Friday, March 11, 2011

စပိုင်ချစ်သူ - အခန်း-၁၁ (မမျှော်လင့်ထားသော ဖြစ်ရပ်)


အခန်း-၁၁
မမျှော်လင့်ထားသော ဖြစ်ရပ်

စပိုင်လေ့ကျင့်ရေးပြီလို့ အိမ်သို့ ပြန်လာခဲ့သည်။ စပိုင်Training ကြောင့် ကျွန်တော်မှာ တကိုယ်လုံး ထုရိုက်ထားသလို နွမ်းပန်းနေတော့သည်။ အိမ်ပြန်လမ်းတွင် တိုက်တိုက်ဆိုင်ဆိုင် ဖက်တီးနဲ့မှ ပက်ပင်းတိုးတော့သည်။ ဖက်တီးက ငိုမဲ့ငိုမဲ့မျက်နှာဖြင့်၊

ဖက်တီး ။ ။ ယမ်ချာ မင်းကိုတွေ့တာနဲ့ အတော်ပဲကွာ။ ငါဘတ်စ်ကားပေါ်မှာ ပိုက်ဆံအိတ်မေ့ကျန်ခဲ့လို့။ ငါ အမေနေမကောင်းလို့ ဆေးဝယ်ပေးဖို့ ယမ်း ၁ထောင်လောက် ချေးပါနော်...
ကျွန်တော် ။ ။ အေးကွာ။ မင်းအမေအတွက် ဆိုရင်...
စကားမဆုံးသေးခင် ဖက်တီး ပြောနေသည့် အသံနှင့် မျက်နှာထားကို ခန့်မှန်းကြည့်ပြီ ဖက်တီး၊ ကျွန်တော်ကို လိမ်နေသည်ဟု ကျွန်တော် ခံစားလိုက်ရသည်။ ဒီကောင် ဖက်တီးတော့ကွာ အရင်တုန်းက ကျွန်တော်ကို ဘယ်လောက်များ လိမ်ညာခဲ့သည် မသိပေ။ စပိုင်Trainingမှာ လူလိမ်ဖော်ထုတ်နည်း လေ့ကျင့်ခဲ့သည်မှာ ခုမှအကျိုးရှိမှန်းသိတော့သည်။  လိမ်နေတာ သိရက်နဲ့ ဖက်တီးကို ယမ်း ၁ထောင်ပေးခဲ့ပြီ အောက်သက်သက်ဖြင့် အိမ်သို့ ပြန်လာခဲ့သည်။ အိမ်တံခါးကို ဖွင့်လိုက်သည်နှင့် ဆာကေးက အပြေးအလွှားဖြင့်၊



ဆာကေး ။ ။ ကိုကြီး ပျောက်လို့ ကျွန်တော်မှာ တစ်ကျောင်းလုံး လိုက်ရှာနေတာ။ ထမင်းတောင် ခုထိမစားရသေးဘူး...
ကျွန်တော် ။ ။ အေးကွာ၊ ငါလည်း အလုပ်လေးရှိ...
ဟင်၊ ဆာကေး မျက်နှာဘေးနှင့် လေသံအရ ဆာကေး ဒီကောင်လည်း ငါကို လိမ်ပြန်ပြီဟု ဒေါသူပုန်ထနေတော့သည်။ စိတ်ထဲမှာလည်း ဆာကေး၊ မင်းကပါ ငါကို လိမ်တယ်ဟု ဆွေ့ဆွေ့ခုန်နေသည်။ အိမ်ခန်းထဲက ကုတင်ပေါ်တွင် လှဲလျောင်းကာ နားနေတုန်း ဖုန်းသံမြည်လာ၍ ထကိုင်လိုက်သည်။

ကျွန်တော် ။ ။ ဟယ်လို...
အရေးကြီး သုတ်ပျာ အသံဖြင့် တစ်ခါမှ မကြားဖူးသော လူတစ်ယောက်အသံကို ကြားလိုက်ရသည်။

အမျိုးသား ။ ။ ခင်ဗျာက ယမ်ချာလား...
ကျွန်တော် ။ ။ ဟုတ်တယ်...
အမျိုးသား ။ ။ ခင်ဗျာကို ကျွန်ုပ် အရေးတကြီး သတိပေးချင်လို့။ ကျွန်ုပ် ဘယ်သူလည်း ဆိုတာ ခင်ဗျာ မသိချင်နဲ့။ ကျွန်ုပ် ပြောတာကိုပဲ နားထောင်...

