ဟိန်းထက် ။ ။ ငါကတော့ အချစ်ဆိုတာ လှပဆန်းကြယ်တဲ့ အရာလို့ ထင်တယ်။ နှင်းသီရိကို ငါတကယ် ချစ်တယ်လို့ နင်ထင်လား...
ကျွန်မ ။ ။ အဲဒါ နင်ကိစ္စပဲ။ နင်မှာနင် သိမှာပေါ့...
ဟိန်းထက် ။ ။ နှင်းသီရိက ချစ်ဖို့တော့ ကောင်းတယ်ဟ။ သူကချွဲလည်း ချွဲတတ်တယ်၊ ငါ သူကို အဲဒါကြောင့် ငါချစ်မိသွားတာ။ ပြောရင်းနဲ့ သတိရလာပြီ ဖုန်းသွားဆက်လိုက်အုန်းမယ်...
ပြောကာ လှဲနေရာမှ ထထွက်သွားတော့သည်။
ကျွန်မတစ်ယောက်ထဲ သက်ပြင်းချကာ ကျန်ရစ်ခဲ့သည်။ လွမ်းနေခြည်၊ နင်ဘာတွေ တွေးနေမိပါလိမ့်ဟု စိတ်ထဲမှာ စဉ်းစားနေမိသည်။ ညနေစောင်း ဟိန်းထက်နှင့်အတူ ရေထဲဆင်းရန် ထွက်လာခဲ့သည်။ ကျွန်မရဲ့ ရေကူးဝတ်စုံကြောင့် ဟိန်းထက်ရှေ့တွင် နေရခက်နေမိသည်။
ကျွန်မ ။ ။ ငါရေကူးကန်ထဲမှာပဲ သွားကူးတော့မယ်...
ဟိန်းထက် ။ ။ နင်၊ ချောင်းသာထိ လာပြီဟာ။ မရဘူး လာခဲ့...
ကျွန်မလက်ကို အတင်းဆွဲကာ ပင်လယ်ထဲ အတင်းဆွဲခေါ်တော့သည်။ ရေထဲရောက်တော့ တစ်ယောက်ကို တစ်ယောက် ရေပတ်စရင်း အရမ်းပျော်ဖို့ ကောင်းသည်။ ခဏနေတော့ ဘောတစ်ခုစီနှင့် ပင်လယ်ထဲမှာ မျှောနေရင်း၊
ဟိန်းထက် ။ ။ မနက်ဖြန် နှင်းသီရိလာရင်၊ နင်နောက်နေ့ မနက်မှ ရောက်တယ် ပြောလိုက်နော်...
ကျွန်မ ။ ။ မနက်တုန်းကတော့ ဂရုမစိုက်ဘူးဆို။ အေးပါ နင်မပြောလည်း ငါသိပါတယ်...
ဟိန်းထက် ။ ။ နင်အဲဒီမှာ နေနေ...
ပြောကာ သူစီးနေတဲ့ ဘောပေါ်မှ ဆင်းလာပြီ ကျွန်မနားသို့ ရောက်လာပြီ ဘောကို ပင်လယ်ထဲသို့ ဆွဲသွားတော့သည်။
ကျွန်မ ။ ။ ဟိန်းထက်၊ ငါရေကူးတတ်ဘူးနော်။ အဝေးမခေါ်သွားနဲ့...
ဟိန်းထက် ။ ။ ငါရှိပါတယ်။ ကြောက်မနေနဲ့...
ညနေပိုင်း ရေကူး၍ ၀သွားမှ ကျွန်မ အဆောင်သို့ ပြန်ပြီ တီဗွီတူတူကြည့်ကြသည်။ တီဗွီတူတူကြည့်ရင်း ဟိန်းထက် ဖောက်လာကာ၊
ဟိန်းထက် ။ ။ လွမ်းနေခြည် နင်နဲ့ငါ နှစ်ယောက်ထဲ နင်ကို တစ်ခုခုလုပ်မှာ မကြောက်ဖူးလား...
ကျွန်မ ။ ။ နင်နော်။ ငါကို လာခြောက်နဲ့...
ပြောရင်း ကြက်သီးမွေးညှင်း ထလာတော့သည်။ တကယ်လည်း ဟိုတယ်တစ်ခုလုံးလည်း တိတ်ဆိတ်ပြီ
တဆောင်ထဲတွင် ကျွန်မနှင့်သူ နှစ်ယောက်တည်းသာ ရှိသည်။ ကြောက်ပါတယ်ဆိုမှ ဟိန်းထက် ကျွန်မနားသို့ တိုးလာထိုင်၍ ကျွန်မအနည်းငယ် တွန့်သွား၍၊
ဟိန်းထက် ။ ။ ဘာလဲ၊ နင်တကယ် ကြောက်နေပြီလား။ ငါက နင်ကို ကိုက်မစားပါဘူး...
ကျွန်မပခုံးကို ဟိန်းထက် လှမ်းကိုင်လိုက်ရာ တကိုယ်လုံး အေးစက်သွားတော့သည်။ ဟိန်းထက် ထိုင်နေရာမှ ထရပ်လျှက်၊
ဟိန်းထက် ။ ။ လွမ်းနေခြည် နင်အသားတွေ တကယ်အေးစက်နေတယ်။ နင်က ငါကို တကယ်ကြောက်နေတာကိုး။ ဟားဟားဟား...
ထရယ်မှ ကျွန်မလည်း သူနဲ့ ပေါင်းပြီ လိုက်ရယ်နိုင်တော့သည်။ ခုမှ ကြောက်နေတတ်စိတ်လည်း ပျောက်သွားသည်။ ညနေအိပ်ချိန် ရောက်လာ၍ ဟိန်းထက် သူအဆောင်ပြန်တော့မည် ဖြစ်သည်။
ဟိန်းထက် ။ ။ ငါပြန်တော့မယ်။ နင်တစ်ယောက်ထဲ သေချာ တံခါးပိတ်ထားအုန်း...
ကျွန်မ ။ ။ အေးပါ...
ဟိန်းထက် ။ ။ ဒါနဲ့ ညကျမှ သရဲလာရင်တော့...
ကျွန်မ ။ ။ နင်နော် ငါကြောက်ပါတယ်ဆိုမှ...
ဟိန်းထက်ကို သူများကို စနောက်ပြီ အခန်းထဲမှ ပြေးထွက်သွားတော့သည်။ ဟိန်းထက် ပြန်သွားပြီ ကျွန်မ ပစ္စည်းတွေ သိမ်းရင် စိတ်ထဲ ခြောက်ခြားလာမိသည်။ တစ်ဆောင်လုံးတွင် ကျွန်မ တစ်ယောက်ထဲ ရှိနေ၍ ဖြစ်သည်။ နောက်ဆုံး မနေနိုင်တဲ့အဆုံး ဟိန်းထက် အဆောင်တံခါးကို သွားခေါက်တော့သည်။
ကျွန်မ ။ ။ ဟိန်းထက်၊ ဟိန်းထက်...
ဟိန်းထက် အိပ်ယာမှ ထလာပုံဖြင့် တံခါးလာဖွင့်ပေးရင်း၊
ဟိန်းထက် ။ ။ ၀ါးဝါး။ လွမ်းနေခြည် မအိပ်သေးဘူးလား...
ကျွန်မ ။ ။ ငါတစ်ယောက်တည်း မအိပ်ရဲလို့...
ဟိန်းထက် တချက်ပြုံးလိုက်ပြီ သူတံခါးမကို ဖွင့်ပေးလိုက်၍ ကျွန်မရှက်ရှက်နှင့် သူအဆောင်ထဲ ၀င်လာခဲ့သည်။ ဟိန်းထက် သူဆံပင်ကို သူကုတ်လိုက်ရင်း၊
ဟိန်းထက် ။ ။ ဒီနေ့ အိပ်တော့ဘူးဟာ။ နင်နဲ့ငါ ရုပ်ရှင်တူတူကြည့်ရအောင်...
ကျွန်မ ။ ။ အေးကောင်းသားပဲ...
ပြောရင်း ဧည့်ခန်းတွင် တူတူ ၀င်ထိုင်လိုက်ကြသည်။ ဟိန်းထက် သူမှာပါလာသော လတ်တော့ကို ဖွင့်ပြီ ဟာသကား၊ သရဲကား အစုံ တစ်ကားပြီ တစ်ကား ဖွင့်ကြည့်တော့သည်။ ကြည့်ရင်းနဲ့ နှစ်ယောက်လုံး ဘယ်ချိန် အိပ်ပျော်သွားကြမှန်း မသိပေ။ ကျွန်မနှိုးလာတဲ့ အချိန်တွင် ဧည့်ခန်းဆိုဖာပေါ်တွင် ဟိန်းထက်နဲ့ ကျွန်မ တစ်ယောက်နှင့်တစ်ယောက် ဖက်လျှက်အိပ် ပျော်နေသည်။ ကျွန်မလည်း အလန့်တကြားဖြင့် နာရီ ကြည့်လိုက်တော့ မနက် ၆နာရီထိုးနေပြီဖြစ်သည်။ ဟိန်းထက်ကို ကျွန်မအတင်းလှုပ်နှိုးရင်း၊
ကျွန်မ ။ ။ ဟိန်းထက်၊ ထ ထ...
ဟိန်းထက် ။ ။ ဟာ၊ ငါက ခုမှ အိပ်ကောင်းတုန်း...
ကျွန်မ ။ ။ အိပ်ကောင်းတုန်းလုပ်မနေနဲ့။ နှင်းသီရိတို့ လာတော့မှာ။ နင်နဲ့ငါကို ဒီလိုသာ မြင်သွားရင် ဘာထင်မလဲ မတွေးဝံ့စရာပဲ...
ဟိန်းထက် ။ ။ ထင်ထင်ပေါ့ဟာ...
ဟိန်းထက် အိပ်ချင်မပြေသေးပဲ၊ ပြန်အိပ်မယ်ကြံနေ၍ ထပ်နှိုးရပြန်သည်။ ထို့နောက် သူနှင့် ကျွန်မတို့ စားထားသည့် မုန့်များကို အမှိုက်ပုံးထဲ အမြန်ကောက်ထည့်ပြီ ဧည့်ခန်းကို ရှင်းလိုက်သည်။ ပြီတော့ ကိုယ်ပစ္စည်း၊ ကိုယ်သယ်ရင်း သူ့အဆောင်ထဲက ထွက်မည်အလုပ်တွင်၊
ကျွန်မ ။ ။ ဟိန်းထက်၊ ဒီမှာ နင်အနွေးထည်ကြီး မှားပါလာတယ်။ ရော့...
ပြန်ပစ်ပေးလိုက်သည်။ ဟိန်းထက်ကလည်း ကျွန်မရဲ့ ခြုံဆောင်ကို ပြန်ပစ်ပေးရင်း၊
ဟိန်းထက် ။ ။ နင်ဟာလည်း ဒီမှာ...
ပစ္စည်းလှဲလယ်ပြီ ကျွန်မအဆောင်သို့ တခြားသူများ မလာခင် အမြန်ပြန်ပြေးတော့သည်။ ကျွန်မအဆောင်ကိုလည်း ဒီနေ့မှ ရောက်လာပုံဖြစ်အောင် အမြန်သန့်ရှင်းရသည်။ တော်သေးပေလို့ အားလုံး အဆင်သင့်ဖြစ်မှ နှင်းသီရိတို့ သူငယ်ချင်းအဖွဲ့ရောက်လာကြသည်။ အဆောင်တံခါး လာဖွင့်ပေးသော ကျွန်မကို ကြည့်ပြီ၊
နှင်းသီရိ ။ ။ မမ၊ မနေ့ကတည်းက ရောက်နေတာတော့ မဟုတ်ပါဘူးနော်...
