အခန်း-၁၀ (ဟွန်ဒါကြီး)
တီ၊တီ၊တီ အသံနှင့်အတူ အရေးပေါ် မက်ဆေ့ဝင်လာ၍ ဟိုလင်ထရူး အရှုပ်၃ယောက် ဆီမှ အတင်းခွာထွက်ပြီ နဂါးရုံးချုပ်သို့ အမြန်ပြန်လာခဲ့သည်။ အရေးပေါ်မက်ဆေ့တွင် ကျွန်ုပ်တို့ နဂါးနီ ဂိုဏ်းခွဲ လက်ထောက်ခေါင်းဆောင်တစ်ဦး ယာကူဇာစလေရာ၏ အဆိပ်ဓားဖြင့် လုပ်ကြံခံလိုက်ရခြင်း ဖြစ်သည်။ အရင်က ယာကူဇာစလေရာဓားတွင် သေလောက်အောင် ပြင်းသည့် အဆိပ်ရှိမှန်း ကျွန်ုပ်တစ်ခါမှ မကြားဖူးပေ။ ခုတစ်လော ဂိုဏ်းကြီး တော်တော်များတွင် ဂိုဏ်းသားများ ထိုအဆိပ်ဓားကြောင့် သေဆုံးသူ ဦးရေ တဖြည်းဖြည်း တိုးပွားလာသည်။ ခုပိုဆိုးသည်မှာ ယာကူဇာဂိုဏ်းအားလုံးကို ယာကူဇာစလေရာကိုယ်တိုင် သတိပေးစာများ ပို့သည်မို့ အားလုံး လန့်ဖျန်နေကြသည်။ ကျွန်ုပ်လည်း အရေးကြီးသည်မို့ နဂါးနီဂိုဏ်းတံခါးဝထဲသို့ အမြန်ပြေးဝင်မည်အလုပ်တွင်၊
နဂါးနီဂိုဏ်းသား ။ ။ ရန်သူလာတယ်၊ ရန်သူလာတယ်၊ ရန်သူလာတယ်ဟေ့…
အားလုံး ပြေးထွက်လာပြီ ကျွန်ုပ်ကို ၀န်းရံထားလိုက်ကြသည်။
ကျွန်ုပ် ။ ။ ဟေ့ကောင်တွေ ငါလေ၊ မင်းတို့ မမှတ်မိဘူးလားကွ…
နဂါးနီဂိုဏ်းသား ။ ။ မင်းက ယာကူဇာစလေရာနဲ့ တဖွဲ့ထဲ မဟုတ်လား…
တခြားဂိုဏ်းသား ။ ။ ဒီကောင်ကို ယာကူဇာစလေရာ လွှတ်လိုက်တာပဲ ဖြစ်မယ်။ ဒီကောင်ကို သတ်ကြ…
အင်း၊ ကျွန်ုပ် ရုပ်ပြောင်းထားတာလေးနဲ့ အနှစ်၂၀ကျော်လောက် မြင်လာတဲ့ ဒီမျက်နှာကို မှတ်မိဖော်တောင် မရတဲ့ ကောင်တွေ။ တဖြည်းဖြည်းနဲ့ နဂါးနီဂိုဏ်းသား တွေပိုများလာပြီး အယောက် ၁၀၀လောက် ကျွန်ုပ်ကို တိုက်ခိုက်ရန် ဆိုင်းပြင်နေကြသည်။ ငါများ ပိုချောသွားတာလို့ မမှတ်မိကြတာလား မသိဘူးဟု စဉ်းစားနေမိသည်။ မှတ်ဥာဏ်မကောင်းတဲ့ ကောင်တွေ မင်းတို့တွေကို မှတ်ဥာဏ်တွေ ပြန်ရအောင် ငါလုပ်ပြမယ် စိတ်ထဲမှ ကြိမ်းဝါးလိုက်ပြီ ကျွန်ုပ်ရဲ့ ယာကူဇာသံမဏိတုတ်ကို ဆွဲထုတ်လိုက်သည်။
ကျွန်ုပ် ။ ။ ယားယားယား…
