Friday, February 25, 2011

စပိုင်ချစ်သူ အခန်း-၈ စပိုင်ဥက္ကဌနဲ့ တွေ့ဆုံခြင်း


အခန်း-၈
စပိုင်ဥက္ကဌနဲ့ တွေ့ဆုံခြင်း

ဆရာကီ၊ ဆရာကီ အော်သံနှင့် ကျွန်တော် ဆရာကီအနောက်မှ ပြေးလိုက်ရင်း တဖြည်းဖြည်းနဲ့ မျက်ခြေပြတ်သွားတော့သည်။ လူသူတစ်ယောက်တလေမှ မရှိတဲ့ တောအုပ်ကြီး တစ်ခုကြားတွင် ကျွန်တော် တစ်ယောက်ထဲ ယောင်လည်လည်ဖြင့် ကြောက်စိတ်များပင် ၀င်လာသည်။ ကျွန်တော် ဒီနေရာကို ဘယ်လို ရောက်လာသည်ကိုပင် လုံးဝ မမှတ်မိနိုင်တော့ချေ။ မှောင်နေသော တောအုပ်ထဲမှ၊

မီနို ။ ။ ကယ်ကြပါအုန်း...
အော်သံတစ်ခုထွက်ပေါ်လာသည်နှင့် ဒါမီနိုအသံပဲ တွေးမိသည်နှင့် မြှောက်ဘက်အရပ်သို့ အတင်းပြေး သွားတော့သည်။ အသံကြားသည့် နေရာသို့ ရောက်တော့ မီနိုပိုက်ခွန်ထဲမှာ ဖမ်းခံ ထားရသည်ကို တွေ့လိုက်ရ၍ ကျွန်တော် သူမအနားသို့ သွားရန် အလုပ်တွင်၊

မီနို ။ ။ ယမ်ချာ၊ အနားမလာနဲ့။ ထောင်ချောက်တွေရှိတယ်...
ကျွန်တော် ။ ။ မီနို၊ ငါတို့ ခုဘယ်နေရာရောက်နေတာလဲ။ ဂင်တို့ရော အားလုံး ဘယ်ရောက်ကုန်ပြီလဲ...
လူကြီး ။ ။ ဟားဟားဟား...
ရယ်သံတစ်ခုလုံး တောအုပ်ကြီးပင် ဟိန်းထွက်သွားတော့သည်။ ရယ်သံကြောင့် ကျွန်တော် တကိုယ်လုံး ကြက်သီးမွေးညှင်းထ လာမိသည်။ မီနိုကလည်း ကြောက်ပြီ မျက်ရည်များပင် စီးကျလာတော့သည်။ အရှေ့ဘက်မှ သစ်ပင်တွေ လှုပ်ခတ်လာပြီ အန္တာရာယ် တစ်ခုလာနေသည်ဟု ကျွန်တော် စိတ်ထဲက ခံစားနေမိသည်။ ထို့ကြောင့် ထိုနေရာကိုပင် သဲကြီးမဲကြီး ကျွန်တော် စိုက်ကြည့်နေမိသည်။ တောအုပ်ကြားမှ လူရိပ်တစ်ခုကို မသဲကွဲစွာ တွေ့မြင်လိုက်ရသည်။ ကြည့်ရင်း ကြည့်ရင်း ပိုပြီ ထင်ရှားလာသော အခါ ကျွန်တော် အနီးကပ်မြင်လိုက်ရသော လူကြီးမျက်နှာမှာ၊

ကျွန်တော် ။ ။ ကျောင်းအုပ်...



