ယာကူဇာချစ်သူ -၂ (အခန်း၁၄ (မာဖီယာ))
ယူမီကို ပေးတဲ့ ပြိုင်ကားဖြင့် ဟွန်ဒါကြီးနဲ့ ကျွန်တော် မြို့တစ်ပတ်လျှောက်လည် နေကြသည်။ အင်း ကျွန်တော်ကို ယူမီကိုက ပြိုင်ကားတောင် ပေးပြီ ကျွန်တော်က ဘာမှပြန်မပေးရင်တော့ မကောင်းဘူးဟ။ ဒါကြောင့် ယူမီကိုအတွက် လက်ဆောင်ဝယ်ရန် ယာကူဇာတွေရဲ့ ဖောက်သည်ဆိုင် ထူးဆန်းပစ္စည်းများ ရောင်းသည့်ဆိုင်သို့ ထွက်လာခဲ့သည်။ ထူးဆန်းဆိုင်ရှေ့ရောက်တော့ ကားကို ထိုးရပ်လိုက်ပြီ ဟွန်ဒါကြီးနဲ့ ကျွန်တော် တူတူဆင်းလာကြသည်။ ဆိုင်ရှင်က ကျွန်တော်ကို တွေ့သည်နှင့်၊
ဆိုင်ရှင် ။ ။ ဗျို့၊ တိုမိုယာ မလာတာတောင် ကြာပြီ။ ဟွန်ဒါကြီးလည်း ပါလာတာကိုး…
ဟွန်ဒါကြီး ။ ။ ဟိုက်၊ ဟိုက်…
ကျွန်တော် ။ ။ ပစ္စည်းဆန်းလေးတွေ ပြစမ်းပါအုန်းဗျ…
ဆိုင်ရှင် ။ ။ ရမယ်ခဏ…
ဆိုင်ရှင်က ဘီဒိုထဲမှ ပစ္စည်းဗုံးကြီး ထုတ်လာပြီ၊
ဆိုင်ရှင် ။ ။ ဒီရေမွှေး ဆွတ်လိုက် ၅မိနစ်အတွင်း ခင်များနားမှာ မိန်းခလေးတွေ ၀ိုင်းဝိုင်းလည်သွားလိမ့်မယ်။ ခင်များ အဖေတောင် မနေ့က လာဝယ်သွားသေးတယ်…
ကျွန်တော် ။ ။ ဘာ...
ကျွန်တော် နောက်ပြန်လှဲကျကာ ပါးစပ်မှ အမြုပ်များ ထွက်လာသည်။ ဆိုင်ရှင်က ကျွန်တော်နားသို့ ကပ်၍ တိုးတိုးပြောပြီ၊
ဆိုင်ရှင် ။ ။ ဘယ်သူမှ မသိစေနဲ့။ ဒီနာရီက ယာကူဇာစလေရာ ပတ်တဲ့ လက်ပတ်နာရီ။ ယမ်း၁သိန်းလောက်တန်တယ်…
ယာကူဇာစလေရာ နံမည်ကြားရုံဖြင့် ထိုင်ခုံနောက်သို့ တလှမ်းဆုတ်လိုက်မိသည်။ ဂင်၊ ပတ်တဲ့ လက်ပတ်နာရီ ဆိုပါ့လားတွေးကာ စိတ်ဝင်စားသွားသည်။ အင်း ဂင်ဘိုင်ပျက်နေလို့ လာရောင်းစားသွားပဲ ဖြစ်ရမယ်ဟု တွေးမိသည်။
ဆိုင်ရှင် ။ ။ ဒီလက်ပတ်နာရီမှ ကားကို စောင့်ကြည့်တဲ့ camera ပါတယ်။ ခင်များ ကားထဲသူခိုးဝင်ရင်ပဲ ဖြစ်ဖြစ်၊ screen ကနေ အားလုံး ကြည့်လို့ရတယ်။ စိတ်ဝင်စားတယ်မဟုတ်လား...
အင်း ဒါဆို ဂင်၊ ဒီscreen ကနေ ငါခိုးဝင်တာကို ကြည့်ရယ် နေမှာပေါ့ဟု တွေးမိကာ ဘိုင်ခနဲ ပြုတ်ကျသွားတော့သည်။ ခုတော့ ဂင်က ငါကားထဲ ပြန်ခိုးဝင်ချင် ၀င်နေမှာ ငါကားသစ်မှာ တပ်ထားအုန်းမှ၊
ကျွန်တော် ။ ။ လက်ပတ်နာရီကို ခဏဘေးဖယ်ထား။ နောက်တစ်ခု...
ဆိုင်ရှင်က ဗုံးထဲမှ ခြေအိတ်တစ်စုံ ဆွဲထုတ်လိုက်ပြီ၊
ဆိုင်ရှင် ။ ။ ဒါက ကမ္ဘာကျော် ကိုရီးယားမင်းသား လီဗျောင်အွန်းရဲ့ ခြေအိတ်ပါ။ သူက ဒီခြေအိတ်ကို ဘယ်လောက် သဘောကျလည်း ဆိုရင် ၁လလောက် မလျှော်ပဲ အမြဲဝတ်ထားတာ။ ခုထိ သူကိုယ်သင်းရနံ့လေး ရနေတုန်းပဲ။ မွှေးကြည့်ပါ့လား…
ကျွန်တော် နှာခေါင်းနားကို အတင်းလာကပ်သဖြင့် ခေါင်းတစ်ခုလုံး မူးဝေသွားကာ၊
ကျွန်တော် ။ ။ အဟွတ်အဟွတ်...
