Saturday, December 11, 2010

ယာကူဇာချစ်သူ -၂ (အခန်း၁၅ (ဟွန်ဒါကြီး))

ယာကူဇာချစ်သူ -၂ (အခန်း၁၅ (ဟွန်ဒါကြီး))

    ကျွန်ုပ် ဟမ်းဖုန်းကို သခင်လေးတိုမိုယာကို ပေးခဲ့ရ၍ စိတ်ထဲ ခပ်ထင့်ထင့်နဲ့သာ ထွက်လာခဲ့ရသည်။ သခင်လေးတိုမိုယာ မိန်းမရုပ်ပုံပြောင်းတုန်းက ချောလွန်းလွန်းလို့ ဟမ်းဖုန်းနဲ့ ခိုးရိုက်ထားတာသာ သခင်လေးတွေ့ လို့ကတော့ ကျွန်ုပ်အမွှေးပြောင် ဘ၀ရောက်မည်ကို တွေးပြီ သက်ပြင်းချလိုက်မိသည်။ သခင်မလေးနိုရီကို ပေးခိုင်းသည့်စာက အရေးကြီးတယ်ဆို ဘာများပါလိမ့်၊ ရည်စားစာများလားဟု စဉ်းစားရင်း သခင်မလေးနိုရီ ရှိရာ ယာကူဇာ ဗဟိုဌါနသို့ ရောက်လာသည်။

အစောင့် ။    ။ ဟေ့ကောင် မင်းဘယ်သူနဲ့ တွေ့ချင်လို့လဲ…
ကျွန်ုပ် ။    ။ သခင်မလေးနိုရီနဲ့ တွေ့ချင်လို့…
အစောင့် ။    ။ ရာရာစစ၊ သခင်မလေးနဲ့တွေ့ချင်ရအောင် မင်းက ဘာကောင်မှတ်နေလဲ…
    သခင်လေးတိုမိုယာ၏ ညွန်ကြားချက်အတိုင်း သူ၏တံဆိပ်ပြားကို ဆွဲထုတ်လိုက်ပြီ၊

ကျွန်ုပ် ။    ။ ဒီတံဆိပ်ပြားကို သေချာကြည့်စမ်း…
    တံဆိပ်ပြားကို မြင်သည်နှင့် အစောင့်တွေ အားလုံး နောက်သို့တစ်လှမ်းဆုတ် သွားပြီမှ၊

အစောင့်၁ ။    ။ ဒါ နဂါးနီဂိုဏ်းက တိုမိုယာကွ၊ ဒီကောင်ကို အသေသတ်ကြ…
အစောင့်၂ ။    ။ ငါတွေ့ဖူးတဲ့ တိုမိုယာက ဒီလောက် လူကောင်မကြီးပါဘူး…
အစောင့်၃ ။    ။ ရုပ်ပြောင်းထားတာ နေမှာပေါ့…
    ကျွန်ုပ် လက်ကို အပေါ်သို့ ထောင်၍၊

ကျွန်ုပ် ။    ။ တိတ်စမ်း၊ မင်းတို့ ပြောတာ တစ်ခုမှ မဟုတ်ဘူး။ ကျွန်ုပ်က တိုမိုယာ မဟုတ်ဘူး။ ကျွန်ုပ်က ဟွန်ဒါကြီးကွ…
အူကြောင်ကြောင်ပုံဖြင့် အစောင့်၃ယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ၊

အစောင့်၂ ။    ။ ဘယ်သူလဲ ဟွန်ဒါကြီးဆိုတာ…
အစောင့်၁ ။    ။ ငါလည်း ဘယ်သိပါ့မလဲ၊ မင်းရော သိလား…
အစောင့်၃ ။    ။ မင်းတို့တောင် မသိတာ၊ ငါက ဘာကိစ္စ သိရမှာလဲ…
အစောင့်၂ ။    ။ ဒါဆို ဒီကောင်က ရန်သူပေါ့…
အစောင့်၃ ။    ။ အေးဟုတ်မယ်နဲ့ တူတယ်…
ပြိုင်တူ ။    ။ ဖမ်းကွ…
    အော်လိုက်မှ ကျွန်ုပ် အလန့်တကြားဖြင့် စာကို ထပ်ဆွဲထုတ်လိုက်ပြန်သည်။