အာမေဋိတ်အသံဖြင့် ထအော်လိုက်မိရာမှ ချွေးသီးချွေးပေါက်များကျပြီ မက်နေသော အိပ်မက်မှ ရုတ်တရပ်လန့်နှိုးလာသည်။ ဘေးဗယ်ကို ကြည့်လိုက်တော့ အစည်အဝေးခန်းမ ထဲတွင်ပင် ရှိသေးသည်။ ဆရာမရွှီကို ကျွန်တော်တို့ လူငယ်စပိုင်တစ်ဖွဲ့လုံး အစည်းအဝေးခန်းမတွင် ထိုင်စောင့်ရင်း ကျွန်တော် အိပ်ပျော်သွား ပုံပေါ်သည်။ ကျောင်းအုပ်၊ ကျောင်းတက်တိုင်း နှိပ်စက်တာ အားမရလို့ အိပ်မက်ထဲမှာတောင် လာခြောက် သေးတယ်ဟု တွေးကာ ကြိမ်းဆဲနေမိသည်။ ဘာလို့ ဒီလောက်ဆိုးရွားတဲ့ အိပ်မက်တွေ မက်နေပါလိမ့်ဟု တွေးရင်း သက်ပြင်းတချက် ချနေစဉ်၊

ဟာရု ။ ။ ယမ်ချာ၊ နှိုးလာပြီလာဗျ။ ခင်ဗျာ နှိုးတာနဲ့ အတော်ပဲ သံဗူးမဖောက်တတ်လို့ ကူညီပေးပါအုန်း...
ကျွန်တော် ။ ။ သံဗူးတောင် မဖောက်တတ်ပဲ မင်းဘယ်လို စပိုင်လုပ်နေတာလဲကွ...
စိတ်တိုနေသာ ကျွန်တော် ဒေါသတွေကို ဟာရုအပေါ်သို့ မဆီမဆိုင် လွှဲချလိုက်သည်။ ကျွန်တော်မှာ အိပ်မက်ကြောင့် လန့်နှိုးပြီတာတောင် လန့်စိတ်က မပြေနိုင်သေးသည်။ မီနိုကို လှမ်းကြည့်လိုက်တော့လည်း မီနိုက ဘာမှမဖြစ်သော ပုံဖြင့် ကျွန်တော်ကို ရယ်ပြသည်။ တော်ပါသေးရဲ့ မီနိုရယ်၊ နင်ဘာမှ မဖြစ်လို့ပေါ့ မဟုတ်ရင်၊ ငါကိုယ်ငါ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး တွေးလိုက်မိသည်။ ဆရာမရွှီ အစည်းအဝေးခန်းမထဲ ၀င်လာပြီ၊

ဆရာမရွှီ ။ ။ တပည့်တို့ရေ မင်းတို့လေးတွေကို စပိုင်ဥက္ကဌနဲ့ တွေ့ဆုံပေးဖို့ ရှိတယ်။ အားလုံး မတ်တပ်ရပ် လိုက်ပါအုန်းကွယ်...
အလှပြင်ဆိုင်သွားလာပြီ လှပနေသော သူမဆံပင်ကို အပျော့လေးတွေကို လေပေါ်မှာ တ၀ဲဝဲလည်အောင် တမင်ခါးယမ်းနေတော့သည်။ စိတ်ထဲတွင် ကျွန်တော်တို့ကတော့ အသက်လုပြီ လုပ်ရတယ်၊ သူကတော့ အလှပြင်ဆိုင်သွားပြီ ခေါင်းသွားလျှော်တယ်၊ ဟွန်း မတရားလိုက်တာ။ ကျွန်တော်တို့ စပိုင်လူငယ် အားလုံးထိုင်နေရာမှ ထရပ်လိုက်ကြပြီ ဥက္ကဌကို ဂါရ၀ပြုတဲ့ အနေနဲ့ ခေါင်းကို ညွှတ်ထားကြသည်။ ဥက္ကဌမလာခင် စပိုင်ဘော်ဒီကဒ် ၅ယောက်လောက် ၀င်လာကြပြီ တံခါးဖွင့်တဲ့သူကဖွင့်၊ ပစ္စည်းသယ်သူကသယ်၊ နေရာချသူက ချဖြင့် ရှုတ်ရှက်ခတ်နေကြသည်။ ဥက္ကဌကြီးကို ကြည့်ရတာ တော်တော်ကြီးကျယ်ပြီ မောက်မာမယ့်ပုံပဲဟု တွေးနေစဉ်၊