လီဗျောင်အွန်းရဲ့ ကိုယ်သင်းရနံ့က ပြင်းလွန်းလို့ ကျွန်တော် အောင့်အန်ပါလေရော။ ခဏကြာမှ နေလို့ထိုင်လို့ အနည်းငယ် ကောင်းသွားသည်။ ဟွန်ဒါကြီးက မယောင်မလည်ဖြင့် ကျွန်တော်နားမှာ ရစ်သီရစ်သီ လုပ်နေ၍ ဆိုင်ရှင် နားသို့ ကပ်လိုက်ပြီ ဟွန်ဒါကြီး မကြားအောင်၊
ကျွန်တော် ။ ။ မိန်းခလေး အသုံးအဆောင် ထဲက ပြစမ်းပါ…
ဆိုင်ရှင်က သဘောပေါက်သွားဟန်ဖြင့် အတွင်းခံဘောင်းဘီတစ်ထည် ထုတ်ပြ၍၊
ဆိုင်ရှင် ။ ။ အချိန်မရွေး၊ နေရာမရွေး ချွတ်ရ အရမ်းလွယ်တယ်...
ပြောလိုက်သည်နှင့် ကျွန်တော် နောက်ပြန်ပစ်လှဲကျ သွားတော့သည်။
ကျွန်တော် ။ ။ ခင်များ အထင်မှားနေပြီ။ ကျွန်တော် ချစ်သူကို ပေးချင်လို့...
ဆိုင်ရှင် ။ ။ အဲဒီလိုလား၊ ခဏ...
ခရမ်းဆွဲ လော့ကတ်လေးတစ်ခု ထုတ်လာသည်။ အဝေးကကြည့်လိုက်သည်နှင့် တော်တော်လေးကို အရောင်လက်နေသည်။ စိန်ကလည်း ဘေးကပတ်ထားသေးသည်။ လှပေမယ့် ဈေးတော်တော်ကြီးမယ့်ပုံပဲဟု တွေးမိသည်နှင့်၊
ကျွန်တော် ။ ။ ဈေးက ဘယ်လောက်လဲ...
ဆိုင်ရှင် ။ ။ ယမ်း ၂သိန်း...
ဘိုင်ခနဲမြည်၍ လှဲကျသွားကာ တက်သွားတော့သည်။ ဟွန်ဒါကြီးက ယပ်တောင်ခတ်ပေးမှ အနည်းငယ် သက်သာသွားတော့သည်။ ယူမီကိုအပေါ် အရမ်းစေတနာ ရှိစွာဖြင့်၊
ကျွန်တော် ။ ။ ယမ်း၁သောင်း အောက်ပဲပြ …
ဆိုင်ရှင် ။ ။ ယမ်း၁သောင်း အောက်ဆို ခုနက အတွင်းခံပဲ ရမယ်။ ဒီခရမ်းဆွဲလောကတ်ရဲ့ ကောင်းချက်လေးတွေ သိသွားရင် ခင်များ ချက်ချင်းတောင် ယူသွားမှာ။ ဒါက ရိုးရိုးပစ္စည်းမဟုတ်ဘူးဗျ၊ walkie talkie ပြောတဲ့စက်...
ကျွန်တော် အရမ်းကို စိတ်ဝင်စားစွာဖြင့် ၊
ကျွန်တော် ။ ။ ဘာ၊ လော့ကတ်က walkie talkie လည်းပြောလို့ရတယ် ဟုတ်လား…
ဆိုင်ရှင် ။ ။ ဒါကြောင့် ပြောတာပေါ့။ အမိုက်စားလေးဗျ၊ ဒီဘောပင်ခလုတ်ကို နှိပ်ပြီ ပြောကြည့်…
တကယ်ကို ဘောပင်ခလုတ်ကို နှိပ်၍ စကားပြောလိုက်သည်နှင့် ခရမ်းဆွဲအနောက် စပီကာမှ ကျွန်တော်အသံထွက်လာသည်။ ခရမ်းဆွဲအလယ်ပြားကိုကို ပြန်နှိပ်ပြီ စကားပြန်ပြောလျှင် walkie talkie ပြောသလို အချင်းချင်း ပြောလို့ရသည်။
ကျွန်တော် ။ ။ အရမ်းတော့ သဘောကျသွားပြီ၊ ဘယ်လောက် အကွာအဝေးထိ ရလဲ…
ဆိုင်ရှင် ။ ။ ပစ္စည်းကောင်းဗျ၊ မိုင်၆၀အတွင်း ရတယ်။ တန်လွန်းလို့ ယူသွားစမ်းပါ…
ဆိုင်ရှင်က ကျွန်တော် လက်ထဲသို့ အတင်းထိုးထည့်တော့သည်။ ယူမီကို၊ ယူမီကို ငါကို နှိပ်စက်ရက်တယ်ဟု ညီးတွားကာ ကျွန်တော် လက်ကိုင်အိတ်ထဲမှ ယမ်းတွေကို ရေတွက်တော့သည်။ အားလုံးပေါင်းမှ ယမ်း ၁သိန်း၅ထောင်ပဲ ပါ၍၊
ကျွန်တော် ။ ။ ဟို၊ ပိုက်ဆံက ၁သိန်းပဲပါတယ်။ မလောက်ဘူးဗျ၊ တခြားဟာပဲ…
ဆိုင်ရှင်က ကျွန်တော်လက်ထဲမှ ပိုက်ဆံများကို လုယူကာ၊
ဆိုင်ရှင် ။ ။ ၁သိန်းပဲ ရှိရင် ၁သိန်းပဲ ပေးခဲ့။ ရော့ ပစ္စည်းယူသွား...