ဂိုဏ်းသားများ။ ။ ယားယားယား…
အော်ကာ အစုလိုက်အပုံလိုက် ချီတက်လာကြသည်။ တုတ်ဖြင့် သူတို့ ခြေထောက်တွေကိုပဲ ရွေး၍ တချက်ဝှေ့ယမ်း ရိုက်လိုက်ရုံဖြင့် အယောက် ၁၅လောက် ပြန်ကုန်းမထနိုင်တော့ပေ။ ကျွန်ုပ်က ဒီကောင်တွေ စွမ်းရည်ကိုသိ၍ ဒီကောင်တွေကို ကိုင်တွယ်ပုံ မျိုးစုံဖြစ် ပညာပေးတော့သည်။ ကျွန်ုပ် ရှေ့တည့်တည့်သို့ ဦးတည်လာသူများကို လက်နက်ပုန်းဖြင့် ပစ်လိုက်၍ အယောက် ၂၀ကျော်လောက် မှောက်သွားကြသည်။ အယောက် ရ၀ကျော်လောက် ကျန်သေး၍ ဓားကို မထုတ်ချင်ပဲ ဆွဲထုတ်လိုက်သည်။ ကျွန်ုပ်၏ ယာကူဇာဓားရှည် အစွမ်းကြောင့် ဓားဆွဲထုတ်လိုက်ချိန်တွင် ကျန်တဲ့ ဂိုဏ်းသား အားလုံး မျက်လုံးစူး မဖွင့်နိုင်စဉ် ဒီတစ်ယောက်ကို မျက်နှာ၊ နောက်တစ်ယောက်ကို ဗိုက် လက်သီးစွမ်းဖြင့် တစ်မျိုးပြီ တမျိုးကြွေးတော့သည်။
ဓားအိမ်ထဲမှ ထုတ်ပြီ အချိန်တွင် ကျွန်ုပ်နားတွင် ဂိုဏ်းသား ၄၀လောက်သာ ကျန်တော့သည်။ ကျန်ဂိုဏ်းသား အားလုံး ကျွန်ုပ်နားသို့ မကပ်ရဲပဲ တွန့်ဆုတ်တွန့်ဆုတ် လုပ်နေကြသည်။ ကျွန်ုပ်ဓားကို မြှောက်၍ တိုက်ခိုက်မယ် ဟန်ပြင်၊
ဂိုဏ်းချုပ် ။ ။ အားလုံး ရပ်စမ်း။ ဘယ်လိုတွေ ဖြစ်နေကြတာလဲ…
ဂိုဏ်းချုပ် ရောက်လာ၍ ဓားကို ဓားအိမ်ထဲ ပြန်ထည့်၍ ဂါရ၀ပြုလိုက်သည်။ ဂိုဏ်းသား အယောက် ၆၀ကျော်လောက် ကျွန်ုပ်ဘေးမှာ အော်ဟစ်ကာ မှောက်လှဲနေကြသည်။
ဂိုဏ်းသား ။ ။ ဂိုဏ်းချုပ် ကျွန်တော်တို့ အလစ်တိုက်ခံရလို့ပါ…
ဂိုဏ်းချုပ် ။ ။ ဘာအလစ်တိုက်ခံရတယ်။ ဟားဟားဟား။ စောင့်သုံးမကျတဲ့ ကောင်တွေ…
ဂိုဏ်းသားများကို ဂိုဏ်းချုပ် ခြေထောက်နဲ့ကန်၊ နာပန်းကျင်းတော့သည်။
ဂိုဏ်းချုပ် ။ ။ မင်းတို့ ဟွန်ဒါကြီးတောင် မမှတ်မိကြဘူးလားကွ…
ဂိုဏ်းသားများ။ ။ အင်း ဒါဟွန်ဒါကြီး၊ ဟုတ်လား…
နောက် ။ ။ ငါပြောသားပဲ၊ တူပါတယ်လို့…