ဒီလူ စကားကို ကြားပြီ မျက်လုံးအနည်းငယ်ပြူး သွားမိသည်။ ထိုလူပြောသော စကားကို ဆက်နားထောင်နေလိုက်သည်။

အမျိုးသား ။ ။ ဆူဇူကီကို လုပ်ကြံတဲ့သူက ခင်ဗျာသိတဲ့ စပိုင်ထဲကပဲ။ အမှန်က ဆူဇူကီက တမင်နှုတ်ပိတ်ခံလိုက်ရတာ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီ သိနေတဲ့ မည်သူမဆိုကို သူက သတ်မှာပဲ။ ခင်ဗျာတို့ လူငယ်စပိုင်တစ်ဖွဲ့လုံးလည်း ရှင်းတဲ့ စာရင်းထဲမှာ ပါလိမ့်မယ် သတိနဲ့သာနေ။ တီ၊ တီ၊ တီ...

ဖုန်းကို ချသွားတော့သည်။ ဖုန်းကို ကိုင်လျှက်ဖြင့် ကျွန်တော် ၂မိနစ်ခန့် မလှုပ်မရှပ်ပဲ ရပ်နေမိသည်။ ဘယ်ကဖုန်းလည်း၊ ဘယ်သူဆက်တာလဲ။ ကျွန်တော်ကို နောက်တဲ့ဖုန်းလား၊ နောက်တယ် ဆိုရင်ရော ဘာလို့ ဆူဇူကီ အကြောင်းကို သိနေရတာလဲ မေးခွန်းများစွာထဲမှာ ရှုတ်ရှပ်ခတ်သွားတော့သည်။ ထိုအချိန်တွင် အိမ်အောက်ထပ်မှ တံခါးဘဲလ်တီးသံကြောင့် ကျွန်တော် နှလုံးခုန်နှုန်းတွေ ပိုမြန်သွားတော့သည်။ အောက်ထပ်သို့ အမြန်ပြေးဆင်း လာခဲ့သည်။ အောက်ထပ်ရောက်တော့ ဆာကေးက တံခါးကို ဖွင့်ရန် ဟန်ပြင်နေ၍၊

ကျွန်တော် ။ ။ ဆာကေး မဖွင့်နဲ့...
ကျွန်တော်စကား မဆုံးသေးခင် ဆာကေး ဖွင့်လိုက်တော့သည်။

ဆာကေး ။ ။ ကိုကြီးကလည်း ဘယ်သူမှ မဟုတ်ပါဘူး။ မီနိုပါ...
တော်ပါသေးရဲ့ သက်ပြင်းချလိုက်ပြီ မီနိုရှိရာ တံခါးပေါက်သို့ ဆင်းလာခဲ့သည်။ မီနိုကို မြင်လိုက်ရတော့ ကျွန်တော် အရမ်းလန့်သွားမိသည်။ မီနို မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြင့် အားမရှိသော ပုံစံမျိုး ဖြစ်နေသောကြောင့်ပင်။

ကျွန်တော် ။ ။ မီနို၊ နင် နေမကောင်းဘူးလား...
မီနို ။ ။ ယမ်ချာ၊ ငါအရမ်းကြောက်တယ်။ ဟိ၊ ဟိ၊ ဟိ...
ကျွန်တော်ကို ပြေးဖက်ကာ ရုံးပွဲချ ငိုကြွေးတော့သည်။ မီနိုဘာလို့ ငိုနေမှန်းမသိပဲ၊ မီနိုကို ချော့နေတုန်း ဘေးမှ ဆာကေးက တဖန်၊

ဆာကေး ။ ။ ဟိ၊ ဟိ၊ ဟိ...
ကျွန်တော် ။ ။ ဟေ့ကောင်၊ ဆာကေး မီနိုက ငိုလို့ ချောနေပါတယ်ဆိုမှ။ မင်းက တစ်မှောက် ဘာလို့ ငိုရပြန်ပြီလဲ...
ဆာကေး ။ ။ ကိုကြီးနဲ့ မီနိုနဲ့ကြိုက်သွားပြီ မဟုတ်လား။ ဟိ၊ ဟိ၊ ဟိ...
ကျွန်တော် ။ ။ အာ၊ မကြိုက်သေးပါဘူး။ ငါလည်း သူဘာလို့ ငိုမှန်းမသိပါဘူးကွာ...
ဆာကေး ။ ။ ဟီးဟီး။ ဒါဆို တော်ပါသေးရဲ့...
ပျော်ရွှင်စွာဖြင့် ဆာကေး ထွက်သွားတော့သည်။ ဆာကေးထွက်သွားမှ အိမ်အပြင်သို့ မီနိုကို ခေါ်ထုတ်လာခဲ့ပြီ၊