ဟိန်းထက်နှင့် ဇာတ်တိုက်ထားသည့်အတိုင်း၊
ကျွန်မ ။ ။ ဘယ်ကသာ၊ ခုနကမှ အထုပ်အပိုးချတာ...
နှင်းသီရိ ။ ။ အလကား မမကို စတာပါ...
ပြောရင်း အဆောင်ထဲသို့ ၀င်လာတော့သည်။ သူမနောက်မှ ဟိန်းထက်လည်း ပါလာသည်။ ဟိန်းထက်က ကျွန်မကို အိုကေတယ်ဆိုသည့် အထားဖြင့် လက်မထောင်ခိုးထောင်ပြ နေသေးသည်။ ကျွန်မ ပြုံးရုံပြုံးလိုက်သည်။ နေ့ခင်း အဖွဲ့လိုက်ရေကစားရင်း ရွာထဲသွားပြီ အုပ်စုလိုက် ဈေးဝယ်ထွက်ကြနဲ့ ပျော်ဖို့ကောင်းသည်။ နှင်းသီရိရောက်လာပြီ နောက်ပိုင်း ဟိန်းထက်နဲ့ ကျွန်မ သိပ်စကားမပြောဖြစ်ပေ။
ညနေပိုင်း အားလုံး လူစုပြီ မီးပုံပွဲ ကျင်းပသည်။ မီးပုံပွဲမှာ ယောကျာ်လေးများက ဂီတာတီးရင်း အလှည့်ကျ သီချင်းဆိုကြသည်။ ကျွန်မ ဆိုရမည့်အလှည့်တွင်၊
ကျွန်မ ။ ။ ဘာ၊ သီချင်းဆိုရမှန်းလဲ မသိဘူး...
အားလုံး ။ ။ မရဘူး။ ဆိုရမယ်၊ လွမ်းနေခြည်ကွ၊ လွမ်းနေခြည်...
ဟိန်းထက် ထိုင်နေရာမှ ထလာပြီ ကျွန်မကို လက်လှမ်းပေးသည်။
ကျွန်မ ။ ။ ဟိန်းထက် ဘာလဲ...
ဟိန်းထက် ။ ။ ထစမ်းပါ...
ကျွန်မလက်ကို အတင်းဆွဲကာ ထခိုင်းတော့သည်။ ပြီမှ သူလွယ်ထားသော ဂီတာကို စတီးလိုက်သည်။ Bunny Phyo ဆိုထားတဲ့ မဖြစ်သင့်ဘူး၊ မချစ်သင့်ဘူး သီချင်းကို တူတူတွဲဆိုသည်။ သီချင်းဆိုနေစဉ် နှင်းသီရိ မီးပုံပွဲမှ ဘယ်ချိန် စိတ်ဆိုးပြီ ထွက်သွားသည်ကို ကျွန်မ မသိလိုက်ပေ။ သီချင်းလည်း ပြီရော အားလုံးလက်ခုတ်ဝိုင်းတီးကြသည်။ ဟိန်းထက် ကျွန်မဘေးတွင် လာတိုးထိုင်သည်နှင့် ကျွန်မတိုးတိုးလေး၊
ကျွန်မ ။ ။ ဟိန်းထက်၊ နှင်းသီရိရော...
ဟိန်းထက် ။ ။ ဘယ်သိပါ့မလဲ...
ကျွန်မ ။ ။ နင်ကလေ၊ ကိုယ်ချစ်သူ ထွက်သွားတာတောင် မသိဘူး...
ဟိန်းထက် ။ ။ ထားလိုက်စမ်းပါဟာ။ သူဘာသာ ကိစ္စရှိလို့ ထွက်သွားတာ နေမှာပေါ့။ နင်နဲ့ငါ ကမ်းခြေမှာ လမ်းလျှောက်ရအောင်...
ကျွန်မလည်း ခေါင်းညိတ်ပြပြီ မီးပုံပွဲကနေ ကျွန်မတို့ နှစ်ယောက် ခွဲထွက်လာကြသည်။ ဒီရေတက်ချိန်မို့ ကမ်းခြေတစ်ခုလုံး မှောင်မဲနေသည်။ ညပိုင်း ရေကမ်းစပ်နားမှာ လမ်းလျှောက်ရင်း ဒီရေတက်လာတဲ့ရေ ခြေထောက်ကို စိုစွတ်သွားတိုင်း သဘောကျမိသည်။ ဟိန်းထက် ကျွန်မပခုံးကို လာဖက်ရင်း၊
ဟိန်းထက် ။ ။ လွမ်းနေခြည်...
ကျွန်မ ။ ။ နင်လက်ဖယ်စမ်းပါ။ သူများတွေ တမျိုးထင်မယ်...
ဟိန်းထက် ။ ။ မဖယ်ဘူးဟာ။ လွမ်းနေခြည်...
ကျွန်မ ။ ။ ပြော...
ဟိန်းထက် ။ ။ ဟို နင်အချစ်ကို ဘယ်လိုမြင်လဲ...
ကျွန်မ ပခုံးပေါ်တင်ထားတဲ့ ဟိန်းထက်လက်ကို ဖယ်လိုက်ပြီမှ၊
ကျွန်မ ။ ။ ခုတစ်လော နင်အချစ်အကြောင်း အရမ်းပြောနေပါ့လား...
ဟိန်းထက် ။ ။ မသိဘူးဟာ။ ငါနှင်းသီရိကို တကယ်ရော ချစ်ပါ့မလားလို့ ငါကိုယ်ငါ သံသယ၀င်မိတယ်...
ကျွန်မ ။ ။ မနက်တုန်းကတော့ ချစ်တယ်ဆို၊ ခုမချစ်တော့ပြန်ဘူး။ နင်ဟာလေ တော်တော် အမျိုးမျိုးတတ်နိုင်တယ်...
ဟိန်းထက် ခေါင်းကုတ်ရင်း ရယ်လျှက် ကျွန်မနှင့်အတူ ဟိုတယ်ရှေ့ အလင်းရောင်ရှိသော ကမ်းခြေရှေ့တွင် ထိုင်ချလိုက်သည်။
ဟိန်းထက် ။ ။ နင်အပျိုကြီးပဲ လုပ်ပါ့လား...
ကျွန်မ ။ ။ ဟင် ဘာလို့ လုပ်ရမှာလဲ...
ဟိန်းထက် ။ ။ ငါလည်း လူပျိုကြီးပဲ လုပ်တော့မယ်လေဟာ။ ဒါဆို နင်နဲ့ငါ ကြားမှ ဘယ်သူမှ ၀င်နှောင့်ယှက်လို့ မရဘူး...
ကျွန်မ ။ ။ တော်တော်အကြံကြီးပါ့...
ကျွန်မရယ်နေရင်း ဟိန်းထက်ကို လှည့်ကြည့်လိုက်ရာ သူကျွန်မကို စိုက်ကြည့်နေ၍ ကျွန်မမျက်နှာ လွှဲလိုက်သည်။
ဟိန်းထက် ။ ။ နင်ကို ဒီလို အမှောင်ထဲ ကြည့်တော့လဲ၊ နင်က တော်တော်လှသားပဲ...
ကျွန်မ ။ ။ အလင်းထဲမှာဆို ငါကသရဲနဲ့တူနေလို့လား...
ဟိန်းထက် ။ ။ ဟီးဟီး၊ အမှောင်ထဲမှာ လှတာတော့ သေချာတယ်...
ပြောရင်း သဲပြင်းပေါ်သို့ သူနှင့်အတူ လှဲချခိုင်းလိုက်သည်။ ကျယ်ပြန့်နေသော ကောင်းကင်ကို တူတူ ငေးမောကြည့်ရင်း စကားတွေပြောရင်းနဲ့ အချိန်တွေဘယ်လို ကုန်သွားမှန်း မသိပေ။ ညမိုးချုပ်လာပြီမို့၊
ကျွန်မ ။ ။ ငါအဆောင်ပြန်တော့မယ်...
ဟိန်းထက် ။ ။ နေပါအုန်းဟာ။ ခုမှ ၁၀နာရီ ၄၅ပဲ ရှိသေးတာ...
ကျွန်မ ။ ။ မနေ့ကလည်း ကောင်းကောင်း မအိပ်ရသေးဘူး။ အိပ်ငိုက်နေပြီ...
ပြောကာ ကျွန်မ ကောက်ထွက်လာ၍ ဟိန်းထက်လည်း အနောက်မှ ပြေးလိုက်လာသည်။ မိန်းခလေး အဆောင်ရှေ့ရောက်တော့ ဟိန်းထက်ကို လက်ပြရင်း အဆောင်ထဲသို့ ၀င်လာခဲ့သည်။ အဆောင် တံခါးကို ဖွင့်ဖွင့်ခြင်း ဧည့်ခန်းထဲ ထိုင်နေသော နှင်းသီရိကို တွေ့တော့ အရမ်းကို ထိတ်လန့်သွားပြီမှ၊
ကျွန်မ ။ ။ နှင်း ကိုး၊ လန့်သွားတာပဲ...
နှင်းသီရိ ။ ။ မမ၊ လာထိုင်ပါအုန်း...
နှင်းသီရိ စားပွဲပေါ်တွင် ဘီယာဘူးခွံများကို တွေ့၍ ကျွန်မ သူမကို သေချာကြည့်လိုက်မိသည်။ နှင်းသီရိ ကျွန်မကို ဘီယာတစ်လုံး လှမ်းပေးရင်း၊
နှင်းသီရိ ။ ။ မမလည်း သောက်လေ...
ကျွန်မ ။ ။ ဟို၊ မမ ဒါတွေ မသောက်တတ်ဘူး...
နှင်းသီရိ ။ ။ ဒီလို ပုံလေးတွေနဲ့ ကိုဟိန်းကို ဖမ်းစားထားတာလား...
နှင်းသီရိ မူးနေပြီမှန်း ကျွန်မသိ၍ ထိုင်နေရာမှ ထရပ်လိုက်ပြီ၊
ကျွန်မ ။ ။ နှင်းလည်း အိပ်တော့၊ မမလည်း အိပ်တော့မယ်...
နှင်းသီရိ ။ ။ နှင်း၊ မေးတာ ဖြေစမ်းပါအုန်း။ မမနဲ့ ကိုဟိန်းက နှင်းကို ဆော့စရာ အရုပ် အောင်းမေ့ နေကြတာလား။ နှင်း တစ်ယောက်လုံးကို ရှေ့ထားပြီ ဖြစ်ချင်တိုင်း ဖြစ်နေကြတာ ဘာသဘောလဲ...
ကျွန်မ ။ ။ အဲဒီလို မဟုတ်ပါဘူး နှင်းရယ်...
နှင်းသီရိ ။ ။ ဒါဆို မမ နှင်းကို ဘာလို့ လိမ်တာလဲ ပြောလေ...