ဂိုဏ်းချုပ် ။ ။ ခုမှ တော်ကြစမ်း။ ဟွန်ဒါကြီး မင်းကရော ဘာအရူးထပြီ ကိုယ်ဂိုဏ်းထဲဝင်တာ ရုပ်ပြောင်းရုပ်လွှဲလုပ်ပြီ ၀င်ရတာလဲ…
ကျွန်ုပ်ကို သခင်လေးတိုမိုယာ အတင်းအကြပ် ရုပ်ပြောင်းခိုင်းသည်ကို ငါဂိုဏ်းချုပ်ကို ပြန်ပြောရင် ငါကို အမွှေးတွေ အနှုတ်ခံရမှာ မဖြစ်သေးဘူး တွေးမိ၍၊
ကျွန်ုပ် ။ ။ ကျွန်ုပ်မှာ မလွှဲသာတဲ့ အကြောင်းရှိလို့ပါ ဂိုဏ်းချုပ်…
ဂိုဏ်းချုပ် ။ ။ ဘာမှန်းကို မသိဘူး။ မင်းလည်း တိုမိုယာနဲ့ ကြပ်ကြပ်ပေါင်း နောက်ဒီထက် ပိုကြောင်သွားမယ်…
ပြောကာ စိတ်ဆိုး၍ လှည့်ထွက်သွားတော့သည်။
ဂိုဏ်းသား ။ ။ ဟွန်ဒါကြီး မင်းကလည်း အချင်းချင်း ညှာညှာတာတာ လုပ်တာမဟုတ်ဘူး…
နောက် ။ ။ အေးလေ၊ ငါတော်တော် နာသွားတာ။ ဒါနဲ့ မင်းဒီလို ရုပ်ပြောင်းထားတော့ ပိုတောင် ခန့်သွားသေးတယ်…
အင်း ငါက ရုပ်ပြောင်းပြီ ဒီလောက်ပဲ ခန့်သွားတာ၊ သခင်လေးတိုမိုယာဆိုရင် မိန်းမပုံ ရုပ်ပြောင်းလိုက်တာ ချောလွန်းလို့ ခုထိတောင် မျက်စိထဲက မထွက်နိုင်သေးပါဘူးဟု တွေးနေသည်။ ဂိုဏ်းအရေးပေါ် အစည်အဝေးသို့ ထုံးစံအတိုင်းပင် နဂါးနီဂိုဏ်းခွဲ အသီးသီးမှ ဂိုဏ်းခေါင်းဆောင်များ ရောက်လာကြသည်။ ဂိုဏ်းခေါင်းဆောင်တွေ အားလုံး ကျွန်ုပ်မျက်လုံးထဲမှ စူးခနောက်တွေ ဖြစ်နေတာမို့၊ ခုချိန်မှာများ ကမ်းခြေလေးမှာ အုန်းရည်လေး သောက်နေရရင် ဘယ်လောက်ကောင်းလိုက်မလဲ တွေးစဉ် ဂိုဏ်းချုပ် စားပွဲကို ရိုက်လိုက်၍ အသိပြန်ကပ်သွားသည်။
ဂိုဏ်းချုပ် ။ ။ အစည်းအဝေးစမယ်။ အားလုံး ကိုယ်နေရာကိုယ်ထိုင်…
ကျွန်ုပ် ဘက်သို့ လှည့်ကြည့်၍၊
ဂိုဏ်းချုပ် ။ ။ ဟွန်ဒါကြီး၊ တိုမိုယာရော ဘယ်ရောက်နေပြန်ပြီလဲ။ မင်းကို ငါသေချာ စောင့်ကြည့်ထားဖို့ မှာထားရက်နဲ့…
ခုလောက်ဆို သခင်လေးတိုမိုယာကို မိန်းမထင်ပြီ ယူမီကိုနဲ့ နှစ်ယောက်ထဲ အခန်းထဲမှာ ဟိုဒင်းဟိုဒါတွေ ဖြစ်နေလောက်ရောပေါ့ဟု ၀မ်းနည်းစွာ တွေးရင်း သခင်လေးတိုမိုယာ မိန်းမပုံရုပ်ပြောင်း ရုပ်လွှဲလုပ်ထားသည်ကို ဖွဲ့နွဲ့၍၊