ကျွန်တော် ။ ။ မီနို၊ မဟုတ်မှလွှဲရော နင်ဆီကိုလည်း ဆူဇူကီနဲ့ ပတ်သက်ပြီ လူတစ်ယောက် ဖုန်းဆက်တယ် မဟုတ်လား...
မီနို ။ ။ ဟုတ်တယ်၊ ယမ်ချာ နင်လည်း သိတယ်ပေါ့...
ကျွန်တော် ။ ။ အေး...
မီနို ။ ။ ငါလည်း အရမ်းကြောက်ပြီ နင်ဆီကို တန်းပြေးလာခဲ့တာပဲ...

ဒီကိစ္စက လွယ်လွယ်နဲ့တော့ ပြီမည့်ကိစ္စမဟုတ်ပေ။ ကျွန်တော်ကို ဖုန်းဆက်သလို၊ မီနိုဆီလည်း ဆက်သွယ်တာမို့ ကျန်တဲ့ ဂင်၊ဟာရုနှင့် ဂါဂျက်တို့ဆီလည်း ဆက်သွယ်မည်ဟု ခန့်မှန်းနိုင်သည်။ ဒါကြောင့် ကျွန်တော်တို့ လူငယ်စပိုင်အဖွဲ့ တွေ့ရန် လာဆမ်နီးယားဆိုင်သို့ ချိန်းလိုက်သည်။ မီနိုနဲ့တူတူ လာဆမ်နီးယားဆိုင်သို့ လမ်းလျှောက်လာတဲ့ အတော်အတွင်း ညရနာရီလောက် ထိုးပြီမို့ သတိဝိရိယအပြည့်နဲ့ ထွက်လာခဲ့သည်။ လာဆမ်နီးယားဆိုင် ထဲတွင် ဂင်၊ ဟာရု၊ ဂါဂျက်တို့ အားလုံးလည်း ရောက်နှင့်နေကြသည်။ ကျွန်တော် ထင်ထားသည့်အတိုင်းပင် ဂင်၊ ဟာရုနှင့် ဂါဂျက် အားလုံးဆီကိုလည်း ကျွန်တော်ဆီဆက်သည့် အချိန်မတိမ်းပင် ဖုန်းဆက်ခဲ့သည်။ ဟာရုက ကြောက်လွန်းလို့ ကတုန်ကယင်ဖြစ်နေသည်။

ကျွန်တော် ။ ။ ခင်ဗျာတို့ ဒီကိစ္စကို ဘယ်လိုမြင်လဲ...
ဂါဂျက် ။ ။ ဒီလူအသံကို ကျွန်ုပ် အသံဖမ်းထားတယ်။ ခင်ဗျာတို့ ပြန်နားထောင်ချင်လား...
မီနို ။ ။ ဟင့်အင်း၊ မနားထောင်ချင်တော့ဘူး...
ဟာရု ။ ။ ယမ်ချာ၊ ကျွန်တော်လည်း ကြောက်တယ်ဗျ...
ကျွန်တော်နား အတင်းလာတွယ်ကပ်နေသဖြင့် မနည်းတွန်းထုတ်နေရသည်။

ဂင် ။ ။ ဂါဂျက် အဲဒီလူအသံကို မင်းခွဲခြားစိစစ် ပေးလို့ရမလား...
ဂါဂျက် ။ ။ ကျွန်ုပ်လည်း စမ်းကြည့်ပြီပြီ အဆင်မပြေဘူးဗျ။ သူက အသံဖြတ်စက်နဲ့ ဆက်တာ ဖြစ်တာမို့ ယောကျာ်းသံ ဆိုပေမယ့် အမျိုးသမီးလည်း မဖြစ်နိုင်ဘူးလို့ ပြောလို့ မရဘူး...
ကျွန်တော် ။ ။ အမျိုးသားပဲ ဖြစ်ဖြစ်၊ အမျိုးသမီးပဲ ဖြစ်နေနေ ဒီလူက ဆူဇူကီအမှုနဲ့ ပတ်သက်နေတဲ့ လူဆိုတာသေချာတယ်။ ဒါကြောင့် ဆူဇူကီကို သတ်တဲ့ လူသတ်တရားခံ ဘယ်သူလဲ သိရင် အဖြေထွက်ပြီ...

