Tuesday, November 16, 2010

ယာကူဇာချစ်သူ -၂ (အခန်း-၉ (ယူမီကို)


အခန်း-၉ (ယူမီကို)

မာဖီယာ အစ်မနာဂါတိုနှင့် ယူမီအိမ်သို့ ရောက်လာကြသည်။ သူ့အစ်မက ခင်ဖို့ကောင်းပြီ မာဖီယာနှင့် တော်တော်လေးကို ဆင်သည်။ တခါတလေ ကြည့်ရင်းနဲ့ မာဖီယာပဲလားဟု စိတ်ထဲက ထင်မိသေးသည်။ ယူမီကို အိမ်ကို မြင်သည်နှင့် လှလွန်းလို့ ချီးမွန်းလိုက်တာ မပြောနဲ့။
အစ်မ ။ ။ ယူမီကိုရေ အိမ်ထဲလဲ လျှောက်ပတ်ကြည့်ပြီပြီ ဆိုတော့ အိပ်ခန်းထဲ လိုက်ပြအုန်းလေ…
ယူမီ ။ ။ ဟုတ်သားပဲ။ မေ့နေလိုက်တာ၊ ယူမီလည်း အကျီင်္လှဲဖို့ အတော်ပဲ…
အစ်မ ။ ။ ဟဲဟဲဟဲဟဲ…

မာဖီယာအစ်မ ယူမီစကားမှာ ဘာတွေကို သဘောကျ နေပါလိမ့် တွေးရင်း ယူမီ အိပ်ခန်းရှိရာ တတိယအထပ်သို့ စကားပြောရင်း တက်လာသည်။ သူ့အစ်မက ယူမီ ကို မြင်မြင်ချင်း ချစ်ပုံရသည် တွေ့ကတည်း ခုထိ လက်အမြဲကိုင်ထားသည်။ ယူမီအိပ်ခန်းတံခါးဖွင့် လိုက်ရော ယူမီ့အိမ်ယာပေါ်တွင် အိပ်နေသော ဒေါ်လေးကို တွေ့၍ လန့်သွားသည်။

ယူမီ ။ ။ ဒေါ်လေး ဘာလို့ ယူမီအခန်းထဲမှာ ရှိနေတာလဲ…
ဒေါ်လေး ။ ။ ယူမီကို ပြန်လာပြီလား။ ဒေါ်လေး ရုပ်ရှင်ကားသစ်ထွက်လို့ ပြရအောင် မနက်ကတည်းက လာစောင့်နေတာ…

ယူမီခေါင်းထဲမှ အငွေ့တဆူဆူ ထွက်လာတော့သည်။ သွားပါပြီ၊ ဒေါ်လေး ရုပ်ရှင်ကားကို မငြီးငွေ့စတမ်း ကြည့်ရတော့မှာပဲ။

အစ်မ ။ ။ ယူမီကို အဲဒီ အန်တီကြီးက ဘယ်သူလဲဟင်…
အာသွားပါပြီ။ ဒေါ်လေးက သူကို အန်တီကြီးဟု ခေါ်လျှင် အလွန်မုန်းတီးသူ ဖြစ်သည့်အလျောက်၊

ဒေါ်လေး ။ ။ ဘယ်သူကို အန်တီကြီးလို့ ပြောချင်တာလဲ။ ဒီမှာ ကောင်မလေး နင်ကတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ငါထက်တောင် ရင့်နေပြီတော့များ…
အစ်မ ။ ။ အို စိတ်ဆိုးသွားလား အန်တီကြီးက…
ဒေါ်လေး ။ ။ ငါကို အန်တီကြီးလို့ မခေါ်နဲ့ ဘယ်နှစ်ခါ ပြောရမလဲ…
သူတို့ နှစ်ယောက်ကြား ယူမီက ကြာဝင် ဖျန်ဖြေရတော့သည်။