ကျွန်ုပ် ။ ။ သခင်လေးတိုမိုယာ ဘ၀ပြောင်းသွားပါပြီ…
ကျွန်ုပ် စကားလည်းဆုံးရော ဂိုဏ်းချုပ်ကတော် မျက်ရည်များဖြင့် ပြေးဝင်လာပြီ၊
ကတော် ။ ။ အမယ်လေး၊ အဖြစ်ဆိုးလိုက်တာ နာဂါတိုရဲ့၊ နာဂါတိုရဲ့…
ဂိုဏ်းချုပ် ။ ။ လာပြန်ပြီ နာဂါတို။ မင်းကို ငါနာဂါတိုလို့ မခေါ်နဲ့ တိုမိုယာလို့ ခေါ်ပါ ပြောတာ ဘယ်နှစ်ခါရှိပြီလဲကွ…
ဂိုဏ်းချုပ်နှင့် ဂိုဏ်းချုပ်ကတော် သခင်လေးတိုမိုယာ နံမည်နှင့် ပတ်သက်ပြီ မခံချင်အောင် ထိကပါး ရိကပါး စကားတွေပြောဆိုကာ ရန်ဖြစ်ကြတော့သည်။ ထိုအချိန်တွင် သခင်လေးတိုမိုယာ မိန်းမရုပ်ပြောင်းဖြင့် ပြေးဝင်လာပြီ၊
သခင်လေး ။ ။ အဖေ အရေးကြီး တယ်ဆို…
သခင်လေး တိုမိုယာ မိန်းမလို ရုပ်ပြောင်းနဲမို့ အစည်အဝေးခန်းမထဲမှ ဂိုဏ်းခွဲခေါင်းဆောင် အားလုံးက အံ့အားသင့်စွာ ၀ိုင်းကြည့်နေကြသည်။ ဂိုဏ်းချုပ်ကတော့ သခင်လေးတိုမိုယာကို ချက်ချင်းမှတ်မိပြီ ခြေထောက်ဖြင့် ပေ ၂၀အကွာသို့ ကန်ထုတ်လိုက်သည်။
ဂိုဏ်းချုပ် ။ ။ အသုံးမကျတဲ့ကောင်။ ခုနက ဟွန်ဒါကြီး၊ ခုတိုမိုယာ မင်းကပါ ဘာလို့ မိန်းမပုံ ရုပ်ပြောင်း လာရပြန်ပြီလဲကွ…
ပြီတော့ ကျွန်ုပ်ဘက်သို့ မျှားဦးလှည့်လာ၍၊
ဂိုဏ်းချုပ် ။ ။ ဟွန်ဒါကြီး မင်းလည်း သတိထားနေ။ တိုမိုယာကို စောင့်ကြပ်ပေးဖို့ မင်းကို
တာဝန်ပေးထားတာ။ တိုမိုယာပေါက်တတ်ကရ လုပ်တိုင်း မင်းမြှောက်ပေးဖို့ မဟုတ်ဘူးကွ…
ကျွန်ုပ် ။ ။ ဟိုက်၊ ဟိုက်…
ဂိုဏ်းခွဲခေါင်းဆောင်များက သခင်လေးတိုမိုယာ မိန်းမပုံရုပ်ပြောင်းထားသည်ကို ၀ိုင်းလှောင်ရယ်နေကြ၍၊
ဂိုဏ်းချုပ် ။ ။ တိတ်ကြစမ်း။ အစည်အဝေးပြန်စမယ်…
သခင်လေးတိုမိုယာက သူ့မိန်းမဆံပင်တုကို ဆွဲစွတ်ပြီ ဂိုဏ်းချုပ်ဘေးတွင် ၀င်ထိုင်လိုက်သည်။ ဂိုဏ်းချုပ်က ကျွန်ုပ်တို့ နှစ်ယောက်ကို သိပ်အမြင်ကြည်လင်ပုံ သိပ်မရပေ။