ထိုချိန် နှင်းသီရိ သူငယ်ချင်းတွေလည်း အခန်းထဲမှ ထွက်လာကြသည်။ လိမ်တယ်ဟု ပြောလိုက်၍ ကျွန်မ အံ့အားသင့်စွာ နှင်းသီရိကို စိုက်ကြည့်လိုက်မိသည်။
နှင်းသီရိ ။ ။ မမတို့သာ ရိုးရိုးသားသားဆိုရင် မနေ့ကတည်းက ကိုကိုနဲ့ ချောင်းသာကို ရောက်နေပါတယ်လို့ ဘာလို့ မပြောရဲရတာလဲ။ ဖြေစမ်းပါ။ သူများရည်စား လိုချင်လည်း ပွင့်ပွင့်လင်းလင်းပြောပေါ့။ ဒီလို ကြားခိုတာတော့ ဘယ်ကောင်းပါ့မလဲ...
တခြားသူများရှေ့တွင် ဒီလိုပြောခံရသဖြင့် ကျွန်မအလွန်လည်း ရှက်သည်။ ဒီကိစ္စနဲ့ပတ်သက်ပြီလည်း ဘယ်သူကိုမှ အပြစ်မပြောချင်သည်မို့၊
ကျွန်မ ။ ။ နှင်း အရမ်းမူးနေပြီ၊ အိပ်တော့။ မမခုချိန် ဘာမှ ပြန်ဖြေချင်ဘူး...
ပြောရင်း အဆောင်ထဲမှာ ဆက်နေနေရင်း မကောင်းသည်မို့ အဆောင်ပြင်သို့ ပြန်ထွက်လာခဲ့သည်။ အဆောင်ပြင် ဟိုတယ်ရှေ့လည်း ရောက်ရော စောင့်ဂျောက်ထိုင်ချပြီ ကျွန်မ ရှုံးပွဲချ ငိုမိတော့သည်။
ကျွန်မ ။ ။ ဟိဟိဟိ...
ငိုနေတုန်း ကျွန်မနောက်မှနေ၍ လူတစ်ယောက် ကျွန်မပခုံးလာကိုင်၍ ကျွန်မ စိတ်တိုတိုဖြင့် ပုပ်ထုတ်လိုက်သည်။ ပြီမှ မော့ကြည့်လိုက်တော့ ဟိန်းထက် ဖြစ်နေသည်။ ဟိန်းထက် ကျွန်မကို အံ့အားသင့်တဲ့ အကြည့်ဖြင့် ကြည့်ရင်း၊
ဟိန်းထက် ။ ။ လွမ်းနေခြည်၊ နင်ငိုနေတယ်...
ကျွန်မ ။ ။ နင်ထွက်သွားပေးပါ။ ငါ တစ်ယောက်ထဲ နေပါရစေ...
ဟိန်းထက် ကျွန်မဘေးတွင် ၀င်ထိုင်ပြီ မျက်နှာကို လက်ဖြင့်အုပ်ထားသော ကျွန်မလက်နှဖက်ကို ဆွဲဖယ်လျှက်၊
ဟိန်းထက် ။ ။ နင်ကို ဘယ်သူငိုအောင် လုပ်တာလဲ ပြောစမ်း...
ဟိန်းထက်ကို ကျွန်မဆောင့်တွန်းချထုတ်လိုက်ရင်း လက်ညှိုးထိုးလျှက်၊
ကျွန်မ ။ ။ အဲဒါ နင်ကြောင့်။ ငါဘာသာ အေးဆေးနေတာကို၊ နင်အနေထိုင် မတတ်လို့ ခုလို ငါပြောခံရတာ...
ဟိန်းထက် ။ ။ နှင်းသီရိ နင်ကို ဘာပြောလိုက်လို့လဲ။ ငါသူကို သွားရှင်းမယ်...
ကျွန်မ ။ ။ တော်ပါတော့ ဟိန်းထက်ရယ်။ ငါဘာသာ နေပါရစေဟာ...
ကျွန်မ ဟိန်းထက်ကို ဂရုမစိုက်နိုင်တော့ပဲ ကျွန်မ ထိုင်ပဲ ငိုနေမိတော့သည်။ ဒါဒုတိယအကြိမ် ဟိန်းထက်ရှေ့မှာ ငိုမိခြင်းဖြစ်သည်။ ကျွန်မ ဆယ်တန်း အောင်စာရင်းထွက်တုန်းက အမှတ်နည်းတာမို့ တခါ သူရှေ့မှာ ငိုခဲ့ဖူးသေးသည်။ ဟိန်းထက် ကျွန်မဘေးမှာ စောင့်ဂျောက်ထိုင်ရင်း စကားတစ်ခွန်းမှ ဆက်မပြောတော့ပေ။ တရေးနိုးလာတော့ ညက အငိုလွန်းပြီ ဘယ်လို ဟိန်းထက် ပေါင်ပေါ်မှာ အိပ်ပျော်နေမှန်းမသိပေ။ မရည်ရွယ်ပဲ ပြသာနာ တစ်ခုထပ်တိုးဖို့ အကြောင်းဖန်လာ၍ အမြန်ကုန်းရုန်းထလိုက်သည်။ ဟိန်းထက်က လန့်နှိုးလာသော ကျွန်မကို ကြည့်ပြီ၊
ဟိန်းထက် ။ ။ နင်နှိုးလာပြီလား...
ကျွန်မ ။ ။ အင်း...
ပြောကာ အဆောင်ပြန်ရန် ထထွက်လာသည်။ ကျွန်မ အဆောင်တံခါးကို ဖွင့်ရမည်ကို မ၀ံ့မရဲဖြစ်နေမိသည်။ နောက်ဆုံး စိတ်ဆုံးဖြတ်ကာ အဆောင်တံခါးကို ဖွင့်လိုက်သည်။ ဧည့်ခန်းတွင် နှင်းသီရိ မရှိတော့ပေ။ ဒါကြောင့် ကျွန်မအိပ်ခန်းထဲပြန်ပြီ အ၀တ်အစား အားလုံးကို အမြန်ထည့်တော့သည်။ ပြီမှ ခရီးဆောင်အိတ်ကို သယ်လာရင်း အဆောင် အပြင်သို့ပြန်ထွက်လာခဲ့သည်။ ဟိန်းထက် ခုထိတိုင် ကျွန်မကို အဆောင်ရှေ့တွင် စောင့်နေသေးသည်။ ကျွန်မ ဟိန်းထက်ကို လှမ်းကြည့်လိုက်ပြီ၊
ကျွန်မ ။ ။ ငါပြန်တော့မယ်...
ဟိန်းထက် ။ ။ ဘာဖြစ်တာလဲဟ။ မနက်ဖြန် အားလုံးတူတူ ပြန်မယ့်ကိစ္စကို...
ပြောရင်း ကျွန်မလက်ထဲမှ ခရီးဆောင်အိတ်ကို လာဆွဲ၍ သူလက်ထဲမှ ပြန်ဆွဲယူလိုက်ပြီ၊
ကျွန်မ ။ ။ နင် ငါကို မတားပါနဲ့...
ကျွန်မ တစ်ယောက်တည်း ကောက်ထွက်လာခဲ့သည်။ ဟိုတယ်မှာ ဆက်နေနေရင်၊ ဟိန်းထက်
လိုက်တားနေမှာစိုး၍ တစ်ယောက်ထဲ ထွက်လာသည်။ မနက်၁၀နာရီ ဘစ်ကားဖြင့် ချောင်းသာမှ ရန်ကုန်သို့ ပြန်လိုက်ပါ စီးနှင်းလာခဲ့သည်။
ချောင်းသာမှ ရန်ကုန်ပြန်လာပြီ နောက်ပိုင်း ဟိန်းထက် ဖုန်းကို ကျွန်မ မကိုင်ချင်တော့ပေ။ သူတို့ရဲ့ အရှုတ်ထုပ်ကမ္ဘာထဲတွင် မပါချင်တော့ပေ။ နှင်းသီရိလည်း အိမ်ကိုရောက်လာပြီ ချောင်းသာတုန်းက သူမူးပြီ ပြောမိတဲ့အကြောင်း လာတောင်းပန်သွားတယ်။ ကျွန်မ သူမကိုလည်း အပြစ်မမြင်ပါ၊ ကျွန်မကိုယ် ကျွန်မသာ အပြစ်တင်မိသည်။ ဒါကြောင့် အတတ်နိုင်ဆုံး ဟိန်းထက်ကို ရှောင်ဖို့ ကြိုးစားခဲ့သည်။
ဖုန်းသံ ။ ။ သီချင်းသံ...
ထွက်လာ၍ ကျွန်မဖုန်းကို ပြန်ပိတ်လိုက်သည်။ ဘေးမှ ခင်မျိုးချစ်က စပ်စုကာ၊
ခင်မျိုးချစ် ။ ။ ဘယ်သူလဲ...
ကျွန်မ ။ ။ ဟိန်းထက်ပါ...
ခင်မျိုးချစ် ။ ။ သူဆက်နေတာ အခါတစ်ရာလောက် ရှိနေပြီ၊ ကိုင်လိုက်ပါဟယ်...
ကျွန်မ ။ ။ တော်ပါပြီဟာ၊ မကိုင်ချင်ပါဘူး။ ခင်မျိုးချစ်၊ ငါ ဒီနေ့ ကိုရဲထွန်းနဲ့ ထမင်းအပြင်ထွက်စားဖို့ ချိန်းထားလို့။ အဲဒါ...
ခင်မျိုးချစ် ။ ။ သိပါတယ်။ ငါဒီလောက်တော့ အလိုက်သိပေးရမှာပေါ့...
ကျွန်မရယ်လျှက် ကိုရဲထွန်းနဲ့ ထမင်းအတူစားရန် သူကားနှင့် လိုက်ပါလာသည်။ Feel စားသောက်ဆိုင်ရောက်တော့ ကားကို ရပ်လိုက်ပြီ၊ ကိုရဲထွန်းနှင့် ကျွန်မ တူတူ ဆင်းလာခဲ့သည်။ ထို့နောက် နည်းနည်း လွတ်လွတ်လပ်လပ်ရှိသည့် အနောက်ဘက်ဝန်းတွင် တူတူထိုင်လိုက်ကြသည်။
ကိုရဲထွန်း ။ ။ လွမ်းနေခြည် မှာချင်တာ မှာလေ...
ကျွန်မ ။ ။ ထမင်းကြော် တပွဲ ပေးပါ...
ကိုရဲထွန်း ။ ။ ကျွန်တော် လွမ်းနေခြည်ကို လက်ဆောင်ပေးစရာရှိလို့။ လွမ်းနေခြည် လက်ခံမှာလားဟင်...
ပြောရင်း သူအိတ်ကပ်ထဲမှ လေးထောင့်ဘူးလေးကို စားပွဲပေါ် တင်လိုက်သည်။ ဖယ်ပြားလေးနဲ့ အသေအချာ ထုပ်ပိုးထားသော ပစ္စည်းကို ကျွန်မလှမ်းကြည့်လိုက်သည်။ ပြီမှ သူလက်ဆောင်ဘူးကို ဖွင့်ကြည့်လိုက်တော့ ရွှေနဲ့လုပ်ထားတဲ့ အသဲပုံလော့ကတ်နဲ့ ဆွဲကြိုးလေးဖြစ်သည်။ ဒါကြောင့် ကိုရဲထွန်းရှေ့သို့ လက်ဆောင်ဘူးကို ပြန်တွန်းပေးရင်း၊
ကျွန်မ ။ ။ ကျွန်မ လက်မခံပါရစေနဲ့...