ကျွန်ုပ် ။    ။ နေအုန်းလေ၊ ကျွန်ုပ်လက်ထဲမှာ သခင်မလေးနိုရီကို ပေးဖို့ အရမ်းအရေးကြီး စာချွန်လွှာပါတယ်။ ခင်များတို့ကြောင့် နှောင့်နှေးသွားတာသာ သိသွားရင် သခင်မလေးနိုရီက ခင်များတို့ကို အရှင်ထားမယ် အောင်းမေ့နေလား…

    ကျွန်ုပ်စကားကြောင့် သူတို့တွေ တော်တော်လေးကို တွေဝေသွားကြပြီ၊

အစောင့်၃ ။    ။ ဘယ်လိုလုပ်မလဲ…
အစောင့်၁ ။    ။ မသိဘူးလေ…
 အစောင့်၂ ။    ။ ငါကိုလာမကြည့်နဲ့၊ ငါနဲ့လည်း မဆိုင်ဘူး…
အစောင့်၃ ။    ။ ပေးဝင်လိုက်ရင် ကောင်းမယ်နဲ့တူတယ်…
အစောင့်၂ ။    ။ မင်းပြောတာနော်…
အစောင့်၃ ။    ။ တရားခံ မရှာနဲ့လေ…

    အစောင့်၃ယောက် ငြင်းခုံနေကြစဉ် သခင်မလေးနိုရီ ဆဲဆိုသံကို ကြားလိုက်ရသည်။

သခင်မလေးနိုရီ ။    ။ သုံးစားမရတဲ့ ကောင်တွေ ဘာတွေ ဖြစ်နေတာလဲ...
    ဒူးတွေ တုန်တုန်ယိယိဖြင့် အစောင့်၃ယောက်မှာ သခင်မလေးနိုရီကို ကြောက်လွန်းလို့ နေစရာ နေရာတောင် မရှိအောင် ရုတ်ရပ်ခတ်နေကြ၍၊

သခင်မလေးနိုရီ ။    ။ ငါမေးနေတာကို မဖြေအုန်း...
    သခင်မလေးနိုရီက အစောင့်၃ယောက် မျက်နှာတစ်ချက်ဆီကို ခြေထောက်ဖြင့် ကန်၊ လက်သီးနှင့်ထိုးပြီ တာတောင် မကျေနပ်နိုင်ပဲ သူမရဲ့ ကြာပွတ် ဆွဲထုတ်လိုက်ကာ ကြာပွတ်ဖြင့် ရိုက်တော့သည်။ ရုပ်ချောသလောက် ကိုယ်လက်အောက်ငယ်သားကို လုံးဝစာနာ သနားမှုမရှိစွာ ရိုက်နှက်နေသဖြင့် ကျွန်ုပ် တံတွေးတစ်ချက် မျိုချလိုက်မိသည်။ နဂါးဂိုဏ်းချုပ်ကတောင် သခင်မလေးနိုရီထက် ဆိုင်ရင် အများတော်ပါသေးရဲ့ဟု တွေးလိုက်မိသည်။ ဟို၃ယောက်ကို ရိုက်လို့လည်း ၀ရော ကျွန်ုပ်ဘက်သို့ လှည့်လာသည်။

သခင်မလေးနိုရီ ။    ။ နေပါအုန်း၊ မင်းက တိုမိုယာ တပည့်မလား။ ဘာကိစ္စ ငါဆီလာတာလဲ...
ကျွန်ုပ် ။        ။ သခင်လေးတိုမိုယာ အရေးကြီးတဲ့ စာချွန်ပေးလိုက်လို့...
    သခင်လေးတိုမိုယာ ပေးလိုက်သော စာအိတ်ကို လှမ်းပေးလိုက်သည်။ ကျွန်ုပ်လက်ထဲမှ စာအိတ်ကို ဆတ်ခနဲ အမြန်ယူ၍ ချက်ချင်း ဖွင့်ဖတ်လိုက်ပြီ၊