ဂိုဏ်းချုပ် ။ ။ ယာကူဇာစလေရာကို အမြဲသတိဝိရီယ နေကြဖို့ မှာထားရက်နဲ့ ငါတို့ဂိုဏ်းသား တစ်ယောက် သူ့အဆိပ်မိပြီ လုပ်ကြံခံရလိုက်သေးတယ်။ ဒီတောင် မကသေးပဲ ယာကူဇာစလေရာက ရာရာစစ ယာကူဇာဂိုဏ်းတွေကို ခြိမ်းခြောက်စာတွေ ပို့ပြီ တပတ်အတွင်း သူလိုချင်တဲ့ ငွေအမြှောက်များကို မပေးရင် သတ်မယ်လို့ ရေးထားတာ မင်းတို့ သိပြီနေမှာပေါ့။ ငါတို့ နဂါးနီဂိုဏ်းအနေနဲ့ ဒီငွေပမာဏက ဘာမှ မဟုတ်ပေမယ့် ငါတို့ဂိုဏ်းဂုဏ်သိက္ခာကြောင့် ပေးမယ့်အစား အသေခံပြီ တိုက်ပွဲဝင်သွားဖို့ပဲ ငါမှာကြားချင်တယ်…
ဂိုဏ်းခွဲခေါင်းဆောင်များ ရွစိရွစိဖြစ်သွားကြ၍ တစ်ယောက်နှင့် တစ်ယောက် တိုင်ပင်နေကြသည်။ သခင်လေးတိုမိုယာကတော့ တစ်ခုခုကို တွေးတောနေပုံရသည်။
ခေါင်းဆောင်။ ။ ကျွန်တော်အကြံပြုချင်တာကတော့ သူတောင်းတဲ့ ငွေကို ပေးလိုက်စေချင်ပါတယ်…
နောက်ခေါင်း ။ ။ ကျွန်ုပ်လည်း သူအတိုင်းပါပဲ။ ဘာပဲဖြစ်ဖြစ် ငွေထက် အသက်က ပိုတန်ဖိုးကြီးတယ် မဟုတ်လား၊ ဂိုဏ်းချုပ်ရဲ့…
တခြားခေါင်း ။ ။ ဒီပေးလိုက်တဲ့ ငွေတွေကို ကျွန်တော်တို့ အားလုံး ၃လအတွင်း ပြန်ရှာပေးပါ့မယ်။ ဟုတ်တယ်မလား…
ခေါင်းဆောင်တွေ အားလုံး သဘောတူညီစွာဖြင့် ခေါင်းညိတ်ကြ၍ ဂိုဏ်းချုပ်တော်တော်လေးကို ဒေါခွီသွားပုံပေါ်ပြီ၊
ဂိုဏ်းချုပ် ။ ။ တိတ်စမ်း။ သုံးစားမရတဲ့ အလကားကောင်တွေ။ မင်းတို့ နဂါးနီဂိုဏ်းရဲ့ ဂုဏ်ကို တမနက်တည်းနဲ့ နင်းခြေချင်လို့လားကွ။ ယာကူဇာစလေရာ တစ်ယောက်ထဲကို အယောက် ၁၀၀၀လောက်ရှိတဲ့ နဂါးနီဂိုဏ်းသားတွေက ကြောက်တယ်ဆိုတာ ရာဇာဝင်ရိုင်းလိုက်တာ၊ ထွီ။ မင်းတို့ဟာလေး…
ဂိုဏ်းချုပ်စကား မဆုံးသေးခင် သခင်လေးက အတင်းဖြတ်၍ ပြော၊
သခင်လေး ။ ။ ကျွန်တော် အားလုံးကို ကြေငြာချင်တာ ရှိပါတယ်။ ယာကူဇာစလေရာကို သတ်နိုင်သူကို နဂါးနီဂိုဏ်းချုပ် ရာထူးပေးပါ့မယ်…
ဂိုဏ်းချုပ် ။ ။ ဘာကွ၊ ငါတစ်ယောက်လုံး မသေသေးတာတောင် မင်းက နဂါးနီဂိုဏ်းချုပ် ရာထူးကို ကလေးကစားစရာ အောင်မေ့နေလား…