ကိုရဲထွန်း ။ ။ ကျွန်တော် လွမ်းနေခြည်ကို လက်ထပ်ချင်ပါတယ်...
ဖွင့်ပြောတော့လည်း၊ ဆိုင်မဆင့် ဘုံမဆင့်နဲ့ လက်ထပ်ချင်တယ် တန်းပြောလိုက်ရာ အရမ်း အံ့အားသင့်သွားတော့သည်။
ကျွန်မ ။ ။ ဟို၊ ကျွန်မ...
ငြင်းလိုက်ရမလား၊ ဘာဆက်ပြောရမှန်း မသိဖြစ်နေချိန်တွင် ဟိန်းထက် ဘယ်လို ရောက်လာမှန်း မသိပဲ။ ကျွန်မလက်ကို အတင်းလာဆွဲရင်း၊
ဟိန်းထက် ။ ။ လွမ်းနေခြည်လာ၊ သွားမယ်...
ဟိန်းထက် လက်ထဲမှ အတင်းပြန်ရုန်းလိုက်သည်။ ကိုရဲထွန်းလည်း မျက်နှာပျက် သွားတော့သည်။
ကျွန်မ ။ ။ ဘာလို့ သွားရမှာလဲ...
ဟိန်းထက် ။ ။ နင်၊ ငါကို စိတ်ဆိုးနေတာ ငါသိတယ်။ ငါကို စိတ်ဆိုးတာနဲ့ပဲ ဒီလူကြီးနဲ့ ပတ်သက်စရာ အကြောင်းမရှိဘူး...
ကျွန်မ ။ ။ နင် ဒီလူကြီးလို့ မပြောပါနဲ့။ ကိုရဲထွန်းက ငါချစ်သူ...
ပြောလိုက်ရာ ဟိန်းထက် မယုံနိုင်တဲ့ မျက်နှာဖြင့် နောက်သို့ တလှမ်းဆုတ်သွားသည်။ ကိုရဲထွန်းက ကျွန်မကို လှမ်းကြည့်လိုက်သည်။
ကျွန်မ ။ ။ ဟုတ်တယ်။ ငါသူနဲ့ လက်ထပ်တော့မှာ...
ဟိန်းထက် ။ ။ နင် ငါကို လာမနောက်နဲ့...
ကျွန်မ ။ ။ ငါအတည်ပြောနေတာ...
ဟိန်းထက် ။ ။ ဟာကွာ...
ဘေးက နံရံကို လက်သီးနဲ့ ပိတ်ထိုးလိုက်၍ ကျွန်မရော၊ ကိုရဲထွန်းရော ထိတ်လန့်သွားတော့သည်။ ထို့နောက် ဟိန်းထက် ဒေါကြီး မောကြီးနဲ့ ထွက်သွားရာ၊ ကျွန်မ ထိုင်နေရာမှ ထရပ်လိုက်ပြီ ကိုရဲထွန်းဘက်လှည့်၍၊
ကျွန်မ ။ ။ ကိုရဲထွန်းကို လွမ်းနေခြည် အားနာပါတယ်။ ဒါပေမယ့် သူတဇွတ်ထိုး လုပ်မှာ စိုးလို့။ လွမ်းနေခြည်...
ကိုရဲထွန်း ။ ။ ဟုတ်ကဲ့၊ လိုက်သွားလိုက်ပါ...
ကျွန်မကို နားလည်ပေး၍ ကိုရဲထွန်းကို ပြုံးပြလိုက်ပြီ ဟိန်းထက်နောက်သို့ ပြေးလိုက်သွားတော့သည်။ သူမဖွင့်ပေးသော်လည်း သူကားရှေ့ခန်းတံခါး ဆွဲဖွင့်ကာ ကားပေါ် အမြန်ပြေးတက်လိုက်ရသည်။ ဟိန်းထက် မောင်းတာ ဘာကြမ်းတလှဲမမေးနဲ့ ကျွန်မမှာ နှလုံးရောဂါရှိရင် ထိုနေရာမှတင်ပင် ပွဲချင်းပြီ သေဆုံးသွားနိုင်သည်။ မောင်းရင်း ဘားဆိုင်တစ်ခုရှေ့တွင် ကားကို စောင့်ရပ်လိုက်ပြီ ဆိုင်ထဲသို့ ဟိန်းထက် ၀င်သွားတော့သည်။ ကျွန်မလည်း ဟိန်းထက် နောက်သို့ ပြေးလိုက်ဝင်လာခဲ့သည်။ ဟိန်းထက် ကျွန်မမျက်နှာကိုပင် မကြည့်တော့ပဲ မသောက်စဖူး အရက်များကို တခွက်ပြီ တခွက် မော့နေသည်။
ကျွန်မ ။ ။ ဟိန်းထက်...
ဟိန်းထက် ။ ။ ဘာလဲ...
အော်ငေါက်လိုက်၍ ကျွန်မ ဘာမှ ဆက်မပြောရဲပေ။ ဟိန်းထက် သောက်ရင်း၊ ညနေတောင် စောင်းသွားသည်။ ကျွန်မသူကို တခွန်းမှ မပြောနိုင်ပဲ၊ ထိုင်လျှက်သာ ငေးကြည့်နေတော့သည်။ ညနေစောင်းတော့ ဟိန်းထက် အရမ်းမူးကာ ယိုင်ထိုးနေပြီ ဖြစ်သည်။ သူအစားပိုက်ဆံရှင်းပေးပြီ ဆိုင်မှ စားပွဲထိုးနှစ်ယောက်ကို အတင်းတွဲခိုင်းကာ ကားပေါ်သို့ ပို့ခိုင်းရသည်။ ကံကောင်းချင်တော့ ဟိန်းထက် ကားမောင်းသင်ပေးထား၍ ကျွန်မ ကားမောင်းတတ်၍ တော်သေးသည်။ ဒါကြောင့် သူကားကို ကျွန်မပဲ မောင်းကာ အိမ်သို့ ပြန်မောင်းလာခဲ့သည်။ အိမ်ထဲရောက်တော့ အန်တီလေးကို အကူအညီတောင်းပြီ ကျွန်မအိပ်ခန်းထဲသို့ မနည်း ချီတင်ရသည်။ ဟိန်းထက် အိမ်ကိုတော့ ဖုန်းဆက်ပြီ အကျိုးအကြောင်း ပြောထားသည်။
ထို့နောက် အရက်မူးပြီ အိပ်မောကျနေသော ဟိန်းထက် ရှိရာ အခန်းထဲသို့ ကျွန်မ၀င်လာသည်။ အိပ်နေသော ဟိန်းထက်ကို ကြည့်ပြီ ကျွန်မတချက်ပြုံးလိုက်သည်။ သူနဲ့ စခင်ကတည်းက သူပုံက အရမ်းကို အပြစ်ကင်းစင်သည်။ အိပ်မောကျနေတုန်း သူဆံပင်လေးကို ပွတ်သတ်ပေးရင်း တိုးတိုးလေး၊
ကျွန်မ ။ ။ ဟိန်းထက်၊ ငါနင်ကို အရမ်းချစ်ပါတယ်။ ဒါပေမယ့် ငါလည်း ငါလမ်းငါလျှောက်ရမှာပဲ။ နင်လည်း နင်လမ်း နင်လျှောက်ရမှာလေ။ ငါနင်ကို မခွဲချင်ပေမယ့် နင်လည်း ငါကို တနေ့ ခွဲသွားရမှာပဲ မဟုတ်လား...
တစ်ယောက်ထဲ ရေရွတ်ပြောဆိုနေချိန်တွင် ဟိန်းထက် ပါးစပ်မှ ယောင်ယမ်းပြီ၊
ဟိန်းထက် ။ ။ လွမ်းနေခြည်၊ လွမ်းနေခြည် ငါကို ခွဲမသွားပါနဲ့...
ယောင်ယမ်းရေရွတ်နေမှန်း သိပေမယ့် ကျွန်မ မျက်ရည်များ စီးကျလာတော့သည်။ ကျွန်မ ငိုလျှက် အခန်းပြင်ထွက်လာတော့ အန်တီလေး ကျွန်မ လက်နှဖက်ကိုကိုင်ရင်း၊
အန်တီလေး ။ ။ သမီး၊ လွမ်းနေခြည်။ ဟိန်းထက်နဲ့ ဘယ်လို ဖြစ်ကြတာလဲကွယ်...
ကျွန်မ ။ ။ မသိတော့ပါဘူး။ အန်တီလေးရယ်...
ကျွန်မမျိုသိပ်ထားရသည်များကို ဖွင့်ချရင်း အန်တီလေး ပခုံးပေါ်တွင် ငိုချလိုက်မိတော့သည်။
----------------------------------------------------------------------------------------------------------
နောက်နေ့ အလုပ်သွားဖို့ ရုံးသွားခါနီး၊ ဟိန်းထက် နှိုးလာရင် သောက်ဖို့ သံပရာရည် တခွက် ဖျော်ပေးနေသည်။
အန်တီလေး ။ ။ ဟိန်းထက် မနှိုးသေးဘူးလား သမီး...
ကျွန်မ ။ ။ ဟုတ်။ အန်တီလေး သမီးက ရုံးသွားရအုန်းမှာ။ ဒါကြောင့်လေ သူနိုးတာရင် ခေါင်းကိုက်ပျောက်ဆေးနဲ့ သံပရာရည်လေး...
အန်တီလေး ။ ။ သိပါတယ်။ စိတ်ပူမနေနဲ့ အန်တီလေး တိုက်လိုက်ပါ့မယ်...
ပြောရင်း ကျွန်မ ပခုံးကို ပုပ်လိုက်၍ ကျွန်မ ပြုံးလိုက်သည်။ ရုံးသာ မသွားမဖြစ်လို့ ထွက်လာခဲ့ရသည်၊ ဟိန်းထက် အိမ်မှာ အဆင်ပြေပါ့မလား စိုးရိမ်မိသေးသည်။ ရုံးရောက်ရင်လည်း ကိုရဲထွန်းကို ဘယ်လို မျက်နှာချင်းဆိုင်ရမှန်း မသိတော့ပေ။ ဘဏ်ထဲ အ၀င်ဝမှာ ရပ်စောင့်နေသေသာ ကိုရဲထွန်းကို မြင်တော့ မျက်နှာပူမိသည်။ ကိုရဲထွန်း ကျွန်မနားသို့ လမ်းလျှောက်လာပြီ၊
ကိုရဲထွန်း ။ ။ မနေ့က အဆင်ပြေရဲ့လား...
ကျွန်မ ။ ။ ဟုတ်...
ကိုရဲထွန်း ။ ။ ဒါနဲ့ လွမ်းနေခြည် မနေ့က ကျွန်တော်ကို လက်ထပ်မယ်ဆိုတာ တကယ်ပြောတာလားဟင်...
ကိုရဲထွန်းကို ယူမည်ဟု ဟိန်းထက်ကို စိတ်ဆိုးပြီ ပြောလိုက်တဲ့ကိစ္စကို မေးမှန်းသိသည်။ ကျွန်မ ဘာဆက်ဖြေရမှန်း မသိပေ။ ကိုရဲထွန်းက လူကောင်း၊ ကျွန်မကိုလည်း တကယ်မြတ်မြတ်နိုးနိုး ချစ်မှန်း သိသည်။ ဒါပေမယ့် ကျွန်မချစ်တာက ဟိန်းထက်၊ ကိုရဲထွန်းက ကျွန်မ အစ်ကိုတစ်ယောက်လိုပဲ ခင်သည်။ ထို့ကြောင့် ဘာပြန်ဖြေရမှန်း မသိဖြစ်နေ၍၊
ကိုရဲထွန်း ။ ။ ရပါတယ်၊ လွမ်းနေခြည် စဉ်းစားပါအုန်း။ ကျွန်တော် စောင့်နိုင်ပါတယ်...