အင်း အဲဒါမှန်းသိရင် ကျွန်တော် ယမ်း၅ထောင်ပဲ ရှိတယ် ပြောပါတယ်။ ခုတော့ ကျွန်တော် ကြောင်နဲ့ကြွက်ဂိုဏ်းမှာ ကြွက်ဖြူနိုင်ထားတဲ့ ပိုက်ဆံလေးတွေ ကုန်ပါပြီ ၀မ်းနည်းပက်လက် ဖြစ်ကာ ခရမ်းဆွဲလော့ကတ်ယူ၍ ဆိုင်တွင်းမှာ ထွက်လာခဲ့သည်။ ဟွန်ဒါကြီးက ကျွန်တော်လက်ထဲက ပစ္စည်းကို သိချင်ပုံဖြင့် လိုက်ကြည့်နေ၍ အိတ်ကပ်ထဲ ထည့်ဖွက် ထားလိုက်သည်။ နောက် ဟွန်ဒါကြီးနဲ့တူတူ ကျောင်းသို့ မောင်းလာခဲ့သည်။
ကျောင်းနားတွင် ယူမီကိုနဲ့ ပက်ပင်းတိုးတော့သည်။
ကျွန်တော် ။ ။ ယူမီကို ကားပေါ်တက်၊ ကားတပတ်လောက် လျှောက်စီးရအောင်...
ယူမီကို ပြုံးရွှင်စွာ လိုက်ပါ စီးနှင်းလသည်။ ထူးထူးခြားခြား ယူမီကို ဒီနေ့မှ အရမ်းလှနေသဖြင့် အင်း ငါချစ်သူကလည်း ချော၊ ကားကလည်း အမိုက်စားဆိုတော့ ဂင်၊ ယာကူဇာစလေရာတို့များ မနာလိုဖြစ်နေမှာ မြင်ယောင်ပါသေးတယ်ဟု တွေးကာ ကြိတ်သဘောကျနေသည်။ ကျောင်းနဲ့ ခပ်လှမ်းလှမ်း လူရှင်းသော တစ်နေရာတွင် ထိုးရပ်လိုက်ပြီ ဘေးဘယ်ကို အကဲခတ်လိုက်သည်။ ခုနေချိန်များ ယူမီကိုကို ခရမ်းဆွဲလော့ကတ်လေး ပေးပြီ အနမ်းလေးတောင်းရင်တော့ အခွင့်အရေးပဲကွ တွေးမိသည်နှင့် လော့ကတ် အထုတ်တွင်၊
ယူမီကို ။ ။ ကိုရေ...
ကျွန်တော်ကို ကိုလို့ ခေါ်လိုက်သဖြင့် အရမ်းပျော်ရွှင်စွာ သွားသုံးဆယ်ခြောက် ချောင်းကို ဖြဲပြပြီ၊
ကျွန်တော် ။ ။ ဘာလဲ သဲလေး...
ယူမီကို ။ ။ ယာကူဇာဂိုဏ်းထောင်ဖို့ ဗဟိုခေါင်းဆောင်ရဲ့ ခွင့်ပြုချက်လိုမှာပေါ့နော်…
ကျွန်တော် ။ ။ အင်းလိုတာပေါ့၊ သဲလေးရဲ့…
နေပါအုန်း၊ ယူမီကို ဒါတွေ မေးပြီ ဘာလုပ် အုန်းမလို့လဲ။ သူတကယ်ပဲ ယာကူဇာဂိုဏ်းထောင်ဖို့များလားဟု တွေးမိကာ မယုံသင်္ကာပုံဖြင့် ယူမီကို တချက် ကြည့်၍၊
ကျွန်တော် ။ ။ နေပါအုန်း၊ ဘာလို့မေးတာလဲ...
ယူမီကို ။ ။ မဟုတ်ပါဘူး။ ဒီအတိုင်း မေးကြည့်တာပါ ဟဲဟဲဟဲ...
ခဏကြာတော့ ထပ်ပြီ၊
ယူမီကို ။ ။ ကိုရေ...
ကျွန်တော် ။ ။ ဗျာ...