ဒင်းညောင် ထပ်အခန်းပြင်သို့ သခင်လေးကို ကန်ထုတ်လိုက်တော့သည်။ ဂိုဏ်းချုပ်က စားပွဲကို ထုရိုက်လိုက်ပြီ၊
ဂိုဏ်းချုပ် ။ ။ ဆက်ဆွေးနွေးမယ်။ ယာကူဇာစလေရာ ခုသုံးနေတဲ့ အဆိပ်နဲ့ ပတ်သက်ပြီ မင်းတို့ အမြင်ကို ငါကြားချင်တယ်…
ခေါင်းဆောင်။ ။ ဒီအဆိပ်နံမည်ကို ကျွန်ုပ်ကတော့ သေမင်းတမန်အဆိပ်လို့ ပေးထားပါတယ်။ ထိတာနဲ့ တန်းသေလို့ပါ…
နောက်ခေါင်း ။ ။ သေမင်းတမန် အဆိပ်ဆိုတာကြီးက လူတိုင်းသုံးနေတာ ရိုးအီနေပြီ။ ကျွန်ုပ်စဉ်းစားထားတာက နတ်မိမယ်အဆိပ်ပါ။ နတ်မိမယ်အဆိပ်နံမည် ပေးရတဲ့ အကြောင်းခိုင်လုံရှိပါတယ်…
တခြားခေါင်း ။ ။ ဘာများလည်းကွ…
နောက်ခေါင်း ။ ။ အဆိပ်မိပြီ သေသွားတဲ့သူတိုင်းက တကိုယ်လုံး ခရမ်းရောင်သန်းပြီ တောင့်ပြီ သေသွားကြသောကြောင့်ပါ…
ကျွန်ုပ်စဉ်းစားနေသည်မှာ အဆိပ်မိပြီ သေရင် လူတိုင်း တောင့်ပြီ သေကြတာချည်းပဲ မဟုတ်လား၊ ဒါကိုဘာတွေလျှောက်ပြော နေပါလိမ့်။ နတ်မိမယ် နံမည်ထက် ယာကူဇာစလေရာက မိန်းမလျာကြီးဆိုတော့ မာမီအဆိပ်ဆိုတာက ပိုမှန်အုန်းမည်ဟု တွေးနေမိသည်။
ဂိုဏ်းချုပ် ။ ။ မင်းတို့ပြောနေတာတွေ တစ်ခုမှ အဓိပ္ပါယ်မရှိဘူး။ တိုမိုယာ မင်းအမြင်ကို ငါကြားချင်တယ်…
သခင်လေး ။ ။ ကျွန်တော်ကတော့ ခင်များတို့လို လျှောက်ပြောတာမဟုတ်ပဲ။ တိကျတဲ့ အဖြေတစ်ခုပဲ ပေးမယ်…
အားလုံးက သခင်လေးတိုမိုယာ အဖြေကို ၀ိုင်းစိတ်ဝင်စားနေစွာဖြင့် နားစွင့်နေကြသည်။ ကျွန်ုပ်အတွေးထဲမှာတော့ သခင်လေးတိုမိုယာ အဖြေလား၊ ကြွက်ဖြူ အဖြေလားဟု စဉ်းစားနေသည်။
သခင်လေး ။ ။ အဖြေက အဆိပ်ဆိုမှတော့ အဆိပ်ပဲပေါ့။ အဆိပ်ရှိရင် ဖြေဆေးရှိရမယ်။ ဒါကြောင့် ဖြေဆေးကို ဖော်နိုင်ရင် ဘာလို့ ယာကူဇာစလေရာကို ကြောက်နေရတော့မှာလဲ…
အားလုံး ။ ။ ဖြေဆေးနည်းလမ်းရှိရင် ကျွန်ုပ်တို့ကို ပြောပြပေးစမ်းပါ…