ကျွန်မ ။ ။ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်...
ပြောကာ ဘဏ်ထဲသို့ ၀င်လာခဲ့သည်။ လူကသာ အလုပ်မှာ စိတ်က အိမ်ကိုသာ ရောက်နေတော့သည်။ နေ့ခင်း အန်တီလေးကို ဖုန်းဆက်ပြီ အကျိုးအကြောင်း မေးရသေးသည်။
ကျွန်မ ။ ။ အန်တီလေး၊ ဟိန်းထက် နှိုးပြီလား...
အန်တီလေး ။ ။ နှိုးပြီ၊ နှိုးနှိုးချင်း သမီးကိုပဲ မေးနေတာပေါ့...
ကျွန်မ ။ ။ ခုရော ပြန်သွားပြီလား...
အန်တီလေး ။ ။ အင်း ပြန်သွားပြီ...
ကျွန်မ ။ ။ ဟုတ်ကဲ့...
ဖုန်းချလိုက်သည်။ ဟိန်းထက် တစ်ယောက်အတွက်နဲ့ ရင်မောမိသည်။ သူမှာလည်း ချစ်သူ နှင်းသီရိ ရှိနေရက်နဲ့ ဘာဖြစ်နေမှန်းကို မသိပေ။ ကျွန်မလည်း တခါတလေ သူကို နားမလည် တော့ပေ။ ရုံးဆင်းခါနီး ဟိန်းထက် ဆီက ဖုန်းဝင်လာသည် သူ၊ ကျွန်မတို့ သွားနေကျ ကာလာအိုကေဆိုင်မှာ စောင့်နေမယ် ပြောသည်။ ဒါကြောင့် ရုံးဆင်းသည်နှင့် ထိုဆိုင်သို့ ကျွန်မတက္ကစီနဲ့ ထွက်လာခဲ့သည်။ ကာလာအိုကေခန်းဝင်လိုက်တော့ ဟိန်းထက်နှင့်အတူ နှင်းသီရိပါ ရောက်နေသည်။ နှင်းသီရိက ကျွန်မကို မြင်တော့ ပြုံးရွှင်သွားကာ၊
နှင်းသီရိ ။ ။ မမ၊ ကိုဟိန်းကို ပြောပါအုန်း၊ အရက်တွေပဲ လိမ့်သောက်နေတယ်...
ဟိန်းထက် အရက်ပုလင်း ဘေးတွင် တန်းစီးကာ ထားထားသည်ကို ကြည့်ပြီ ကျွန်မ စိတ်ပျက်မိသည်။
ကျွန်မ ။ ။ ဟိန်းထက်၊ နင်ဒါ ဘာလုပ်နေတာလဲ...
ဟိန်းထက် ။ ။ ငါဘာသာ ဘာလုပ်လုပ်ပေါ့...
ကျွန်မ ။ ။ နှင်းသီရိ၊ မမ အရမ်းအားနာပါတယ်။ မမသူနဲ့ နှစ်ယောက်တည်းပြောစရာ ရှိလို့ ခဏထွက်ပေးလို့ ရမလားဟင်...
နှင်းသီရိလည်း နားလည်ပုံဖြင့် ခေါင်းညိတ်ရင်း၊
နှင်းသီရိ ။ ။ ဟုတ် ရပါတယ်...
ထွက်သွားပေးသည်။ နှင်းသီရိ ထွက်သွားမှ ဟိန်းထက် လက်မောင်းကို အားဖြင့် ခါယမ်းလိုက်ပြီ၊
ကျွန်မ ။ ။ နင်၊ ဘာတွေ ဖြစ်နေတာလဲ...
ဟိန်းထက် ။ ။ ငါ၊ ငါမသိဘူးဟာ။ ငါအရက် သောက်ချင်လို့ သောက်တာ ဘာဖြစ်လဲ...
ကျွန်မ ။ ။ ဒီမှာ။ နင် ငါအားမနာရင်တောင်၊ နှင်းသီရိကိုတော့ အားနာဖို့ ကောင်းပါတယ်။ သူခင်မျာ သနားစရာ...
ဟိန်းထက် ။ ။ ငါ နင်ကို အဲလူ ရင်ခွင်ထဲ ရောက်နေမှာ ဘယ်လိုမှ ကြည့်မနေနိုင်ဘူး။ ငါ မသိဘူးဟာ၊ ငါနင်ကို ကြိုက်နေတယ် ထင်တာပဲ...
ဟိန်းထက် ဆီမှကြားလိုက်ရသော စကားကြောင့် ကျွန်မ အံ့အားသင့်သွားချိန်တွင် တံခါးဝနားမှာ ရပ်နေသော နှင်းသီရိ ကြားသွားပြီ ငိုလျှက် ပြေးထွက်သွားတော့သည်။ ကျွန်မလည်း ထိုင်ရာမှ ထရပ်လိုက်သည်။ ဟိန်းထက်က အရေးတောင်မလုပ်ပဲ အရက်ဆက်သောက်ရန် ခွက်ထဲ အရက်ထည့်နေ၍ သူလက်ထဲမှ ခွက်ကို လုယူကာ၊
ကျွန်မ ။ ။ ဟိန်းထက်၊ နင်ဘာလုပ်နေတာလဲ။ မြန်မြန် နှင်းသီရိ နောက်လိုက်သွားလေ...
ဟိန်းထက် ။ ။ သူဘာသာ ထွက်သွားတာ ငါနဲ့ဘာဆိုင်လဲ...
ကျွန်မ ။ ။ နင်ကို တခြားနေရာမှာ ငါခွင့်လွှတ်နိုင်တယ်။ ခုနင်မပြောသင့်တာတွေ ပြောလို့၊ နှင်းသီရိ ထွက်သွားတာ...
ဟိန်းထက် ။ ။ မပြောသင့်တာ ပြောမိလို့လဲ။ နင်ကို ကြိုက်တယ်ပြောတာ မပြောသင့်ဘူးလား...
ပြောကာ ဟိန်းထက် ကျွန်မကို ပြန်ရစ်တော့သည်။
ကျွန်မ ။ ။ မသိဘူးဟာ၊ နင်သူရှေ့မှာတော့ မပြောသင့်ဘူး...
ပြောရင်း ကျွန်မ ဟိန်းထက်ကို တစ်ယောက်ထဲ ထားခဲ့ပြီ နှင်းသီရိရှိမည့် နေရာသို့ လိုက်သွားတော့သည်။ ကာလာအိုကေဆိုင်ပြင်မှာ တက္ကစီတားနေသော နှင်းသီရိကို မြင်၍၊
ကျွန်မ ။ ။ နှင်းသီရိ...
နှင်းသီရိ မျက်ရည်များလည်း စီးကျနေပြီ ကျွန်မကို မုန်းတီးတဲ့ မျက်လုံးများနှင့် လှည့်ကြည့်ပြီ၊
နှင်းသီရိ ။ ။ ဘာလဲ။ မမကို ကိုဟိန်းက နှင်းကို လိုက်ခေါ်ဖို့ လွှတ်လိုက်တာလား...
ကျွန်မ ။ ။ အဲဒီလို မဟုတ်ပါဘူး...
နှင်းသီရိ ။ ။ အဲဒီလို မဟုတ်ရင် ငါတို့နှစ်ယောက် ချစ်နေကြတယ်။ နင်အလိုက်သိပေးပါလို့ ပြောမလို့လား...
ကျွန်မခေါင်းကို ခါယမ်းလိုက်ပြီ၊
ကျွန်မ ။ ။ ဟိန်းထက် မူးပြီ လျှောက်ပြောနေတာပါ။ တမျိုးမထင်ပါနဲ့...
နှင်းသီရိ ။ ။ တော်ပါတော့။ မမတို့နှစ်ယောက်ပဲ အမျိုးမျိုးတတ်နိုင်ကြတယ်။ အစက ချစ်လား မေးတော့ နှစ်ယောက်လုံး မချစ်ဘူးတဲ့။ နှင်းကို အရူးလုပ်နေကြတာလား...
နှင်းသီရိမေးခွန်းကို ကျွန်မပြန်ဖြေဖို့ အဖြေမရှိပေ။ နှင်းသီရိ တက္ကစီနှင့် ထွက်သွားသည်ကို ငိုင်ကြည့်ရင်း ရပ်ကျန်ရစ်ခဲ့သည်။ ဟိန်းထက် ဆီလည်း ပြန်မသွားချင်တော့သည်မို့ အိမ်သို့ ပြန်လာခဲ့သည်။ အိပ်ခန်းပြတင်းပေါက်မှ အပြင်ကို ငေးငိုင်ရင်း ဟိန်းထက်၊ ဟိန်းထက် နင်ငါကို ဘယ်လို ဖြစ်စေချင်တာလဲဟု အကြိမ်ကြိမ် ပြောနေမိသည်။
မနက်ကျတော့ ရုံးပိတ်ရက်မို့ ကျွန်မရုံးမသွားရပါ။ တညလုံး မအိပ်ပဲ ဟိန်းထက်ရယ်၊ နှင်းသီရိရယ်၊ ကျွန်မရယ် ၃ယောက်စလုံး အဆင်ပြေမယ့် နည်းကို ကျွန်မစဉ်းစားမိသည်။ ကျွန်မမှာ တိုင်ပင်စရာ ဆိုလို့ အန်တီလေးသာ ရှိတာမို့ အန်တီလေးကိုပဲ တိုင်ပင်ရန် စိတ်ဆုံးဖြတ်လိုက်သည်။ ဧည့်ခန်းတွင် သတင်းစာ ဖတ်နေသော အန်တီလေးနားသွားပြီ၊
ကျွန်မ ။ ။ အန်တီလေး...
အန်တီလေး ။ ။ သမီးပြောလေ...
ကျွန်မ ။ ။ သမီး ဘာဆက်လုပ်ရမှန်း မသိတော့ဘူး..
မျက်ရည်များလည်း ပြောရင်း ၀ဲလာတော့သည်။ အန်တီလေး စိတ်ပူသွားပုံဖြင့် သူဖတ်လက်စ သတင်းစာကို ဘေးချလျှက်၊
အန်တီလေး ။ ။ အန်တီလေးကို ပြောပြပါအုန်း။ ဘာဖြစ်လို့တုန်း...
ကျွန်မ ။ ။ ဟိန်းထက် မနေ့က အရက်တွေမူးပြီ နှင်းသီရိရှေ့မှာ သမီးကို ကြိုက်တယ်လို့ ဖွင့်ပြောတယ်...
အန်တီလေး ။ ။ အဲဒီတော့...
ကျွန်မ ။ ။ နှင်းသီရိက သမီးနဲ့ ဟိန်းထက်ကို အထင်လွှဲသွားတယ်။ သမီး ဒီအတိုင်း ဆက်နေလို့ မဖြစ်ဘူးထင်တယ် အန်တီလေး...
အန်တီလေး ။ ။ သမီးက ဘယ်လို လုပ်ချင်လို့...
ကျွန်မ ။ ။ သမီး အိမ်ထောင်ပြုလိုက်ရင် ကောင်းမလားလို့...