ယူမီကို ။ ။ ဂိုဏ်းထောင်ရင် ဂိုဏ်းခေါင်းဆောင်နှစ်ယောက်ရဲ့ ထောက်ခံချက်လည်း လိုအုန်းမှာပေါ့နော်...
ယူမီကို၊ မင်းဂိုဏ်းထောင်ဖို့ကို ငါ့အဖေဆီက ထောက်ခံချင်လိုချင်လို့ စကားပလ္လင်လာခံ နေတာ မသိရင် ခက်မယ် တွေးမိသည်နှင့်၊
ကျွန်တော် ။ ။ စကားလာမနှိုက်နေနဲ့။ ထောက်ခံချက်လိုချင်လို့ ငါ့အဖေ နဂါးနီဂိုဏ်းချုပ်ကို ပြောပေးပါဆိုရင် လုံးဝ၊ လုံးဝ နှိုးပဲ…
ယူမီကို ။ ။ အမယ်လေး သဘောထားက သေးသိမ်လိုက်တာ။ ကျောင်းပဲ ပြန်မောင်းတော့…
ယူမီကိုက စိတ်ဆိုးဟန်ဖြင့် မျက်နှာလွှဲသွားသည်။ အနမ်းလေးများ ရမလား ထင်နေတာ၊ တော်ပြီ နောက်မှ ပေးတော့မယ် တွေးကာ လော့ကတ်ကို အိတ်ကပ်ထဲ ပြန်ထည့်၍ ကျောင်းသို့ ပြန်မောင်းချလာသည်။
မောင်းရင်းနဲ့ တက္ကသိုလ်ရှေ့သို့ ပြန်ရောက်ခါနီးတွင် သူနဲ့မှ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ဂင်ကားကလည်း တက္ကသိုလ်ရှေ့နားတွင် ကားပါကင်ထိုးရန် ပြင်နေသည်။ ကျွန်တော် ပြိုင်ကားကို အရှိန်အမြင့်ဆုံး တင်လိုက်ပြီ ဂင်ကားထိုးမယ့် နေရာသို့ တဟုန်ထိုး မောင်းချကာ ပါကင်အတင်းဝင် လုရန် ကြိုးစားတော့သည်။ သို့သော်လည်း ဂင်က ပိုလျင်သွား၍ တခြားကားစီးကို တိုက်မိခါနီးမှ ကျွန်တော် ဘရိတ်စောင့် အုပ်ချလိုက်ရသည်။
ဂင်က ကျွန်တော်ကို နုပါသေးတယ်ကွာ ဆိုသည့် အချိုးမျိုးဖြင့် တမင်ရိသလိုလို ပြုံးပြသွားသေးသည်။ တောက်၊ နောက်တစ်ခါဆို ငါအလှည့်ပဲ။ ကျောင်းထဲဝင်ခါနီး ဂင်နဲ့ ထပ်ဆုံတော့ ယူမီကိုပခုံးကို အတင်းဆွဲဖက်လိုက်ပြီ အောင်နိုင်အပြုံးဖြင့် ဂင်ကို ရိသလိုလို မခံချင်အောင် ရယ်ပြလိုက်သည်။ ဂင်မျက်နှာတချက် ပျက်သွားပြီမှ လက်၃ချောင်း ထောင်ပြ၍ ကျွန်တော်ကို ပြန်ချိုးသွားတော့သည်။
မင်းသေဖို့ ၃ရက်ပဲ ကျန်ပါတော့တယ်ဟု ပြန်စော်သွားသည်။ အဆိပ်တရားခံကို ရှာဖို့ ဂင်က ကျွန်တော်ကို အချိန် ၃ရက်ပဲ ပေးထားသော်လည်း တခါမှ ရှာရန် ကျွန်တော်မှာ စိတ်ကူးတောင် မရှိပေ။ သို့သော် ၃ရက်ပြည့်တဲ့နေ့တွင် ဂင်၊ ယာကူဇာစလေရာ ကျွန်တော်ကို လုံးဝကို ရန်မမူနိုင်အောင် နည်းလမ်းကောင်းလေးတော့ ရှိသည်။ နည်းလမ်းက ဒီလိုဗျ၊ ဂင်နဲ့ သခင်မလေးနိုရီကို မတွေ့တွေ့အောင် ချိန်းပေးလိုက်ရုံပင် ဖြစ်သည်။ သခင်မလေးနိုရီက ယာကူဇာစလေရာကို အရူးအမူးကြိုက်နေသည်က ကျွန်တော်အတွက် အခွင့်အလမ်းတစ်ခုပင်။ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ပြီ ကျွန်တော်က ဘေးက ပွဲကြည့်ပရိသတ်လုပ် ရုံပင် ဖြစ်သည်။
တက္ကသိုလ်ထဲသို့ ၀င်လိုက်သည်နှင့် ဟွန်ဒါကြီးနားတွင် မိန်းခလေးတွေ ၀ိုင်းဝိုင်းလည်နေကြ၍ အံ့အားသင့်သွားမိသည်။ ထိုမိန်းခလေးတွေထဲတွင် အိမိ၊ ဆာရှီမီ၊ ဆူရှီတို့ ၃ယောက်တောင် ပါလိုက်သေးသည်။
ယူမီကို ။ ။ ဟိုမှာ အိမိတို့ မဟုတ်လား...