ဂိုဏ်းချုပ်က ဒီတစ်ခါတော့ သခင်လေးတိုမိုယာ အဖြေကို သဘောကျစွာဖြင့် ပခုံးကို ပုတ်လိုက်သည်။
သခင်လေး ။ ။ ဖြေဆေးက လွယ်ပါတယ်။ ယာကူဇာစလေရာဆီမှာ ရှိမှာပေါ့…
အားလုံး ။ ။ ဘာ၊ အဲဒါ မင်းပြောမှလားကွ။ ငါတို့ အားလုံးလည်း သိသားပဲ…
သခင်လေး ထိုင်ရာမှ ထရပ်၍ ကျယ်လောင်စွာအသံဖြင့်၊
သခင်လေး ။ ။ နေအုန်း၊ ကျွန်တော် သူဆီက ဖြေဆေးကို ရအောင် ယူပေးမယ်။ ဒါပေမယ့် ဖြေဆေးရရင် အဖေ ကျွန်တော်လိုချင်တာ ပေးမယ်ဆိုတာ ဂိုဏ်းခေါင်းဆောင်တွေရှေ့မှာ ကတိပေးရလိမ့်မယ်…
အားလုံး ။ ။ တိုမိုယာကွ။ ဒါမှ တိုမိုယာ၊ မင်းတော်တယ်။ ဖြေဆေးရလို့ကတော့ ဂိုဏ်းချုပ်က မင်းလိုချင်တာ ပေးမှာပါ။ ငါတို့ကို ကယ်ပါကွာ၊ မင်းတစ်ယောက်ပဲ ကယ်တင်ရှင် ရှိတာပါကွာ…
အားကိုးတကြီးဖြင့် သခင်လေးတိုမိုယာကို အားလုံးက ချက်ချင်းဆိုသလို အရမ်းကို အထင်ကြီး သွားကြသည်။
ဂိုဏ်းချုပ် ။ ။ တိုမိုယာ မင်းလိုချင်တာ ဘာလဲ ဆိုတာ အရင်ပြောအုန်း…
ခေါင်းဆောင် ။ ။ မေးမနေပါနဲ့ ဂိုဏ်းချုပ်ရယ်။ တိုမိုယာလိုချင်တာ ပေးလိုက်ပါ…
တခြားခေါင်း ။ ။ ဟုတ်တယ်ဗျာ။ ဖြေဆေးရအောင် ရှာနို်င်လို့ကတော့ ဂိုဏ်းချုပ်ကတင် မဟုတ်သေးဘူး။ ငါတို့လည်း မင်းလိုချင်တာ မှန်သမျှ ပေးနိုင်ပါတယ်ကွ…
သခင်လေးတိုမိုယာက မချိပြုံးလေး ပြုံး၍ စည်းဝေးခန်းမမှ ထွက်သွားမည် အလုပ်တွင်၊
ဂိုဏ်းချုပ် ။ ။ တိတ်ကြစမ်း။ တိုမိုယာ ဘာလဲ ပြောခဲ့အုန်း…
သခင်လေး ။ ။ အင်း၊ နောက်မှ ပြောမယ်။ ပေးဖို့သာ ပြင်ထားပေးတော့…
အဟုတ်ပုံစံ ကြီးဖြင့် ထွက်သွားလေတော့သည်။ သခင်လေး ဖြေဆေးလွယ်လွယ် နဲ့ရှာပေးမယ် ပြောနိုင်တာ သခင်လေးတိုမိုယာ ကိုယ်တိုင်များ ယာကူဇာစလေရာများ ဖြစ်နေမလားဟု ကျွန်ုပ် တွေးလန့်သွားမိသည်။
ဆက်ရန်...
အော်...ဖြေဆေး..ဖြေဆေး..
ReplyDeleteမြန်မြန်လေးဗျို့...ဒီမှာ အရှိန်တက်နေပြီ
တို့လဲဖြေဆေးလိုချင်တယ်
ReplyDeleteမြန်မြန်ရှာပေးး)