ဥက္ကဌ ။ ။ ယမ်ချာ၊ မင်းလုပ်ဆောင်ချက်တွေ သိပ်ကောင်းတယ်လို့ ကြားတယ်။ ဂုဏ်ယူတယ်ကွာ...
တရင်းတနှီး အနောက်မှ ကျွန်တော်ပခုံးကို ပုတ်၍ နှုတ်ဆက်လိုက်သဖြင့် အံ့အားသင့်စွာ ဥက္ကဌကို လှည့်ကြည့်လိုက်ရာ၊

ကျွန်တော် ။ ။ ဟင်... ကျောင်းအုပ်က စပိုင်ဥက္ကဌ...
ဥက္ကဌ ။ ။ ဟားဟား။ ယမ်ချာ၊ မင်းအံ့ဘြသွားမယ်ဆိုတာ ငါသိပြီသားပါ။ အေး၊ အားလုံး ထိုင်ကြ...
ကျောင်းအုပ်ကို စပိုင်ဥက္ကဌဆိုသည်ကို ကျွန်တော်မှာ မယုံမကြည်နိုင် ဖြစ်နေမိသည်။ ဟာရုက ကျွန်တော်နားသို့ ကပ်လာပြီ၊

ဟာရု ။ ။ ယမ်ချာ၊ ခင်ဗျာနဲ့ ဥက္ကဌနဲ့ အရမ်းရင်းနှီးပုံရတယ်နော်...
ကျွန်တော် ။ ။ အေး၊ ရင်းနှီးတယ် ဆိုရမှာပေါ့...
ဟာရု ။ ။ ဟိုလေ၊ ကျွန်ုပ်ကိုလည်း ဥက္ကဌကြီးနဲ့ မိတ်ဆက်ပေးပါလားဗျာ။ ဥက္ကဌက ကျွန်တော်ကို တခါမြင်ပြီ မေ့မေ့သွားလို့ပါ...
ကျွန်တော် ။ ။ ဟင့်ဟင့်၊ နှိုးပဲ...
ဟာရု ။ ။ လုပ်ပါနော်...
ဟာရုနဲ့ ကျွန်တော် တိုးတိုးတိတ်တိတ် စကားပြောနေစဉ် ဆရာမရွှီရောက်ချလာပြီ ကြီးမားသော သူရင်ဘတ်ကြီးဖြင့်၊

ဆရာမရွှီ ။ ။ နင်တို့တွေ ဥက္ကဌရောက်နေတာကို မခန့်လေးစားနဲ့ အတင်းပြော နေကြတယ်ပေါ့လေ။ ဒေါင်...
ကျွန်တော်ခေါင်းနဲ့ ဟာရုခေါင်းခြင်းတိုက် ပေးလိုက်တာ ခေါင်းပေါ်မှာ ကြယ်ပွင့်လေးတွေ လည်ပြီ ထိုနေရာမှပင် မူးဝေသွားတော့သည်။