ယူမီ ။ ။ ဒေါ်လေးကလည်း လူငယ်နဲ့ ပြိုင်ပြီ ရန်ဖြစ်နေသေးတယ်။ မိတ်ဆက်ပေးရအုန်းမယ်၊ ဒါနာဂါတို အစ်မလေ…

နာဂါတိုအစ်မလို့ ပြောလိုက်သည်နှင့် ဒေါ်လေး ပြေးခုန်ပြီ ဖက်နမ်းမတတ် ဖြစ်သွားသည်။

ဒေါ်လေး ။ ။ အတော်ပဲကွယ်၊ ထိုင်ပါအုန်း။ မေးစရာတွေ အများကြီး ရှိတာနဲ့…
ယူမီ ။ ။ ဒေါ်လေး လျှောက် မမေးနေနဲ့လေ…
ဒေါ်လေး ။ ။ ဘြော် ငါ့အလုပ်တော့ လုပ်ရမှာပဲ…
ဒေါ်လေး လက်ကိုင်အိတ်ထဲမှ စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်ပြီ သူရဲ့ လှိုဝှက်ရဲအလုပ်အတိုင်း မာဖီယာအစ်မဆီမှ သတင်းနှိုက်တော့သည်။

ဒေါ်လေး ။ ။ နာဂါတို အစ်မဆိုတော့ ယာကူဇာတွေနဲ့ ရင်းနှီးမှာပေါ့နော်…
အစ်မ ။ ။ ယာကူဇာဆိုတာ ဘာလည်းဟင် တခါမှတောင် မကြားဖူးဘူး…
ဒေါ်လေး ။ ။ အင်း မကြားဖူးဘူး ဟုတ်လား။ ဒါဆို နဂါးနီဂိုဏ်းချုပ် နံမည်တော့ သိမှာပေါ့ ဟုတ်တယ်မလား…
အစ်မ ။ ။ နဂါးနီဆိုတာ စားလို့ရတဲ့ဟာလားဟင်…
မာဖီယာအစ်မ အဖြေတွေကြောင့် ဒေါ်လေး ခေါင်းမှ အခိုးအငွေ့တွေ ထွက်နေသည်။

ဒေါ်လေး ။ ။ ဟို၊ မသိလည်း ကိစ္စမရှိပါဘူး။ နာဂါတိုရဲ့ အိမ်လိပ်စာတော့ သိမှာပေါ့နော်…
အစ်မ ။ ။ လိပ်စာက အင်း ဘယ်ကွေ့၊ ညာကွေ့၊ ရှေ့ချိုး၊ နောက်ချိုး ဆိုရင် ရောက်ပြီ…
ဒေါ်လေး ။ ။ ထင်ထင်ရှားရှား ရှိတာ တစ်ခုတော့ ပြောပါလားကွယ်…
အစ်မ ။ ။ အဲဒီအိမ်မှာ နာဂါတိုနေတယ်လေ…
ဒေါ်လေး ။ ။ ဟဲဟဲ သိပ်မှန်လိုက်တာ…
ဒေါ်လေး မျက်နှာက ငိုချင်သလို ရှုပ်မဲ့ ရှုပ်မဲ့ ဖြစ်လာသည်။ ယူမီနားသို့ ဒေါ်လေး ကပ်လာပြီ တိုးတိုးလေး လာပြောသည်။

ဒေါ်လေး ။ ။ ယူမီကို အဲဒါ နာဂါတို အစ်မဆိုတာ သေချာလို့လား…
ယူမီ ။ ။ သေချာပါတယ် ဒေါ်လေးရဲ့။ မာဖီယာရဲ့ ငါးဝမ်းကွဲ အစ်မလို့ ပြောတာပဲ…
ပြန်ဖြေလိုက်ရာ ငါးဝမ်းကွဲအစ်မဟု ရေရွှတ်၍ ဒေါ်လေး နောက်ပြန် လှဲကျသွားတော့သည်။ ဒေါ်လေး လှဲကျသွားတုန်း မာဖီယာ့အစ်မက ယူမီကို အတင်းလာဖက်ပြီ၊