သခင်မလေးနိုရီ ။    ။ ဟားဟားဟား၊ တိုမိုယာ တိုမိုယာ မင်းဒီတစ်ခါတော့ တော်သွားပြီ။ ဟားဟားဟား...
    စာထဲတွင် သခင်လေး ဘာတွေပြောထားသည်ကိုတော့ ကျွန်ုပ် မသိပေမယ့်၊ သူမကတော့ အရမ်းကို သဘောကျနေသည်။ သခင်မလေးနိုရီဆီမှ ပြန်စာ ယူခဲ့ရမည်ဟု အမှာစကားရှိသည်မို့၊

သခင်မလေးနိုရီ ။    ။ မင်းပြန်လို့ရပြီ...
ကျွန်ုပ် ။    ။ ကျွန်ုပ်ကို သခင်မလေးနိုရီဆီက ပြန်စာယူခဲ့ရမယ်လို့ မှာလိုက်ပါတယ်...
သခင်မလေးနိုရီ ။    ။ ဘာ...
    သူမ ယာကူဇာဓားကို လျင်မြန်စွာဆွဲထုတ်ပြီ ကျွန်ုပ်လည်ပင်းတွင် တေ့ထားလိုက်၍ ချွေးသီးများ ကျလာသည်။ သခင်လေးများ သခင်မလေးနိုရီကို ပေးခိုင်းတဲ့စာထဲမှာ ကျွန်ုပ်ကို သတ်ဖို့များ ရေးထားသလားဟု အနည်းငယ်လန့်လာသည်။

သခင်မလေးနိုရီ ။    ။ မင်း ခေါင်းဖြတ်ပြီ တိုမိုယာဆီ ပို့ပေးလိုက်ရမလား။ ပြန်မလား...
ကျွန်ုပ် ။    ။ ကျွန်ုပ်ခေါင်းကို ဖြတ်ချင်ဖြတ်လိုက်၊ ကျွန်ုပ်ကတော့ အမိန့်အတိုင်း ပြန်စာရမှ ပြန်နိုင်မယ်...
    ကျွန်ုပ်စကားကြောင့် သခင်မလေးနိုရီ သဘောကျပုံဖြင့် ပြုံးလိုက်ပြီ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ကာ မြေပြင်တွင် လှဲနေကြသော သူတပည့် ၃ယောက်ဘက်သို့ ထပ်လှည့်ကာ၊

သခင်မလေးနိုရီ ။    ။ စောင့်သုံးမကျတဲ့ ကောင်တွေ၊ မင်းတို့ တိုမိုယာ တပည့်လောက် သတ္တိမရှိတဲ့ ကောင်တွေ...   

    ခြေထောက်ဖြင့် ထပ်ကန်ကျောက်တော့သည်။

သခင်မလေးနိုရီ ။    ။ အေး မင်းပြန်စာလိုချင်ရင် ငါစာတော့ မရေးပေးနိုင်ဘူး။ ပါးစပ်နဲ့တာ့ မှာလိုက်မယ်။ တိုမိုယာကို သေချာပြောလိုက် ဒီတစ်ခါ ထပ်လိမ်လို့ကတော့ တိုမိုယာရော၊ သူ့တပည့်ခေါင်းပါ နှစ်ခေါင်းလုံး အဖြတ်ခံရမယ်လို့...
    အင်း သခင်လေးလုပ်တာနဲ့ ကျွန်ုပ်ပါ အချောင်ပါသွားပြီဟု သက်ပြင်းချလျှက်၊

ကျွန်ုပ် ။        ။ ဟိုက်၊ ဟိုက်...
    ပြန်ဖြေကာ ခပ်သွက်သွက်လေး သခင်မလေးနိုရီ စိတ်မပြောင်းခင် လစ်ထွက်လာခဲ့တော့သည်။

ဆက်ရန်...
---------------------------------------------

No comments:

Post a Comment