ဥက္ကဌ ။ ။ ဆူဇူကီအမှုနဲ့ ပတ်သက်ပြီ မင်းတို့ စပိုင်လူငယ်အဖွဲ့ အားလုံးကို ကျေးဇူးတင်တဲ့ အကြောင်း ဦးစွာ ပြောချင်ပါတယ်။ ဆူဇူကီ လုပ်ကြံခံလိုက်ရတဲ့အတွက် ဒီအမှုကိုလည်း ဒီမှာတင်ပိတ်လိုက်တဲ့ အကြောင်းလည်း အသိပေးချင် ပါတယ်...
ဆူဇူကီအမှုကို ပိတ်လိုက်ဟု ပြောလိုက်သဖြင့် ဥက္ကဌကို ကျွန်တော်တချက် လှမ်းကြည့်လိုက်မိသည်။ ကျွန်တော်မေးချင်သည်ကို ဥက္ကဌက ရိပ်မိသော်လည်း ခပ်ပြုံးပြုံးကာ အစည်အဝေးခန်းမထဲမှ ထွက်သွားတော့သည်။ ဆူဇူကီသေသွားပေမယ့် ဆူဇူကီနဲ့ ပတ်သက်ပြီ စာရွက်စာတမ်းတွေ ဆက်လက်မစုံစမ်းတာရယ်၊ လူသတ်တရားခံကို မဖော်ထုတ်တာရယ်တွေကို ကျွန်တော် စိတ်ထဲမှာ မတင်မကျဖြစ်နေစဉ်၊

ဆရာမရွှီ ။ ။ ယမ်ချာ၊ ခဏနေရင် ဥက္ကဌက သူ့ရုံးခန်းထဲ လာခဲ့ဖို့ မှာခဲ့တယ်ကွယ်...
ကျွန်တော် ။ ။ ဗျာ၊ ဟုတ်ဟုတ်ကဲ့...
ဟင်... ဥက္ကဌများ ကျွန်တော်အတွေးအားလုံးကို ဖတ်နိုင်နေလားဟု တံတွေးကို မျိုချလိုက်မိသည်။

ဆရာမရွှီ ။ ။ မင်းတို့လေးတွေကို ဥက္ကဌက ဆုကြေးအနေနဲ့ ဆုငွေတွေ ပေးခဲ့တယ်ကွယ်။ ရော့ မီနို၊ ဟာရု၊ ဂါဂျက်၊ ယမ်ချာတို့ရဲ့ ဘဏ်စာရင်း စာအုပ်လေးတွေ လက်ဆင့်ကမ်းလိုက်ပါအုန်း။ ဂင်ကတော့ တာဝန်ပေါ့လျှော့မှုနဲ့ ဆုငွေ အပိတ်ခံတယ်ကွယ်၊ ဆရာမ စိတ်မကောင်းပါဘူး...

ဂင်မျက်နှာကို လှမ်းကြည့်လိုက်ကာ ကျွန်တော်ကြောင့် ဖြစ်ရတာမို့၊
ကျွန်တော် ။ ။ စိတ်တော့ မကောင်းပါဘူး ဂင်ရာ...
ဂင် ။ ။ ကိစ္စ မရှိပါဘူး။ ကျွန်ုပ်အတွက် ဒီဆုကြေးငွေက ဘာမှ မပြောပလောက်ပါဘူး...
ကျွန်တော် ။ ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကြောင့် ခင်ဗျာ အပြစ်ပေးခံရတယ် ဆိုတော့၊ ကျွန်တော် ဆုကြေးတ၀က်ကို ခင်ဗျာ...
စကားပင် မဆုံးသေးခင် ဘဏ်စာအုပ်လည်း ဖွင့်လိုက်ရော ယမ်း ၁သန်းလို့ မြင်လိုက်သည်နှင့်၊

ကျွန်တော် ။ ။ ဟားဟားဟား...
ဂင်ရေ၊ တ၀က်မပြောနဲ့ ၁ယမ်းတောင် မပေးနိုင်ဘူး တွေးအော်ကာ ထခုန်လိုက်တော့သည်။ ကျွန်တော် အိမ်မက်မက်နေတာပဲ၊ ဖြစ်ရမယ်ဟု တွေးမိသည်နှင့် ဟာရုခေါင်းကို တချက်ခေါက်ချလိုက်သည်။

ကျွန်တော် ။ ။ ဒေါင်...
ဟာရု ။ ။ နာလိုက်တာဗျ၊ ယမ်ချာ ခင်ဗျာ ကျွန်တော်ကို ဘာလို့ ခေါက်တာလဲ...
ကျွန်တော် ။ ။ မင်းနာတယ်ဆို၊ အိပ်မက်မဟုတ်ဘူးပေါ့၊ ပျော်လိုက်တာကွာ...