အန်တီလေး ကျွန်မနားသို့ ပိုတိုးလာပြီ၊
အန်တီလေး ။ ။ သမီးမှာ ချစ်သူ ရှိလို့လား...
ကျွန်မ ။ ။ ချစ်သူတော့ မရှိပါဘူး။ ဒါပေမယ့် သမီးကို လက်ထပ်ခွင့်တောင်းထားတဲ့ သူတော့ ရှိတယ်။ သူက သမီးတို့ရုံးက မန်နေဂျာပါ။ ပြီတော့ ကိုရဲထွန်းက လူကောင်း တစ်ယောက်ပါ..
အန်တီလေး ။ ။ ဒါနဲ့ သမီးကရော သူကို ချစ်လို့လား...
ကျွန်မမှာ ထိုမေးခွန်းအတွက် အဖြေမရှိပင်။ ကျွန်မ ခေါင်းကို ငိုက်စိုက်သွားတော့ အန်တီလေးက ကျွန်မကို ဖက်လိုက်ရင်း၊
အန်တီလေး ။ ။ သမီး လွမ်းနေခြည်ရယ်။ ဖြစ်မှ ဖြစ်ရလေ၊ ကိုယ်ချစ်တဲ့သူအတွက် ကိုယ်မချစ်တဲ့သူကို ယူမလို့လား...
ပြောလိုက်တော့ အန်တီလေးကို ပြန်ဖတ်ရင်း မျက်ရည်များသာ စီးကျလာသည်။
-----------------------------------------------------------------------------------------------------
ကျွန်တော် လွမ်းနေခြည် ဖုန်းနံပါတ်တစ်ခုထဲကို အကြိမ်ကြိမ် အဆက်မပြတ်ပဲ နှိပ်နေမိသည်။
ဖုန်းသံ ။ ။ လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားခြင်း (သို့) ဆက်သွယ်မှု ဧရိယာ ပြင်ပရောက်ရှိနေခြင်းကြောင့် ဆယ်သွယ်မရနိုင်ပါရှင်...
ကျွန်တော် ။ ။ သောက်သုံးမကျတဲ့ဖုန်း...
အဝေးသို့ ပစ်ပေါက်ရန် လက်ရွယ်ပြီကာမှ လက်ကို အောက်သို့ ပြန်ချလိုက်ပြီ တောက်တစ်ချက် ခေါက်လိုက်သည်။ ထို့နောက် ထိုင်ရမလို၊ ထရမလိုဖြစ်ကာ ကျွန်တော်တစ်ယောက်ထဲ ဆိုင်ရုံးခန်းထဲမှာ ဂဏှာမငြိမ်ဖြစ်နေတော့သည်။ ထိုချိန် ဖုန်းသံမြည်လာ၍ စားပွဲပေါ်မှ ဖုန်းကို အပြေးကောက်ကိုင်ရာ လွမ်းနေခြည်မဟုတ်ပဲ နှင်းသီရိဖြစ်နေ၍၊
ကျွန်တော် ။ ။ ဒီတောသူမက တရှုတ်...
ဟုဆဲဆိုရင်း ဖုန်းကို ကိုင်လိုက်ပြီ၊
ကျွန်တော် ။ ။ ဘာလို့ဆက်တာလဲ...
နှင်းသီရိ ။ ။ ကိုချစ်သူဆီ နှင်းက မဆက်ရတော့ဘူးလား...
ကျွန်တော် ။ ။ ဒီမှာ ခုငါရင်ထဲမှာ ဘာတွေဖြစ်နေလဲ မင်းမသိပါဘူး။ မင်းကြောင့် လွမ်းနေခြည် ငါကို ရှောင်နေတယ်။ အတွေ့လည်း မခံဘူး။ အဲဒါကို မင်းသိရဲ့လား...
နှင်းသီရိ ။ ။ ဘြော် ကိုကိုက ဒီလိုလား။ နှင်းလည်း ဘယ်လောက်ခံစားနေရတယ် ဆိုတာ ကိုကို မသိဘူးလား...
ကျွန်တော် ။ ။ အေး သိလည်း မသိဘူး။ သိလည်း မသိချင်ဘူးကွာ။ နောက်တခါ ငါဆီမဆက်နဲ့...
ပြောရင်း အလကာနေရင်း ဖုန်းကို စားပွဲပေါ် ပြန်ပစ်တင်လိုက်သည်။ ထို့နောက် ထိုင်ခုံပေါ် ပြန်ထိုင်ချလိုက်ပြီ ကျွန်တော် ဆံပင်ကို လက်ဖြင့် ဆုတ်ကိုင်ရင်း၊
ကျွန်တော် ။ ။ လွမ်းနေခြည်၊ လွမ်းနေခြည် နင်ကွာ။ တောက်၊ ငါနင်ကို ရအောင်ရှာမယ်...
ပြောရင်း စားပွဲပေါ်မှ ကားသော့နှင့် ဟမ်းဖုန်းကို အမြန်ဆွဲယူကာ ဆိုင်ထဲမှ ထွက်လာခဲ့သည်။ ကားတံခါးကို လည်း အမြန်ဆွဲပိတ်လိုက်ပြီ စက်ကို နှိုးကာ လွမ်းနေခြည်အလုပ်လုပ်သည့် ဘဏ်သို့ မောင်းလာခဲ့သည်။ ဘဏ်ရှေ့ရောက်တော့ ကားကို ထိုးရပ်ပြီ ဘဏ်ထဲသို့ ၀င်လာကာ၊
ကျွန်တော် ။ ။ လွမ်းနေခြည်၊ လွမ်းနေခြည်...
ဘဏ်အလုပ်သမားတွေ နေတဲ့အခန်းထဲတွင် အတင်းတိုးဝင်ကာ လွမ်းနေခြည်ကို လိုက်ရှာတော့သည်။ ဘဏ်ထဲမှ လူများနှင့် ၀န်ထမ်းများက ကျွန်တော် တအံ့တဘြ ၀ိုင်းငေးကြည့်နေကြသည်။ ထိုချိန် ဘဏ်လုံခြုံရေးတွေ ရောက်လာပြီ၊
လုံခြုံရေး ။ ။ ဒီထဲ ၀င်လို့မရဘူးဗျ။ ပြန်ထွက်ပေးပါ...
ကျွန်တော် ။ ။ ခင်မျာတို့ လွမ်းနေခြည်ကို ဘယ်မှာဝှက်ထားတာလဲ။ ပြောစမ်းပါ...
ထိုလုံခြုံရေးကို အကျီင်္ကို စောင့်ဆွဲလိုက်၍ တခြား လုံခြုံရေးတွေ ရောက်လာပြီ ရုန်းရင်းစံခတ် ဖြစ်ကုန်ကြသည်။ ထိုချိန် လွမ်းနေခြည် သူငယ်ချင်း ခင်မျိုးချစ် ပြေးရောက်လာပြီ၊
ခင်မျိုးချစ် ။ ။ မလုပ်ကြပါနဲ့။ ကျွန်မ အသိပါရှင်...
ခင်မျိုးချစ် ကျွန်တော်ကို အတင်း လူကြားထဲမှ ဆွဲခေါ်ကာ ဘဏ်ထဲမှ ခေါ်ထုတ်သွားတော့သည်။ ဘဏ်ပြင်ရောက်တော့ လွမ်းနေခြည်ကြောင့် ဖြစ်နေတဲ့ဒေါသတွေ အားလုံး ခင်မျိုးချစ်ပေါ် ပုံချတော့သည်။ ကျွန်တော် သူမကို လက်ညှိုးငေါက်ငေါက် ထိုးရင်း၊
ကျွန်တော် ။ ။ ဘယ်မှာလဲ လွမ်းနေခြည်။ နင်လိမ်မယ် မကြံနဲ့နော်...
ခင်မျိုးချစ် ။ ။ ငါလိမ်စရာ အကြောင်းမရှိဘူး။ သူအလုပ်မလာတာ ကြာပြီ...
ကျွန်တော် ။ ။ ဒီမှာကြည့်စမ်းပါ၊ ငါလည်း ရူးတော့မယ်ဟ။ သူဘယ်လို့ငါကို အတွေ့မခံပဲ ရှောင်နေတာလဲ...
ခင်မျိုးချစ် ။ ။ ငါလည်း မသိဘူး...
ကျွန်တော် ခေါင်းကို ကျွန်တော်လက်ဖြင့် ရိုက်လိုက်ရင်း ပျာယာခတ်စွာ၊
ကျွန်တော် ။ ။ ဒါပေမယ့် နင် သူဘယ်မှာလဲဆိုတာ သိတယ်မဟုတ်လား...
ခင်မျိုးချစ် ကျွန်တော်ကို သနားသော အကြည့်ဖြင့် ကြည့်ပြီမှ မျက်လွှာချသွားကာ၊
ခင်မျိုးချစ် ။ ။ လွမ်းနေခြည် ကိုရဲထွန်းနဲ့မင်္ဂလာဆောင်ဖို့ မန္တလေးထွက်သွားပြီ...
ကျွန်တော် ။ ။ ဘာ...
ကျွန်တော် နောက်သို့ ခြေလှမ်း တစ်လှမ်းဆုတ်လိုက်မိသည်။ လွမ်းနေခြည်၊ လွမ်းနေခြည် နင်ဟာ၊ နင်တော့ ငါကို ရူးအောင် လုပ်နေတာလားဟု စိတ်ထဲမှာ ကြိမ်းဆဲလိုက်မိသည်။ ထို့နောက် ခင်မျိုးချစ် လက်မောင်းကို ဆုတ်ကိုင် လိုက်ရင်း၊
ကျွန်တော် ။ ။ သူတို့ ဘယ်နေ့ဆောင်မှာလဲ၊ မြန်မြန်ပြောစမ်း...
ခင်မျိုးချစ် ။ ။ ဒီနေ့ညနေ ၆နာရီ မန္တလေး ဆီဒိုးနားမှာ ဆောင်မှာ...
ထိုချိန် ကျွန်တော်နာရီလှမ်းကြည့်လိုက်တော့ မနက်၉နာရီ ထိုးနေပြီ ဖြစ်သည်။ ဒါကြောင့် ကားပေါ်သို့ အမြန်ခုန်တက်လိုက်ပြီ။ စက်ကို အမြန်နှိုးတော့သည်။ အရေးထဲ စက်ကလည်း ချက်ချင်း နှိုးမရ၍ ကားစီယာတိုင်ကို လက်ဖြင့် တချက်ရိုက်လိုက်သည်။ ၃ချက်လောက် နှိုးမှ နှိုးသွားသည်နှင့် ကားကို အရှိန်ဖြင့် ဂငယ်ကွေ့ချိုးကွေ့လိုက်ပြီ မန္တလေးသို့ နင်းနိုင်သမျှ နင်းပြီ မောင်းတော့သည်။ ပါးစပ်ကို လက်တဖက်ဖြင့် ပိတ်လိုက်ရင်း ရင်ထဲမှာ ပလောင်ကို ဆူထွက်နေသည်။ ခေါင်းတစ်ခုလည်း ထူပူနေပြီ ပါးစပ်မှ တောက်တချက်ခေါက်၍၊
ကျွန်တော် ။ ။ လွမ်းနေခြည်၊ လွမ်းနေခြည်...