အစ်မ ။ ။ ယူမီကို အဲဒီ အန်တီကြီးကို ကြောက်တယ်။ တို့ကို ပြန်ဖက်ထားပါကွယ်…
ဒေါ်လေး လျှောက်မေးနေတာနဲ့ သူမှာ ကြောက်နေရှာပြီ တွေးကာ ပြန်ဖက်ပေးထားသည်။ ဒေါ်လေး ပြန်ကုန်းထလာပြီ၊

ဒေါ်လေး ။ ။ အို၊ လူမြင်မကောင်း ဘာတွေ လုပ်နေကြတာလဲ…
ယူမီ ။ ။ ပါးစပ်ပိတ်ထား။ ဒီမှာ ဒေါ်လေးကြောင့် ကြောက်နေရှာပြီ…
ဒေါ်လေး ။ ။ ဒါဆို ဒေါ်လေး တောင်းပန်ပါတယ်ကွယ်။ ဒေါ်လေး အခွေပဲ ကြည့်ကြရအောင်…

မကြည့်ချင်သော်လည်း အားနာနာနဲ့ပဲ မာဖီယာ့အစ်မရယ်၊ ယူမီရယ်၊ ဒေါ်လေးရယ် တူတူ ကြည့်ကြသည်။ ဒီတစ်ခါ ဒေါ်လေးရိုက်ထားတဲ့ ရုပ်ရှင်က ဟာသကား ဖြစ်၍ ဒေါ်လေးက သူ့သူရုပ်ဆောင်တာ ကြည့်လိုက်၊

ဒေါ်လေး ။ ။ အာဟားဟားဟား၊ မင်းသမီးက တော်တော်ရယ်ရတယ်။ အာဟားဟားဟား…
ရယ်လိုက် ယူမီ ကိုထုရိုက်လိုက်ဖြင့် ယူမီမှာ နာလိုက်တာ မပြောနဲ့။ ရုပ်ရှင်ကြည့် ရယ်ရင်လည်း ကိုယ်မှာကို ရယ်ပလား၊ ခုတော့ ယူမီကပါ အစစ်ရိုက်ခံနေရသေးတယ်ဟု မကျေမနပ် ဖြစ်နေမိသည်။ မာဖီယာအစ်မက ဒေါ်လေးရယ်ပြီရော၊

အစ်မ ။ ။ စောင့်သုံးမကျလိုက်တာ…
ပြောလိုက်၍ ဒေါ်လေးက မကျေနပ်တဲ့ အကြည့်ဖြင့် တချက်ကြည့်ပြီ ဆက်ကြည့်နေသည်။ တအောက်တော့ ဒေါ်လေးက ရယ်ပြန်ရော၊ မာဖီယာ့အစ်မကလည်း၊

ဒေါ်လေး ။ ။ အာဟားဟားဟား၊ မင်းသမီးက တော်တော်ရယ်ရတယ်။ အာဟားဟားဟား…
အစ်မ ။ ။ စောင့်သုံးမကျလိုက်တာ…
ဒီတစ်ခါတော့ ဒေါသမျက်လုံးဖြင့် ဒေါ်လေး တစ်ချက်ရှိုး၍ ဆက်ကြည့်နေပြန်သည်။ ခဏနေတော့ ဒေါ်လေးကလည်း ထပ်ရယ်၊ မာဖီယာအစ်မကလည်း ထပ်ဆဲတော့ ဒေါ်လေး လုံးဝကို ဆက်သည်းမခံနိုင်တော့ပဲ၊

ဒေါ်လေး ။ ။ ဒီမှာ နာဂါတို့အစ်မ၊ အသုံးမကျဘူးဆိုတာ ဘယ်သူကိုစောင်းပြော နေတာလဲ…
မာဖီယာ့အစ်မက အရေးတောင် မလုပ်ပဲ ရုပ်ရှင်ကိုပဲ ကြည့်၍၊