ဒါကြောင့် ခုနကဆိုင်တုန်းက ကျွန်တော် ထွက်လာတုန်း ဟွန်ဒါကြီး ကျန်ခဲ့တာ မိန်းမဆွဲဆောင် ရေမွှေးဝယ်နေတာကိုး။ ဒီကောင်တော့ကွာဟု တွေးလျှက် ဟွန်ဒါကြီးနားသွားပြီ၊
ကျွန်တော် ။ ။ ဟေ့ကောင်၊ အပိုလုပ်တွေ မလုပ်နဲ့။ ငါအရေးကြီး ခိုင်းစရာ ရှိတယ်၊လာ...
ဟွန်ဒါကြီးကို အတင်းဆွဲခေါ်လာခဲ့သည်။ သခင်မလေးနိုရီအတွက် ရေးထားသည့် စာတစ်စောင်ကို၊
ကျွန်တော် ။ ။ ဒီစာကို သခင်မလေးနိုရီလက်ထဲ မရောက်ရောက်အောင် ပေးလိုက်။ ပြီရင် သူပြန်ပေးမယ့်စာကို စောင့်ပြီ သေချာ ပြန်ယူခဲ့…
ဟွန်ဒါကြီး ကျွန်တော့်လက်ထဲက စာကို မယူပဲ အူကြောင်ကြောင် လုပ်နေ၍၊
ကျွန်တော် ။ ။ မယူပဲ ဘာလုပ်နေတာလဲ…
ဟွန်ဒါကြီး ။ ။ သခင်လေးကို ကျွန်ုပ်တစ်ခုလောက် မေးလို့ရမလား…
ကျွန်တော်ကို မဟုတ်တကမေးတော့မည်ကို သိ၍ မျက်နှာ အချိုးတင်းမာ လိုက်ပြီ အသံခပ်မာမာဖြင့်၊
ကျွန်တော် ။ ။ အေး ဘာလဲ…
ဟွန်ဒါကြီး ။ ။ သခင်မလေးနိုရီနဲ့ ယူမီကိုက တစ်ယောက်ထဲ မဟုတ်ဘူးလား…
ကျွန်တော် ဘိုင်းခနဲမြည်အောင် နောက်ပြန်လှဲကျကာ ပါးစပ်ထဲမှ အမြုပ်တွေ ကျလာတော့သည်။
ကျွန်တော် ။ ။ ဟွန်ဒါကြီး၊ မင်းတော့ ပေါက်တက်ကရတွေပဲ လျှောက် စဉ်းစားနေတယ်။ ခိုင်းတဲ့ အတိုင်းသာ သေချာလုပ်၊ လုံးဝအပြင်ကို မပေါက်ကြားစေနဲ့။ ပြီတော့ ဒီကိစ္စတွေ အားလုံး ငါ့အဖေ လုံးဝသိလို့ မဖြစ်ဘူး၊ ကြားလား…
ဟွန်ဒါကြီး ။ ။ ဟိုက်၊ ဟိုက်…
ဟွန်ဒါဟမ်းဖုန်း။ ။ ဂျောက်၊ ဂျောက်၊ ဂျောက်…
ဟွန်ဒါကြီး ဟမ်းဖုန်းလှမ်းဆွဲယူ၍၊
ကျွန်တော် ။ ။ မင်းတော့ ရှိသမျှ အမွှေးတွေ ပြောင်ချင်နေပြီနဲ့တူတယ်…
ဟွန်ဒါကြီး ။ ။ နောက်မပို့တော့ပါဘူး…
ကျွန်တော် ။ ။ တော်စမ်းပါ။ ဟွန်ဒါကြီး မင်းကို ငါလုံးဝအယုံအကြည် မရှိတော့ဘူး။ ဟမ်းဖုန်း ထားခဲ့ပြီ မင်းသွားတော့…
ဟွန်ဒါကြီး သူ့ဟမ်းဖုန်းကို ကျွန်တော်ယူခဲ့၍ ကွက်ကြည့်ကွက်ကြည့် ကြည့်ကာ သခင်မလေးနိုရီဆီသို့ ထွက်သွားတော့သည်။ ခပ်ဝေးဝေးအကွာအဝေးသို့ ဟွန်ဒါကြီး ရောက်သောအခါမှ သူ့ဟမ်းဖုန်းမှ တီ၊တီ၊တီ ၃ချက်မြည်၍ မက်ဆေ့ ၀င်လာသည်။ ဒီကောင် မရှိတုန်း သူ့မက်ဆေ့ကို ခိုးဖတ်ရန် ဟွန်ဒါကြီး ဟမ်းဖုန်းကို ဖွင့်လိုက်သည်။ ကျွန်တော်အဖေမှ ဟွန်ဒါကြီးဆီ ပို့ထားသော မက်ဆေ့ကို ဖတ်ပြီ အရမ်းထိတ်လန့်သွားသည်။
ဂိုဏ်းချုပ် မက်ဆေ့ ။ ။ ဟွန်ဒါကြီး ငါမှာကြားထားတဲ့ အတိုင်း တိုမိုယာနဲ့ ယူမီကိုကို ရှင်းပြီပြီလား…