ဟု ရေရွတ်ရင်း ကားစီယာတိုင်ကိုပဲ လက်နှင့် ရိုက်နေမိသည်။ မောင်းရင်း နေပြည်တော်နား အရောက်တွင် နေ့ခင်း ၁နာရီထိုးနေပြီဖြစ်သည်။ တဖြည်းဖြည်း ကျွန်တော် လွမ်းနေခြည် မင်္ဂလာဆောင်ကို အချိန်မမှီလိုက်မှာကို ပိုမို စိုးရိမ်လာတော့သည်။ ကားမောင်းရင်းနဲ့ လက်တဖက်မှ ဖုန်းဖြင့် လွမ်းနေခြည်ဆီ ခေါ်ကြည့်နေသေးသည်။
ဖုန်းသံ ။ ။ လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားခြင်းကြောင့်...
ကျွန်တော် ။ ။ သောက်၊ လူကြီးမင်းက တမျိုး...
ဖုန်းကို ပြန်ပစ်ချလိုက်ပြီ ကားလီဗာကို ကျွန်တော် အရှိန်ပိုမြင့်လိုက်သည်။ ကျွန်တော် ကီလို ၁၄၀မောင်းနေရာမှ ထပ်အရှိန်တိုးမြှင့်ကာ ကီလို ၁၈၀ထိ နင်းတော့သည်။ လမ်းချိုးကွေ့နေရာလည်း ရောက်ရော အရှိန်နဲ့ ကွေ့လိုက်ရာ စီယာတိုင် လက်ကိုင်ကို ကျွန်တော် မထိန်းနိုင်ပဲ လမ်းဘေးသို့ ချော်ထွက်သွားသည်။ ထိုချိန် လမ်းဘေးမှ သစ်ပင်ကြီးကို တိုက်မိဖို့ အလိုတွင် ကျွန်တော် ဘရိတ်စောင့်နင်းချလိုက်တော့သည်။
-----------------------------------------------------------------------------------------------------
မန္တလေး ဆီဒိုနားခန်းမ အလှပြင်ထဲတွင် ကျွန်မတစ်ယောက်ထဲ မှန်တင်ခုံရှေ့ထိုင်ပြီ မျက်ရည်များ စီးကျနေသည်။ အခန်းပြင်တွင် ဧည့်သည်တွင်လည်း ရောက်နေပြီဖြစ်၍ အသံတွေနဲ့ ဆူညံ့နေသည်။ ထိုချိန် အခန်းတံခါး ဖွင့်သံကြားလိုက်၍ မျက်ရည်များကို အမြန်သုတ်ပြီ လှည့်ကြည့်လိုက်တော့ အန်တီလေးဖြစ်နေသည်။ ငိုထားမှန်းသိသော အန်တီလေးက ကျွန်မဘေးတွင် ၀င်ထိုင်လိုက်ပြီ၊
အန်တီလေး ။ ။ သမီး လွမ်းနေခြည်၊ နောင်တရနေပြီလား...
ကျွန်မ ပိုငိုချင်လာ၍ အတင်းမျိုသိပ်ရင်း ခေါင်းခါပြလိုက်သည်။ အန်တီလေးလည်း ကျွန်မကို ကြည့်ပြီ စိတ်မကောင်းဖြစ်နေသည်။
ကျွန်မ ။ ။ အန်တီလေး၊ သမီးကိုလေ ဟိန်းထက် မုန်းသွားမှာ ကြောက်တယ်...
အန်တီလေး ။ ။ သမီးသဘောထားကို သူနားလည်မှာပါ...
ကျွန်မ ။ ။ သမီး သူဆီဖုန်းဆက်ချင်တယ်...
အန်တီလေး ။ ။ သမီးသဘောပါ။ ဆက်လိုက်လေ...
ပြော၍ ကျွန်မပခုံးကိုပုပ်ကာ အခန်းပြင်ပြန်ထွက်သွားသည်။ ကျွန်မ ပိတ်ထားသော ဖုန်းကို ပြန်ဖွင့်လိုက်သည်။ ဟိန်းထက် ဆီဆက်သင့်၊ မဆက်သင့် အပြန်အလှန်စဉ်းစားနေရင်း ဖုန်းသံမြည်လာ၍ ဖုန်းနံမည်ကို ကြည့်လိုက်တော့ ဟိန်းထက် အမေဆီမှ ဖုန်းဖြစ်နေ၍ ကျွန်မ ချက်ချင်း ကောက်ကိုင်လိုက်သည်။
ကျွန်မ ။ ။ ဟယ်လို...
ဟိန်းထက် အမေ ။ ။ သမီး၊ လွမ်းနေခြည်။ သားကို ကယ်ပါအုန်း သမီးရယ်...
ငိုသံကြီးနှင့် ပြောလိုက်ရာ ကျွန်မလည်း ပျာပျာသလဲလဲဖြင့်၊
ကျွန်မ ။ ။ အန်တီ ဟိန်းထက် ဘာဖြစ်လို့လဲဟင်...
ဟိန်းထက် အမေ ။ ။ ဟိန်းထက်၊ မန္တလေးသွားရင်း လမ်းမှာ ကားအက်စီဒက်ဖြစ်လို့ သေမလားရှင်မလားတောင် မသိပါဘူး၊ သမီးရယ်...
ကျွန်မ ဘာပြန်ပြောရမှန်း မသိပဲ ဖုန်းကိုသာ ကြောင်ပြီ ကိုင်ထားမိသည်။
ဟိန်းထက် အမေ ။ ။ သူ ခဏသတိရလာတော့ သမီးကိုပဲ တချိန်လုံးမေးနေတယ်။ အဲဒါ သမီးဖြစ်နိုင်ရင်လည်း နေပြည်တော်ဆေးရုံကို အမြန်လာခဲ့ပေးပါနော်...
ကျွန်မ ။ ။ ဟုတ်...
ဟုသာ ပြန်ပြောကာ ဖုန်းကို ကြောင်တောင်တောင်ဖြင့် ကိုင်ထားမိသည်။ ပြီမှ ကျွန်မ ရှိုက်ကြီးတငင်ငိုချလိုက်သည်။
ကျွန်မ ။ ။ ဟိ၊ ဟိ၊ ဟိ...
ပြီမှ ကျွန်မသတိရတာက ခုချိန်က ငိုနေရမည့် အချိန်မဟုတ်ပေ။ ဟိန်းထက်ဆီ ကျွန်မလိုက်သွားမှ ဖြစ်မည်ဟု သတိရ၍ အခန်းပြင်သို့ ထွက်မည်အလုပ်တွင် အခန်းဝတွင် ရပ်နေသော ကိုရဲထွန်းလဲ တွေ့ရော၊ ရှုတ်တရပ် ကျွန်မ ထိတ်လန့်သွားသည်။ ပြီမှ နောက်သို့ ခြေလှမ်းတလှမ်းဆုပ်ပြီ မျက်နှာလွှဲထားလိုက်သည်။
ကိုရဲထွန်း ။ ။ လွမ်းနေခြည် ဒါဘယ်သွားဖို့လဲ...
ကျွန်မ ကိုရဲထွန်း မျက်နှာကို တည့်တည့်ကြည့်လိုက်ရင်း၊
ကျွန်မ ။ ။ ဟို၊ ကျွန်မ ဟိန်းထက်ဆီ လိုက်သွားမှဖြစ်မယ်။ သူကားအက်စီဒက် ဖြစ်လို့...
ပြောလိုက်ရာ ကိုရဲထွန်း မျက်နှာတင်းမာသွားပြီ အခန်းထဲဝင်လာကာ အခန်းတံခါးကို ဆွဲပိတ်လိုက်သည်။
ကိုရဲထွန်း ။ ။ မင်း ဒီဟိုတယ်က ခြေတဖွားမှ ခွာသွားဖို့ မကြိုးစားနဲ့...
ကျွန်မ ကိုရဲထွန်းကို နားကြည်းတဲ့ အကြည့်နဲ့ တချက်ကြည့်နိုင်ပြီ၊
ကျွန်မ ။ ။ ဒီမှာ ရှင်မသွားခိုင်းလဲ၊ ကျွန်မက သွားမှာပဲ...
ကိုရဲထွန်း ။ ။ မင်း မြန်မာမိန်းခလေး မဟုတ်ဘူးလား။ ဒီနေ့က ဘာနေ့လဲ မင်းမင်္ဂလာဆောင်ရမယ့်နေ့ဆိုတာ မေ့နေပြီလား...
ကျွန်မ ။ ။ ကျွန်မ သိတယ်။ ဒါပေမယ့် ခုဟာက ဟိန်းထက် သေရေးရှင်ရေးနဲ့ ဆိုင်နေတာ။ ရှင် ကျွန်မကို နားလည်ပေးပါ...
ကိုရဲထွန်းက မျက်နှာတင်းမာနေရာက ထရယ်လျှက်၊
ကိုရဲထွန်း ။ ။ ဒီမှာ လွမ်းနေခြည် မင်းကို နားလည်ပေးရမယ် ဟုတ်လား။ မင်းပဲ မြန်နိုင်သမျှ ဆောင်ချင်လှချည်းရဲ့ဆိုလို့ ဒီမင်္ဂလာပွဲ ဖြစ်လာတာကွ။ ငါမင်းကို ဘာမှ ဇွတ်လုပ်ခဲ့တာ မရှိဘူး၊ အားလုံး မင်းသဘောချည်းပဲ။ ခု ဧည့်သည်တွေ အားလုံးရောက်နေခါကျမှ ကျွန်မကို နားလည်ပေးပါ ဟုတ်လား...
ကျွန်မ ကိုရဲထွန်း မျက်နှာကို ပြန်မကြည့်ပဲ နှုတ်ခမ်းကို စေ့ထားရင်း၊
ကျွန်မ ။ ။ ရှင်ဘယ်လို ပြောပြော ကျွန်မသွားမှာပဲ။ ဒါကြောင့် ရှင်မတားရင် ပိုကောင်းလိမ့်မယ်...
ကိုရဲထွန်း ကျွန်မကို ဘယ်လို တားတား မရသည်ကို ရိပ်မိသွား၍ သူစိတ်ကို သူလျှော့လိုက်ရင်း၊
ကိုရဲထွန်း ။ ။ ဒါဆို မင်း ၁နာရီပဲ အချိန်ပေးကွာ။ မင်္ဂလာပွဲပြီတာနဲ့ မင်းကို ငါကိုယ်တိုင်ကို လိုက်ပို့ပေးမယ်။ ဟုတ်ပြီလား...
ကျွန်မ ။ ။ ဟိန်းထက်က ကျွန်မမင်္ဂလာပွဲ ပြီထိအောင် ခံပါ့မလား မသိတာ။ ကျွန်မ သွားမှ ဖြစ်မှာမို့ပါ...
ကျွန်မလည်း ဟိန်းထက်ကို အချိန်မမှီလိုက်မှာကို အရမ်းကို စိုးရိမ်ပြီ အတင်းအခန်းထဲက ထွက်မည်လုပ်၍ ကိုရဲထွန်း ကျွန်မလက်ကို ဖမ်းဆွဲရင်း၊
ကိုရဲထွန်း ။ ။ ခုဟာက၊ မင်းကို ငါတောင်းပန်နေတာကွ။ သေရေးရှင်ရေးဆိုတာလည်း ငါနားလည်တယ်။ ပြီတော့ မင်းနဲ့သူနဲ့ ကြား သံယောဇဉ်ရှိတယ် ဆိုတာလည်း ငါနားလည်တယ်။ ဒါကြောင့် ငါကို မင်း ညှာတာသောအားဖြင့် အချိန် ၁နာရီပဲ ပေးပါ...