ဝမ်းသာလုံးစို့ပြီ ဟာရုကို ပြေးဖက်လိုက်ပြီမှ ပြန်တွန်းထုတ်လိုက်သည်။ ယမ်း၁သန်းရှိပြီ ဆိုရင် ကားဝယ်မယ်၊ မီနိုကိုယူမယ်၊ လာဆမ်နီယားကို နေ့တိုင်းစားမယ်၊ ဆာကေးနဲ့ လျှောက်မယ်ကွဟု ကြိမ်းဝါးလိုက်သည်။ ပျော်ရွှင်စွာ ဥက္ကဌအုပ်ရုံးခန်းသို့ ထွက်လာခဲ့သည်။

ဥက္ကဌ ။ ။ ယမ်ချာ လာတာနဲ့ အတော်ပဲ၊ ထိုင်...
ကျွန်တော် ။ ။ ကျောင်းအုပ်၊ အယ်မှားလို့ ဥက္ကဌ။ ဆုကြေးငွေအတွက် ကျေးဇူးပဲဗျာ...
ဥက္ကဌ ။ ။ ခုပေးတဲ့ဆုကြေးငွေက သုံးပုံ၁ပုံပဲ ရှိပါသေးတယ်။ မင်းဘွဲ့ရမှ ကျန်တဲ့ ဆုကြေးငွေ သုံးပုံ၂ပုံ (ယမ်း၂သန်း)ကို ထုတ်လို့ရအောင် စီစဉ်ထားတယ်...
ကျွန်တော် အာမေဋိတ်အသံဖြင့်၊
ကျွန်တော် ။ ။ ဗျာ၊ ဆုကြေးငွေ ယမ်း၃သန်းတောင် ပေးတာ။ ဟိဟိဟိ...
ဆာကေးရေ ကိုကြီး ယမ်း၂သန်းတော့ လွှတ်ပစ်ရတော့မယ် ထင်ပါတယ်ကွာဟု ငိုကြွေးတော့သည်။

ဥက္ကဌ ။ ။ ပြီတော့ ဆူဇူကီအမှုနဲ့ ပတ်သက်ပြီ မင်းအမြင်လည်း ငါသိချင်လို့ အခေါ်လိုက်တာ...
ကျွန်တော် ။ ။ ကျွန်တော်အမြင်ကို ပြောရမယ်ဆိုလျှင် ဆူဇူကီက ဓာတ်ပုံထဲကထက် ပိုရုပ်ဆိုးတယ်ဗျ...
ကျွန်တော်အဖြေကို ကျောင်းအုပ် တော်တော် စိတ်ပျက်သွားပုံဖြင့် ကျောင်းအုပ်က ပြုံးလိုက်ပြီ၊

ဥက္ကဌ ။ ။ ယမ်ချာ၊ မင်းတော်တော် နောက်တတ်တယ်ကွာ။ ဆူဇူကီရုပ်ဆိုးတာ၊ ချောတာ မေးနေတာ မဟုတ်ပါဘူး။ ဆူဇူကီအမှုမှာ ဘာချို့ယွင်းချက်ရှိလဲ မင်းသတိထားမိလား သိချင်လို့ပါ...
ဒီနေ့ အမှုတစ်ခုလုံးကို ကျွန်တော် အတွေးထဲမှာ ပြန်ပြီ ပုံဖော်ကြည့်လိုက်သည်။ ကျွန်တော် သတိထားမိတာကတော့ ဂင်တို့ရော၊ ကျွန်တော်ပါ စခန်းတံခါးတွေကို အလွယ်တကူဖွင့်ပြီ ၀င်ထွက်နိုင်ခြင်းပင် ဖြစ်သည်။ ဆူဇူကီလို တကယ်ထူးချွန်တဲ့ စပိုင်တစ်ဦး၏ စခန်းကို ဒီလို ၀င်ထွက်နိုင်ဖို့ဆိုတာ အမှန်ဆိုလျှင် မဖြစ်နိုင်ချေ။ ဒါကြောင့် တမင်အကွက်ချပြီ ၀င်နိုင်အောင် လုပ်ထားခြင်းပင် ဖြစ်လိမ့်မည်ဟု တွေးမိသည်နှင့်၊