အစ်မ ။ ။ စောင့်သုံးမကျလိုက်တာ…
အော်လိုက်သဖြင့် ယူမီရော၊ ဒေါ်လေးပါ လန့်သွားကြသည်။ အမယ်လေး မာဖီယာ့အစ်မက မာဖီယာလိုပဲ ကြမ်းတမ်းလိုက်တာဟု ယူမီသက်ပြင်း ချလိုက်မိသည်။ ဒေါ်လေး ဒေါသပုန်ထ၍ စူးစောင့်ပြီ၊

ဒေါ်လေး ။ ။ ယူမီကို နောက်တစ်ခါ ဒီလို တောလို တောင်ကြားထဲက လူတွေနဲ့ သူငယ်ချင်း မဖွဲ့နဲ့ ကြားလား…
ယူမီအခန်းတံခါးကို တွန်းဖွင့်ကာ ၀ုန်းတိုင်းကြဲပြီ ထွက်သွားတော့လေသည်။ ဒေါ်လေးလည်း ထွက်သွားရော မာဖီယာ့အစ်မ နှင့် ယူမီ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီ ရယ်လိုက်ရတာ အူတောင် တော်တော်နာလာသည်။ ယူမီမှာ မဟုတ်ရင် ဒေါ်လေး နှိပ်စက်သမျှ ခံလာခဲ့တာ၊ ခုမှပဲ ဒေါ်လေးကို နိုင်တဲ့သူတွေ့တော့တယ်ဟု ပျော်သွားမိသည်။

အစ်မ ။ ။ ယူမီကို၊ ညီမလေး အင်္ကျီလဲမယ်ဆို…
ယူမီ ။ ။ ဟုတ်သားပဲ၊ ဒေါ်လေး လာတာနဲ့ လဲဖို့ မေ့နေလိုက်တာ…
အ၀တ်ဘီဒိုထဲမှ ယူမီအိမ်ဝတ် ဂျာဝန်တစ်ခုကို ယူလိုက်ပြီ အိပ်သာထဲသို့ ၀င်လဲရန် ၀င်မယ်အလုပ်တွင်၊

အစ်မ ။ ။ ယူမီကိုကလည်း မိန်းခလေး အချင်းချင်း ဘာလို့ ရှက်နေတာလဲ။ အစ်မရှေ့မှာ လဲလည်း ရတဲ့ဟာကို…
ယူမီ ။ ။ ဒါဆို ဒီမှာပဲ လဲတော့မယ်…

ယူမီအကျီင်္ကို ချွတ်ရန် ဟန်ပြင်စဉ် ဒယ်ဒီ အသံမပေးပဲ တံခါးကို တွန်းဖွင့် ၀င်လာသဖြင့်၊

ယူမီ ။ ။ တံခါးခေါက်ပြီမှ ၀င်ပါပြောတာ ဘယ်နှခါရှိနေပြီလဲ…
ဒယ်ဒီ ။ ။ နာဂါတိုအစ်မ ရောက်နေတယ်ကြာလို့။ ဆွေမျိုးတွေ လာကြည့်တာ…

ဒယ်ဒီက မာဖီယာ့အစ်မကို မြင်မြင်ချင်း ၀မ်းသာအားရဖြင့် ကျောကို ဗန်းခနဲမြည်အောင် ရိုက်၍ နှုတ်ဆက်လိုက်သည်။

ဒယ်ဒီ ။ ။ နာဂါတိုအစ်မက နာဂါတိုလို ယောကျာ်းရုပ်ကြီးနဲ့ဟ။ ဟားဟားဟား…
အစ်မ ။ ။ ယူမီကို အဲဒီ အဘိုးကြီးက ဘယ်သူကြီးလဲ…
လုပ်ပြန်ပြီ အဘိုးကြီး၊ ခုနက ဒေါ်လေးကို အန်တီကြီး ခေါ်လို့ ပြသာနာတက်ပြီပြီ ခုလည်း တစ်ခါ တွေးနေစဉ်၊