အဖေ ရက်စက်ပါပေ့ ကိုယ်သားအရင်းကိုတောင် ရှင်းဖို့ မှာကြားထားတယ်တဲ့လား။ ငါ ဟွန်ဒါကြီးဖုန်း ယူခဲ့မိတာ မှန်သွားတာပေါ့ဟု သက်ပြင်းချလိုက်ပြီ ဟွန်ဒါကြီး ဟန်ဆောင်၍ ဖုန်းမက်ဆေ့ပြန်ရိုက်လိုက်သည်။
ကျွန်တော် မက်ဆေ့ ။ ။ ဘာလို့ တိုမိုယာကို သတ်ချင်နေရတာလဲ…
ဂိုဏ်းချုပ် မက်ဆေ့ ။ ။ ဘာ၊ ဟွန်ဒါကြီး မင်းတကယ်ပဲ တိုမိုယာကို သတ်ပစ်လိုက်ပြီလား။ ငါက သူတို့ နှစ်ယောက်ကို လမ်းခွဲရုံခွဲခိုင်းတာလေကွ။ ငါ့ကြွက်ဖြူရော ဘယ်လို ဖြစ်သွားပြီလဲ…
တော်ပါသေးရဲ့၊ လမ်းခွဲရုံ လမ်းခွဲခိုင်းလို့ပေါ့။ နေပါအုန်း၊ ဘာလို့ ငါနဲ့ ယူမီကိုကို လမ်းခွဲခိုင်းရတာလဲ တွေးမိသည်နှင့်၊
ကျွန်တော် မက်ဆေ့ ။ ။ နေပါအုန်း၊ ဘာလို့ တိုမိုယာနဲ့ ယူမီကိုကို လမ်းခွဲခိုင်းရတာလဲ။ အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ကို ခွဲရက်လိုက်လေခြင်း...
ဂိုဏ်းချုပ် မက်ဆေ့ ။ ။ ယူမီကို အဖေကြီးကို အရမ်းကို အမြင်ကတ်လွန်းလို့ကွ။ ငါ နဂါးနီဂိုဏ်းချုပ် နံမည်ကို ကောင်းကောင်းအသုံးချပြီ စီးပွားရေး လောကမှာ ထင်တိုင်းကြဲနေတာ ငါဒီအတိုင်း ကြည့်မနေနိုင်ဘူး…
ဘြော် ယူမီကို အဖေကြောင့်ကိုး၊ ဒါပေမယ့် အဲဒါ ယူမီကိုနဲ့မှ မဆိုင်ပဲ ထပ်တွေးမိပြန်၍၊
ကျွန်တော် မက်ဆေ့ ။ ။ သူ့အဖေကို မကျေနပ်တာနဲ့ ယူမီကိုကို အပြစ်တွေ ပုံချတာ လုံးဝ လုံးဝ မတရားဘူး…
ဂိုဏ်းချုပ် မက်ဆေ့ ။ ။ နေပါအုန်း ဟွန်ဒါကြီးမှ ဟုတ်ရဲ့လား။ ဘာလို့ ယူမီကိုဘက်က ကာကွယ်နေရတာလဲ…
ကျွန်တော် ဘာဆက်ဖြေရမှန်း မသိသည်နှင့် အူကြောင်ကြောင် လုပ်နေ၍၊
ဂိုဏ်းချုပ် မက်ဆေ့ ။ ။ ဟွန်ဒါကြီး ဘာလို့ ပြန်မဖြေတော့တာလဲ…
ဒုက္ခပဲ၊ ငါကို တိုမိုယာမှန်းသာ ရိပ်မိသွားလို့ကတော့ မလွယ်ဘူးဟ။ အင်း ဟွန်ဒါကြီးလို့ ယုံသွားအောင် တစ်ခုခုတော့ ပြန်ပြောမှပဲ၊
ကျွန်တော် မက်ဆေ့ ။ ။ ယူမီကို နဲ့ ဂိုဏ်းချုပ်ကတော် ဘယ်သူပိုချောလဲ စဉ်းစားနေလို့ပါ…
မက်ဆေ့ဖတ်ပြီရော ကျွန်တော့်အဖေက ဟွန်ဒါကြီးဆိုတာကို ယုံသွားပုံ ပေါ်၍၊
ဂိုဏ်းချုပ် မက်ဆေ့ ။ ။ အင်း မင်းက ဟွန်ဒါကြီးပဲ။ ငါပြောတဲ့အတိုင်းသာ ဆက်လုပ်…
ကျွန်တော် မက်ဆေ့ ။ ။ ဟိုက်၊ ဟိုက်…