ကျွန်တော် ။ ။ ချို့ယွင်းချက်ဆိုလို့ ဆူဇူကီက သူ့စခန်း တံခါးတွေကို တမင်ဖွင့်လို့လွယ်အောင် လုပ်ထားပေးတာပဲဗျ...
ဥက္ကဌ ။ ။ ယမ်ချာ မင်းသိပ်တော်တယ်။ ဆူဇူကီ ဘာလို့ တမင်ဖွင့်လို့လွယ်အောင် လုပ်ထားတာလဲ ဆိုတာ အဓိကမေးခွန်းပဲကွ။ အဲဒီအဖြေကို စဉ်းစားလို့ရရင် ဆူဇူကီကိုသတ်တဲ့ လူသတ်တရားခံကို သိပြီ။ မင်းသေချာ စဉ်းစားပြီ အဖြေရခဲ့ရင် ငါကိုချက်ချင်း သတင်းပို့...
ကျွန်တော် ။ ။ ဟုတ်ကဲ့...
ဥက္ကဌ အပြောကို ကျွန်တော်စိတ်ထဲ နားမရှင်းစွာဖြင့် ရုံးခန်းထဲမှ ခေါင်းငိုက်စိုက်ပြီ ပြန်ထွက်လာရင်း ဆရာမရွှီနဲ့မှ ၀င်တိုက်မိတော့သည်။

ဆရာမရွှီ ။ ။ နင်၊ ငါတစ်ယောက်လုံး လာတာကို မမြင်ရကောင်းလား၊ ခွက်...
ခွက်ခနဲမြည်အောင် ခေါင်းကို ခေါက်ချလိုက်သည်။

ကျွန်တော် ။ ။ အမယ်လေးဗျ နာလိုက်တာ...
ဆရာမရွှီ ။ ။ ယမ်ချာ၊ မင်းဥက္ကဌအခန်းက ပြန်လာတာမဟုတ်လား...
ကျွန်တော် ။ ။ ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ...
ဆရာမရွှီ မျက်နှာ ချက်ချင်းပြုံးရွှင်သွားကာ၊ ကြီးမားသော သူမရင်ဘတ်ကြီးဖြင့် ကျွန်တော်နားသို့ တိုးလာလေ နောက်ဆုတ်ရင်းနဲ့ နံရံမှာ သွားကပ်နေတော့သည်။

ဆရာမရွှီ ။ ။ မင်းလေးကို ဥက္ကဌ ဘာတွေပြောလိုက်လဲ ဆရာမကို အသေးစိတ် ပြန်ပြောပြစမ်း...
ကျွန်တော် ။ ။ ဟိုဟို၊ ပြောတာက ပြောလို့ရတယ်။ ဒါပေမယ့် ကျွန်တော်အနား သိပ်မကပ်နဲ့ဗျို့...
သည်းမခံနိုင်တော့တဲ့ အဆုံး ကျွန်တော် ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။ ဆရာမရွှီလည်း လန့်ပြီ ထွက်ပြေးသွားတော့သည်။ ဘယ်လို ဆရာမရွှီမှန်းကို မသိဘူး သိချင်ရင် ကျောင်းအုပ်ကို ကိုယ်တိုင်သွားမေးပါ့လားဟု ပါးစပ်မှ ပျစ်တောက်ပျစ်တောက် ပြောရင်း ဆာကေးရှိရာ အိမ်သို့ အမြန်ခုန်ပေါက်ပြေးတော့သည်။ "ဆာကေးရေ၊ ကိုကြီးတော့ သူဌေးဖြစ်ပြီကွ" ဟုအော်ကာ အိမ်ထဲသို့ ပြေးအ၀င်၊