ဒယ်ဒီ ။ ။ အဘိုးကြီးလို့ ခေါ်ခံချင်တာကို သိတတ်လိုက်တာ။ ချစ်စရာလေး…
မာဖီယာ့အစ်မ ပါးနှစ်ဖက်ကို ဆွဲလိမ်လိုက်သည်။ မာဖီယာ့အစ်မက ဒယ်ဒီကို တော့ ဘယ်လိုမှ မနိုင်နိုင်ပေ။ ယူမီနှင့် မာဖီယာ့အစ်မ နှစ်ယောက်လုံးကို ဂုတ်ကနေ အတင်းအောက်ထပ်သို့ ဆွဲခေါ်သွားသည်။ ဧည့်ခန်းထဲလည်း ရောက်ရော၊

ဒယ်ဒီ ။ ။ သမီးတို့ လာတာနဲ့ အတော်ပဲ ဒယ်ဒီပစ္စည်းစမ်းချင်နေတာ…
ယူမီ ။ ။ နှိုးနှိုးနှိုး၊ စမ်းချင်ရင် ကိုယ်မှာကို စမ်းပေါ့…
ဒယ်ဒီ ။ ။ တိတ်စမ်း ယူမီကို။ ဒါစပယ်ရှယ်လုပ်ထားတဲ့ ပစ္စည်း ဈေးအရမ်းကြီးတာ ဘာအောင်းမေ့လို့လဲ…

ဒယ်ဒီကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ ပစ္စည်းသစ်က ကလေးငယ်တွေ စီးတဲ့ စပလိန်ပေါ်မှာ ထိုင်ခုံ တပ်ထားခြင်းဖြစ်သည်။

အစ်မ ။ ။ ဒါကြီးက ကလေးစီးတဲ့ ဟာကြီးကို…
ယူမီိ ။ ။ ဟုတ်တယ်၊ ၁နှစ်အောက် ကလေးတွေ စီးတာ၊ မစီးချင်ဘူး…
ဒယ်ဒီ ။ ။ ဒါက သူငယ်ပြန်တဲ့ လူကြီးတွေ အတွက် သီးသန့်ကို ထုတ်ထားတာ။ မရဘူး စီးရမယ်…
ယူမီနှင့် မာဖီယာ့အစ်မ နှစ်ယောက်လုံးကို စပလိန်ထိုင်ခုံတစ်ခုစီး ပေါ်သို့ အတင်းတင်လိုက်ပြီ ခလုတ်လည်း ဖွင့်လိုက်ရော လှုပ်လွန်းလို့ မူးအန်ချင်လာသည်။ မာဖီယာ့အစ်မလည်း လှိုင်းမူးသလို ဖြစ်နေပုံ ရသည်။ ယူမီတို့ကို ထိုင်ခုံပေါ်တင်ပြီ ဒယ်ဒီနှင့်မာမီကတော့ ချစ်ကြည်နူးနေကြ၍၊

ယူမီ ။ ။ ခုချက်ချင်း ရပ်စမ်း။ ဒီမှာ မူးလို့သေတော့မယ်…
ယူမီစကားအဆုံးတွင် မာဖီယာ့အစ်မ အောက်အန်ပါလေရော။ ဒါမှ ဒယ်ဒီ ရပ်ပေးလိုက်တော့သည်။ မာဖီယာ့အစ်မ အနည်းငယ် သက်သာသွားမှ ဧည့်ခန်းတွင် အားလုံးစုထိုင်ပြီ စကားစမြည် ပြောဖြစ်ကြသည်။