ဝူးဝူးဝူး တော်ပါသေးရဲ့ ဂိုဏ်းချုပ် ကျွန်တော်ကို မရိပ်မိသွားလို့ တော်ပါသေးရဲ့။ ယူမီကို အတန်းပြီခါနီးမို့ တက္ကသိုလ်ရှေ့တွင် ရစ်သီရစ်သီနဲ့ သွားစောင့်နေသည်။ ဒီနေ့မှ သူလေးကို မပေးစဖူး ခရမ်းဆွဲလော့ကတ် လက်ဆောင်လေး ပေးရမှာမို့ စိတ်ထဲ ကြိတ်ပျော်နေမိသည်။ အိမိတို့ အဖွဲ့နဲ့ တူတူ ယူမီကို စကားပြောကာ ရယ်မော၍ ထွက်လာသည်။ ကျွန်တော်ကိုလည်း မြင်ရော မျက်စောင်းတစ်ချက် လှမ်းထိုး၍ ဆံပင်လေးကို ခါယမ်းလိုက်ရာ ရင်ထဲမှာ heartကို ထိသွားတော့သည်။ စိတ်ဆိုးနေတဲ့ သူမကို အတင်းဆွဲဖက်ကာ ဖမ်းနမ်းချင်တဲ့ ကျွန်တော်စိတ်တွေကို မနည်းသိုသိပ် ထားလိုက်ရသည်။ သူမအနားသို့ ရောက်သည်တိုင်အောင် ကျွန်တော် ခပ်ပြုံးပြုံးလေးဖြင့်သာ သူမကို ငေးမောကြည့်မိနေတော့သည်။ ယူမီကိုက နှုတ်ခမ်းလေးကို ခပ်စူးစူးလေးဖြင့်၊
ယူမီကို ။ ။ အတန်းမတက်ပဲ ဘယ်ပျောက်နေတာလဲ။ ဒီမှာ မျှော်ရတာ လည်ပင်းတောင် ရှည်တော့မယ်…
ကျွန်တော် သည်းမခံနိုင်တဲ့အဆုံး လူအများကြီး ရှေ့မှာတင် သူမကို ဆွဲဖက်ကာ နမ်းလိုက်မိတော့သည်။
ယူမီကို ။ ။ အို၊ ဘာလုပ်တာလဲ လွှတ်…
ရှက်ကိုးရှက်ကန်း အသံလေးဖြင့် မရုန်းသာလေး ရုန်းနေသည်။ ဆာရှီမီ၊ ဆူရှီ၊ အိမိနှင့် တခြားကျောင်းသား၊ ကျောင်းသူတွေရဲ့ ‘၀ါး’ အာမေဋိတ်အသံ ဆူညံသွားတော့သည်။ ကျွန်တော် ၁၆နှစ်အရွယ် ကောင်လေးတစ်ယောက် ပြန်ဖြစ်သွားသလို သူမနဲ့ ပထမဆုံး အကြိမ် ပြန်ခံစားလိုက်ရသည်။ ယူမီကို လက်ကို အတင်းဆွဲကာ ကားရှိရာသို့ အတင်းပြေးတော့သည်။
အားလုံး ။ ။ ဖျန်၊ ဖျန်၊ ဖျန်၊ မိုက်တယ်ကွ ဆက်လုပ်...
ထော်ပနာပြုတဲ့ အသံတွေကြားမှ ရှက်ရမှန်း မသိအောင် ကားထဲ အတင်းဝင်ပြေးပြီ ကားကို အမြန်စက်နှိုး၍ ထွက်လာခဲ့တော့သည်။ ရူခင်းကောင်းတဲ့ နေရာ တစ်နေရာ ရောက်မှ ကားကိုစက်သပ်လိုက်သည်။ တော်တော်ကြာအောင် ယူမီကိုနှင့် ကျွန်တော် တစ်ယောက်နှင့်တစ်ယောက် စကားမပြောပဲ အန်တန်းတန်းလေး ဖြစ်နေမိသည်။ ကျွန်တော် သူမကို အရမ်းချစ်တယ်ဆိုတာ သူလေးမှ သိပါရဲ့လားဟု တိုးတိုးလေး ရေရွှတ်နေမိသည်။ သူမဘက်သို့ လှည့်ကြည့်လိုက်ရာ သူမပါးနှစ်ဖက်လုံး ပန်းနုရောင်လေးသန်း နေတာမို့ ပိုလို့တောင် ချစ်စရာကောင်း နေတာ့သည်။ ကျွန်တော်အိတ်ကပ်ထဲမှ ခရမ်းဆွဲလော့ကတ်ဗူးကို ထုတ်၍ သူမရှေ့သို့ ထိုးပေးလိုက်သည်။
ယူမီကို ။ ။ ဟင့်၊ ဘာလဲ...
ကျွန်တော် ။ ။ သိချင်ရင် ဖွင့်ကြည့်လေ...
ယူမီကို မခိုးတရဲလေးဖြင့် ကျွန်တော်ကို ပြန်ကြည့်၍ လော့ကတ်ဗူးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ပြုံးပျော်သွားသည့် သူမမျက်နှာလေးကို မြင်လိုက်ရတော့ ယမ်း၁သိန်းတန် ပေးရကျိုးတောင် နုပ်သွားသေးသည်။
ကျွန်တော် ။ ။ ကြိုက်လား...
ယူမီကို ။ ။ အင်း အရမ်းလှတယ်...
ကျွန်တော် ။ ။ ပေး၊ ကိုယ်ဆွဲပေးမယ်...