ကိုရဲထွန်း အရမ်းတောင်းပန်သော်လည်း ကျွန်မ ခေါင်းကိုပဲ ခါယမ်းနေသည်။ ထို့နောက် ကိုရဲထွန်း ကျွန်မကို ကိုင်ထားသော သူလက်ကို လွှတ်ပေးလိုက်ပြီ၊
ကိုရဲထွန်း ။ ။ မင်းကွာ၊ မင်းကို အထင်ကြီးထားတာ အားလုံး အလကားပဲ။ အေးကောင်းပြီ၊ မင်းခုဒီအခန်းထဲက ထွက်သွားချင်ရင် ခုချက်ချင်း ထွက်သွားလို့ရတယ်။ ဒါပေမယ့် မင်းဘယ်တော့မှ ပြန်မလာနဲ့တော့...
ကျွန်မ ကိုရဲထွန်းမျက်နှာကို သေချာကြည့်ပြီ၊
ကျွန်မ ။ ။ ကျွန်မကို ခွင့်လွှတ်ပါ...
ဟုပြောရင်းပင် သတိုးသမီးဝတ်စုံ ထမိန်းသိမ်းကို လက်နှစ်ဖက်ဖြင့်မကာ ဟိန်းထက်ရှိရာ နေပြည်တော် ဆေးရုံသို့ ပြေးတော့သည်။
--------------------------------------------------------------------------------------------------------------------------------
၆လခန့် ကြာသော်
ကျွန်မ ဆေးကောင်တာ တစ်ခုတွင် ဆေးဝယ်နေသည်။ ပြီမှ ဆေးအိတ်ယူကာ ဆေးရုံ တတိယအထပ်သို့ တက်လာခဲ့သည်။ လူနာအခန်းတံခါးကို ကျွန်မ ဆွဲဖွင့်လိုက်တော့ ဟိန်းထက်ဘေးတွင် ထိုင်နေသော ဟိန်းထက်အမေ အန်တီမေရီကို မြင်တော့၊
ကျွန်မ ။ ။ အန်တီ ရောက်နေတာကြာပြီလား။ သမီးအောက်မှာ ဆေးသွားဝယ်နေလို့...
အန်တီမေရီ ။ ။ သိပ်မကြာသေးပါဘူး သမီးရဲ့...
အန်တီမေရီ ဘေးတွင် ကျွန်မ ၀င်ထိုင်လိုက်၍ အန်တီမေရီ ကျွန်မလက်ကို ကိုင်လိုက်ရင်း၊
အန်တီမေရီ ။ ။ သမီးလည်း ဟိန်းထက်ကို ပြုစုရတာနဲ့ ပင်ပန်းလှပါပြီ...
ကျွန်မ ဘာမှ ပြန်မပြောပဲ ရယ်သာ ရယ်ပြလိုက်သည်။ ဟိန်းထက် ကားအက်စီဒက် ဖြစ်ပြီကတည်းက ကော်မာဝင်ပြီ အိပ်ယာထဲ လှဲနေတာ ခုဆို ၆လတောင် ကျော်လာပြီဖြစ်သည်။ ခဏကြာတော့ အန်တီမေရီလည်း အပြင်ခဏထွက်သွားသည်။ ကုတင်ပေးမှာ လှဲလျောင်းနေသော ဟိန်းထက် ဆံပင်လေးများကို ပွတ်သတ်ပေးရင်း၊
ကျွန်မ ။ ။ ဟိန်းထက်၊ နင်သာ ကြားမယ်ဆိုရင်လေ။ ဒီနေ့ ငါမွေးနေ့လေဟာ၊ ငါကို နင်ဘာမွေးနေ့ လက်ဆောင်မှ မပေးချင်ဘူးလား။ ငါလေ နင်ဆီက ဘာမွေးနေ့ လက်ဆောင်မှ မလိုချင်ပါဘူးဟာ။ နင်နှိုးလာပေးမယ်ဆိုရင် ငါကျေနပ်ပါပြီ...
ပြောရင်း ကျွန်မ မျက်ရည်များ ၀ဲလာတော့သည်။ ကျလာသော မျက်ရည်များကို ကျွန်မသုတ်လိုက်သည်။ ထိုချိန် သူနာပြု ဆရာမ တစ်ဦး ၀င်လာပြီ၊
သူနာပြု ။ ။ လွမ်းနေခြည် အပြင်သွားတုန်း၊ ခုနက ကောင်မလေးတစ်ယောက် ပစ္စည်းလာပေးသွားတယ်...
သူနာပြု ဆရာမပေးသော ပစ္စည်းကို ကျွန်မလှမ်းယူလိုက်ရင်း၊
ကျွန်မ ။ ။ ဟုတ်ကဲ့ အမ။ ကျေးဇူးနော်...
ကျွန်မကို ပစ္စည်းပေးခဲ့ သူနာပြုဆရာမ အခန်းထဲမှ ပြန်ထွက်သွားတော့သည်။ ကျွန်မလည်း အိတ်ထဲကို ဖွင့်လိုက်တော့ မင်္ဂလာဆောင်ဖိတ်စာနှင့် စာတစ်စောင် ဖြစ်နေသည်။ ကျွန်မ မင်္ဂလာဆောင်ဖိတ်စာ မဖွင့်သေးခင်၊ စာကို အရင်ဖောက်ဖတ်လိုက်သည်။
နှင်းသီရိ (စာ) ။ ။ မမ နဲ့ မတွေ့တာမို့ နှင်း စာထားခဲ့ပေးပါတယ်။ နှင်းလေ ကိုဟိန်း ဆီသာ မလာဖြစ်ပေမယ့်၊ အမြဲ နေပြန်ကောင်း ပါစေလို့ နေ့တိုင်း ဆုတောင်းပေးပါတယ် မမရယ်။ ကိုဟိန်း ကော်မာဝင်နေချိန်မှာ ဒီစာကို ရေးခဲ့ရလို့ နှင်းစိတ်မကောင်းပါဘူး။ ခု နှင်းအိမ်က သဘောတူတဲ့သူနဲ့ နှင်းအိမ်ထောင်ပြုတော့မယ်...
ဆိုမှ ဖိတ်စာလေးကို ကျွန်မ ကိုင်ကြည့်လိုက်ရင်း ဟိန်းထက်ကို လှမ်းကြည့်လိုက်သည်။ ပြီတော့ စာကို ပြန်ဆက်ဖတ်သည်။
နှင်းသီရိ (စာ) ။ ။ ကိုဟိန်းနဲ့ မမ နှင်းကို နားလည်ပေးနိုင်မယ်လို့ နှင်းမျှော်လင့် မိပါတယ်။ ပြီတော့လေ ကိုဟိန်း အမြန်ဆုံး သတိရလာပြီ ကိုဟိန်း အရမ်းချစ်တဲ့ မမနဲ့ ပေါင်းဖက်နိုင်ပါစေလို့ နှင်း ဆုတောင်းခဲ့ပါတယ်။ -နင်းသီရိ...
ထိုစာလေးကို ဖတ်ပြီ ကျွန်မ ခေါက်ရိုးအတိုင်း ပြန်ခေါက်လိုက်သည်။ ဖိတ်စာကိုတော့ ထုတ်မဖတ်ချင်တော့ပေ။ ကျွန်မ ဟိန်းထက် နင်များ နှင်းသီရိ မင်္ဂလာဆောင်သွားတာ သိရင် ၀မ်းနည်းနေမလားဟင် ဟု စိတ်ထဲမှ မေးလိုက်မိသည်။ ထို့နောက် ကျွန်မ ဟိန်းထက် လက်ကို ဆုတ်ကိုင်ရင်း ပြုံးလျှက်၊
ကျွန်မ ။ ။ ဟိန်းထက်၊ နင် မကြာခင် ပြန်သတိရလာမယ်ဆိုတာ ငါသိနေတယ်။ နင်ငါကို ယုံတယ်မလားဟင်...
ပြောရင်း ဟိန်းထက် ဆေးလှဲချိန်ရောက်ပြီမို့ ကျွန်မ နေရာမှ ထ၍ ဆေးလှဲပေးဖို့ ပြောရန် အခန်းထဲမှ ထွက်ခွာလာသည်။
----------------------------------------------------------------------------------------------------
အဖြူရောင် စိတ်ကူး ကမ္ဘာကြီးထဲမှာ ကျွန်တော်ရယ် လွမ်းနေခြည်ရယ် နှစ်ယောက်ထဲ သိပ်ပျော်ဖို့ ကောင်းတယ်ဗျာ။ လွမ်းနေခြည်အတွက် ကျွန်တော် နှင်းဆီပန်းလေး ခူးလာခဲ့ပေးသည်။ ပြီမှ သူမသိအောင် အနောက်မှ သူမျက်လုံးကို လက်နှဖက်နှင့် ပိတ်လိုက်သည်။
လွမ်းနေခြည် ။ ။ ဟိန်းထက်၊ နင်နော်...
သူလက်နှဖက်ကို ဖယ်လိုက်မှ ကျွန်တော်ခူးလာတဲ့ နှင်းဆီပန်းကို သူမကို ပေးလိုက်သည်။ လွမ်းနေခြည် ပြုံးလိုက်ရင်း၊
လွမ်းနေခြည် ။ ။ ဟိန်းထက်၊ နင်ငါနဲ့ နှစ်ယောက်ထဲ ဒီကမ္ဘာထဲမှာ နေရတာ မပျင်းဘူးလား...
ကျွန်တော် ။ ။ ပျင်းပါဘူးဟာ...
ပြောရင်း အဖြူရောင် ပန်းခင်းကြားထဲ ကျွန်တော်နှင့် လွမ်းနေခြည် တူတူ ထိုင်လိုက်တော့သည်။
ကျွန်တော် လွမ်းနေခြည်ကို သေချာ စိုက်ကြည့်ပြီ၊
ကျွန်တော် ။ ။ လွမ်းနေခြည်၊ နင်အချစ်ဆိုတာ ဘယ်လိုမြင်လဲ...
လွမ်းနေခြည် ။ ။ မသိဘူး...
ကျွန်တော် ။ ။ နင်ငါကို ချစ်တယ် မဟုတ်လား...
လွမ်းနေခြည် ။ ။ မသိဘူး...
ကျွန်တော် ။ ။ ဒါဆို နင်သိအောင် ငါလုပ်ပေးမယ်...
ပြောရင်း လွမ်းနေခြည်ကို ကျွန်တော် အတင်း ပေးလိုက်ဖက်၍ သူမ အဖြူရောင် ပန်းခင်းထဲမှာ ကျွန်တော်နဲ့အတူ ပြေးလွှားဆော့မြူးတော့သည်။ သူမကို ဖမ်းမိသွားတော့ ကျွန်တော် အတင်းဖက်ထားရင်း၊
ကျွန်တော် ။ ။ ငါနင်နဲ့ပဲ ထာဝရနေသွားတော့မယ်ဟာ...
-------------------------------------------------------------------------------------------------------
ပြီပါပြီ...
စာရေးသူ - ဂျူးလိယက်
ဘယ်နေရာတွင် ခွင့်ပြုချက် ရယူရမှန်းမသိ သည့်အတွက် မိမိ သဘောအတိုင်း ကူယူသွားပါသည် ။
ReplyDelete