ဆာကေး ။ ။ ကိုကြီး ပြန်လာတာနဲ့ အတော်ပဲ၊ ဖက်တီး အိမ်ရှေ့ခန်းမှာ စောင့်နေတာကြာပြီ...
ကျွန်တော် ။ ။ ဘာ၊ ဖက်တီးရောက်နေတယ်။ ဆာကေးရေ၊ ကိုကြီး လစ်ပြီဟေ့...
ဖက်တီး ဆိုသည့် နံမည်ကြားလိုက်သည်နှင့် ထွက်ပြေးရန် ကြံသော်လည်း၊

ဖက်တီး ။ ။ ယမ်ချာ၊ မင်းဒီလို ပြေးလို့ ဘယ်ရပါ့မလဲကွ...
ဖက်တီးက လက်ဦးစွာ ကျွန်တော်ခြေထောက်ကို အတင်းဆွဲထားတော့သည်။ ဖက်တီးမျက်နှာမှာလည်း ကျွန်တော်ထိုးထားသည့် လက်သီးရာတွေဖြင့် စုတ်ပြတ်နေ၍  ကျွန်တော် မျက်နှာချိုသွေးပြီ၊

ကျွန်တော် ။ ။ ဖက်တီး၊ ဖြစ်မှ ဖြစ်ရလေကွာ။ မင်းကို ဒီလိုဖြစ်အောင် ဘယ် သူတောင်းစား လုပ်လိုက်တာလဲကွ...
ဖက်တီး ။ ။ ဘယ် သူတောင်းစားမှ မဟုတ်ဘူး။ အဲဒါ အားလုံး မင်းပဲ...
ဟင်၊ ဒုက္ခပါပဲ ဖက်တီး ဆိုတဲ့ကောင် အသံဖြတ်ထားတာတောင် ကျွန်တော်ကို မှိတ်မိနေသေးတယ် တွေးလိုက်ကာ၊

ကျွန်တော် ။ ။ တောင်းပန်ပါတယ်၊ တိုးတိုးပြောပါကွာ ဆာကေး၊ ကြားသွားပါအုန်းမယ်...
ဖက်တီး ။ ။ မင်းငါကို လူမိုက်ယောင်ဆောင်ပြီ ထိုးတုန်းက ထိုးပြီ ဘာခုမှ ကြောက်နေတာလဲ...
ဆာကေးက ကျွန်တော်တို့ ပြောနေသည်ကို နားစွင့်နေ၍ ဖက်တီးကို ကျွန်တော် အိပ်ခန်းထဲသို့ အတင်းဆွဲခေါ်သွားရသည်။

ကျွန်တော် ။ ။ ဒီနေ့ကိစ္စကို ငါတောင်းပန်တယ်ကွာ။ ငါလည်း မလွှဲသာလို့ လုပ်ရတာ...
ဖက်တီး ။ ။ မင်း အဲဒီအတွက် ပိုက်ဆံ ဘယ်လောက်ရလိုက်လဲ...
ကျွန်တော် ။ ။ ဟို၊ ဟို၊ ဟို ယမ်း ယမ်း တစ်ရာ...
ဖက်တီး ။ ။ ဘာ၊ မဖြစ်နိုင်တာ မပြောနဲ့။ အေး မင်းအမှန်တိုင်း ပြောရင်ပြော၊ မပြောရင် ဆာကေးကို အားလုံး သွားပြောမယ်...
ကျွန်တော် ။ ။ အမှန်တိုင်း ပြောပါမယ်ကွာ။ ငါလည်း ယမ်း ၁ထောင်ပဲ ရတာပါ။ လာဆမ်နီယား၂ခု ၀ယ်စားလို့ရရင် ပြီရောဆိုပြီ လုပ်မိတာပါကွာ...
ဖက်တီး ။ ။ မင်း ထပ်ညာနေတာမလား...
ကျွန်တော် ။ ။ မညာရဘူးကွာ အမှန်တိုင်းပါ...
ဖက်တီး ။ ။ မင်းက ယမ်း၁ထောင်လေးရတာနဲ့ ငါကို ထုရိုက်တယ်ပေါ့လေ။ ငါက ယမ်း၁၀၀၀ပဲ တန်ဖိုးရှိတဲ့ သဘောပေါ့။ ဟိဟိဟိ...
ဖက်တီးငိုကျွေးတော့သည်။ ကျွန်တော်လည်း ပြန်တောင်းပန်ရမလား၊ ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ်၊