မာမီ ။ ။ နာဂါတိုအစ်မက မိန်းခလေးချောလေးပဲကွယ်…
ဒယ်ဒီ ။ ။ အေးကွ၊ ငါသူငယ်ချင်းသား လူပျိုကြီးနဲ့ ဆက်ပေးလိုက်ရင် ကောင်းမယ်…
ယူမီ ။ ။ ဒယ်ဒီက လူတွေကို ဆက်ပေးရအောင် တိရစ္ဆာန်များ အောင်းမေ့နေလား…
အစ်မ ။ ။ သမီးက ယောကျာ်းလေး စိတ်မ၀င်စားဘူး…

ဒယ်ဒီ၊ မာမီ နှင့် ယူမီတို့ သုံးယောက်လုံး ပြိုင်တူ အော်လိုက်သည်မှာ၊

အားလုံး ။ ။ ဒါဆို မိန်းမချင်း စိတ်ဝင်စားနေတာလား…
အစ်မ ။ ။ အဲဒီလို ပြောတာ မဟုတ်ပါဘူး။ အပျိုကြီး လုပ်မှာကို ပြောတာပါ…
အားလုံး ။ ။ တော်ပါသေးရဲ့…
ဒယ်ဒီ ။ ။ ဒါနဲ့ ရွာကလာတယ်ဆိုတော့ ဘယ်မှ တည်းမှာလဲ…
အစ်မ ။ ။ တည်းခိုခန်း ဒီကပြန်မှ တစ်ယောက်ထဲ မှောင်ကြီးထဲမှာ ရှာရမှာပါ ဒယ်ဒီ…
ဒယ်ဒီဟု ပြောလိုက်၍ ဒယ်ဒီ အနည်းငယ် မျက်လုံးပြူးသွားသည်။

ဒယ်ဒီ ။ ။ ဒယ်ဒီ ဟုတ်လား…
အစ်မ ။ ။ ဟုတ်တယ်လေ၊ နောက်အမျိုးဖြစ်မှာ ဆိုတော့ ဒယ်ဒီပဲပေါ့…
ဒယ်ဒီ ။ ။ ဟဲဟဲဟဲ။ ဒီလို ပွင့်ပွင့်လင်းလင်းရှိတာကို သဘောကျတယ်။ တည်းခိုခန်းလဲ ရှာမနေနဲ့ ယူမီကိုအခန်းထဲမှာပဲ မိန်းခလေးချင်းတူတူ အိပ်ကြပေါ့…
မာဖီယာ့အစ်မက အရမ်းကို ပျော်ရွှင်သွားပုံဖြင့်၊
အစ်မ ။ ။ ကျေးဇူးတင်လိုက်တာ ဒယ်ဒီနဲ့ မာမီရယ်။ ယူမီကို တို့နဲ့ တူတူအိမ်ရမှာကို စိတ်မကွက်ပါဘူးနော်…
ယူမီ ။ ။ ဘာလို့ စိတ်ကွက်ရမှာလဲ။ ပျော်တောင် ပျော်သေးတယ်…
ထိုချိန်တွင် မာဖီယာ့အစ်မ ဖုန်းမှ တီ၊ တီ၊ တီ သုံးချက်မြည်၍ မက်ဆေ့ ၀င်လာသည်။ မာဖီယာ့အစ်မက မက်ဆေ့လည်း ဖတ်ပြီရော မျက်နှာ အကြီးအကျယ်ကို ပျက်သွားပြီ အရမ်းကို ၀မ်းနည်းပက်လက် ဖြစ်သော အသံကြီးဖြင့်၊

အစ်မ ။ ။ ကျွန်တော်။ အယ်မှားလို့ သမီး အဘိုးရဲ့ အဖေရဲ့ အဖေ လေဖြတ်သွားလို့၊ ခုချက်ချင်း ပြန်မှ ဖြစ်မယ်။ သွားတော့မယ်နော်…

နှုတ်ဆက်ကာ အိမ်ထဲမှ ကားအမြန်မောင်း၍ ထွက်သွားလေတော့သည်။

ဆက်ရန်...

No comments:

Post a Comment