သူမက ခေါင်းလေးညိတ်ပြပြီ ဆံပင်လေးကို အပေါ်သို့ မြှောက်တင်ပေးလိုက်သည်။ ကျွန်တော် ခရမ်းဆွဲလော့ကတ်ဆွဲကြိုး လေးကို အနောက်မှ သိုင်းဆွဲပေးပြီ သူမကို ပြန်မလွှတ်ပဲ ဖက်ထား၍၊
ယူမီကို ။ ။ ကိုကွာ လွှတ်၊ သူများတွေ ရှိတယ်...
ကျွန်တော် ။ ။ ဘယ်သူမှ မရှိပါဘူး။ မလွှတ်ဘူးကွာ၊ အရမ်းချစ်တယ် သိလား...
ယူမီကိုထပ် မရုန်းတော့ပဲ ကျွန်တော်ကိုယ်ပေါ်မှီပြီ မျက်လုံးလေးကို မှိတ်ထားလိုက်သည်။ သူမနှင့် နှစ်ယောက်ထဲ ရှိနေတဲ့အချိန်ဟာ တခဏတာ ဆိုပေမယ့် ကျွန်တော်အတွက်တော့ တသက်စာပမာ ရင်ထဲမှာ အရမ်းကို အေးမြနေမိသည်။ ချစ်တယ်ကွာ၊ ချစ်တယ်လို့ စိတ်ထဲမှ ရေ၇ွှတ်ရင်း အချိန်တွေတောင် ဘယ်လို ကုန်မြန်သွားသည်ကိုတောင် မသိလိုက်ပေ။ ည၈နာရီထိုးလို့ မိုးတောင် ချုပ်လာသည်။ ယူမီကိုအိမ်သို့ ပြန်လိုက်ပို့ပေးသည့် လမ်းမှာတောင် သူမကို မခွဲနိုင်လို့ ပြန်တောင် မပို့ရက်ပေ။ သူမအိမ်ထဲရောက်တော့ ကားပေါ်မှ ဆင်းခါနီ အနမ်းလေး ခွေလိုက်ချင်သေးသည်။
ယူမီကို ။ ။ လော့ကတ်လေးအတွက် ကျေးဇူးပဲနော်...
ခရမ်းဆွဲလော့ကတ်လေးက အသားဖြူသော သူမလည်ပင်းပေါ်သို့ ပိုလို့တောင် တောက်ပလှပနေတော့သည်။ ဆင်းခါနီး ကျွန်တော်ထက်ဦးအောင် ယူမီကိုက ကျွန်တော်ပါးကို အနမ်းလေး ပေးပြီ ရှက်ရှက်ဖြင့် ပြေးဆင်းသွားတော့သည်။ ပြေးဆင်းသွားသော သူမလက်ကို လှမ်းဆွဲသော်လည်း မမှီလိုက်ပေ။ ပျော်လွန်းလို့ ရင်တွေတောင် တဒုတ်ဒုတ် နေစဉ်၊
ဒယ်ဒီ ။ ။ နာဂါတို၊ သား ဘယ်တုန်းက ရောက်တာလဲ...
အော်သံနှင့်အတူ ကျွန်တော်ကျောကို ဗန်းခနဲမြည်အောင် တီလိုက်သည်နှင့် စိတ်ကူးယဉ် နေတာတွေတောင် ဘယ်ကို လွင့်မျှောသွားမှန်း မသိတော့ပေ။
ကျွန်တော် ။ ။ ဘြော် ဒယ်ဒီ...
ဒယ်ဒီ ။ ။ ရောက်နေတာ အသံမပေး၊ ဘာမပေးနဲ့။ နေပါအုန်း၊ မင်း နှာခေါင်းကြီး ဘာလို့ ပွပြီနီရဲနေတာလဲ...
ကျွန်တော် ။ ။ ဗျာ...
ကျွန်တော် ခြေမကိုင်၊ လက်မကိုင်အောင် ဖြစ်သွားတော့သည်။ ဒယ်ဒီက ကျွန်တော်ပခုံးကို အားဖြင့် ထပ်ရိုက်ပုပ်ပြီ၊
ဒယ်ဒီ ။ ။ အလကားနောက်တာပါကွာ။ ဆင်းအုန်းလေ...
အမယ်လေး တော်ပါသေးရဲ့ဟု သက်ပြင်းချ လိုက်၍၊
ကျွန်တော် ။ ။ မိုးချုပ်နေလို့ သားနောက်မှ လာခဲ့တော့မယ်...
အတင်းနှုတ်ဆက်ကာ မြန်မြန်လေး ပြန်လစ်ထွက် ခဲ့ရလေတော့သည်။
ဆက်ရန်...........
-------------------------------------------------
ရေးလဲရေးတတ်ပါ့
ReplyDeleteလီဗြောင်ဟွန်းရဲ့ ခြေအိတ်တဲ့
ဟိဟိ.. တစ်လလောက်များ မလျှော်ဘဲထားထားတယ်တဲ့
ဝေါ့း)
ဟုတ်တယ်နော်.. တော်တော်ညစ်ပတ်တဲ့ မာဖီယာ... ဟီးဟီး
ReplyDelete