ဖက်တီး ။ ။ မကျေနပ်ဘူးကွ။ အဲဒီပိုက်ဆံ အားလုံး ငါလိုချင်တယ်၊ ခုပေး...
ကျွန်တော် ယမ်း၁ထောင်ကို မပေးချင် ပေးချင်ဟန်ဆောင်၍ လက်တွန့်ကာ ဖက်တီး လက်ထဲသို့ ထည့်ပေးလိုက်သည်။ ဖက်တီးလည်း ကျေနပ်ဝမ်းသာစွာဖြင့် အိမ်ထဲကလည်း ထွက်သွားမှ၊

ကျွန်တော် ။ ။ ဆာကေး၊ ကိုကြီး ဒီနေ့ကစပြီ စာကြိုးတော့မယ်။ ဘွဲ့ရကို ရစေရမယ်ကွ...
ဆာကေးက အံ့အားသင့်စွာဖြင့် ကျွန်တော်ကို ငေးကြည့်နေပြီ၊

ဆာကေး ။ ။ ကိုကြီး တကယ်ပြောတာလား၊ ၀မ်းသာလိုက်တာဗျာ...
ကျွန်တော် ။ ။ ဟားဟားဟား၊ တကယ်ပေါ့...
ဟဲဟဲ၊ ကျွန်တော် ဘွဲ့ရမှ ကျန်တဲ့ ယမ်း ၂သန်းကို ထုတ်လို့ရမှာ ဖြစ်သောကြောင့်ပင်။

ကျွန်တော် ။ ။ ပြီတော့ ဒီနေ့ လာဆမ်နီယား ကိုကြီး လိုက်ကျွေးမယ်။ မင်း ကြိုက်သလောက်သာစား...
ဆာကေး ။ ။ ဒီနေ့ ကျွန်တော်အပျော်ဆုံးနေ့ပဲဗျာ။ ကိုကြီးဆီက မကြားဖူးတာတွေပဲ ကြားနေရတယ်...
ကျွန်တော်နဲ့ဆာကေး တစ်ယောက် ပခုံးကို တစ်ယောက်ဖက်ရင်း လာဆမ်နီယားဆိုင်သို့ လမ်းလျှောက် ထွက်ခွာလာကြသည်။ လာဆမ်နီယားဆိုင်သို့ သွားလမ်း လူရှင်းသော နေရာတစ်ခုတွင် ကျွန်တော်တို့ နောက်မှ လူတစ်ယောက် နောက်ယောင်ခံ လိုက်နေသည်ဟု ရှုတ်တရပ် ခံစားလိုက်ရသည်။ မသိမသာ သွားနေသော ခြေလှမ်းများကို ရပ်တန့်ကာ နောက်သို့ လှည့်လည်းကြည့်လိုက်ရော၊

---------------------------------------------------
ဆက်ရန်..........

2 comments:

  1. ဘာတွေ့သွားလဲဟင်.. >.<
    သိချင်လာပီ

    ReplyDelete