ဂင်၊ ဟာရု၊ မီနို၊ ဂါဂျက် အားလုံး စဉ်းစားတွေးဝေသွားပုံပင်။ ကျွန်တော် အနေနဲ့လည်း ကျွန်တော်စိတ်ထဲတွင် လူသတ်တရားခံလို့ ထင်ပြီသား လူတစ်ယောက် တော့ရှိသည်။

ဂင် ။ ။ ကျွန်ုပ်တို့ အမှုတစ်ခုလုံးကို ရိုးရိုးရှင်းရှင်းပဲ စဉ်းစားလိုက်မယ်။ ကျွန်ုပ်တို့အားလုံးကို ဆူဇူကီ အမှုလိုက်ဖို့ ဘယ်သူ အမိန့်ပေးခဲ့တာလဲ...
ကျွန်တော် ။ ။ ဆရာမရွှီလေ...
ဂင် ။ ။ ဒါဆို အဖြေက ရှင်းနေပြီပဲ။ လူသတ်တရားခံက သူပဲပေါ့...
ကျွန်တော် ။ ။ မဖြစ်နိုင်ဘူး။ ဆရာကီပဲ ဖြစ်ရမယ်။ မဟုတ်ရင် ဆူဇူကီသေပြီမှ ဘာလို့ ဆရာကီ ပေါ်လာသေးလဲ...
ဂင် ။ ။ မဟုတ်ဘူး။ ဆရာမရွှီ...
ကျွန်တော် ။ ။ ဆရာကီ...
ဂင် ။ ။ ဆရာမရွှီ...
ကျွန်တော် ။ ။ ဆရာကီ...
ဟု အပြန်အလှန် ငြင်းခုံနေကြစဉ် ဂါဂျက် ကျယ်လောင်သော အသံဖြင့်၊

ဂါဂျက် ။ ။ နေကြအုန်း။ ခင်ဗျာတို့ နှစ်ယောက်စလုံး မေ့နေတဲ့ သူတစ်ယောက် ကျန်ပါသေးတယ်။ ဥက္ကဌ(ကျောင်းအုပ်)လည်း ဖြစ်နိုင်တာပဲ...

ဥက္ကဌဟု ဂါဂျက်ဆီမှ ကြားလိုက်ရ၍ အံ့အားသင့်သွားတော့သည်။ ဂင်လည်း လုံးဝမထင်မှတ်ထားပုံပေ။

ဟာရု ။ ။ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်တော့ မသေချင်သေးဘူးဗျ။ ဟိ၊ ဟိ၊ ဟိ...
မီနို ။ ။ ငါတို့ ဘယ်လို ဆက်လုပ်မလဲဟင်...
ကျွန်တော် ။ ။ ကျွန်တော် ဒီအတိုင်းတော့ သူများရဲ့ သားကောင် ဖြစ်မယ့်နေ့ကို မစောင့်မျှော်နေနိုင်ဘူး။ ဖြစ်မှဖြစ်ရင် ကျွန်တော်က မုဆိုးပဲဖြစ်စေရမယ်။ ဒါကြောင့် ဥက္ကဌ၊ ဆရာမရွှီ နှင့် ဆရာကီ ၃ယောက်လုံးကို ပြန်ထောက်လှမ်းရမယ်...
ဂင် ။ ။ ယမ်ချာ ပြောတာကို ကျွန်ုပ်လည်း ထောက်ခံတယ်။ အားလုံးကို တာဝန်ခွဲပေးမယ်။ မနက်ဖြန် မနက်စောစောပိုင်းကစပြီ ယမ်ချာက ဥက္ကဌနဲ့ ရင်းနှီးပြီသားဆိုတော့ ဥက္ကဌကို ထောက်လှမ်းမယ့် ကိစ္စကို တာဝန်ယူပေးပါ။ ဟာရုက ယမ်ချာနဲ့လိုက်သွားလိုက်...
ဟင်၊ ဟာရုနဲ့ သွားမယ့်အစား တစ်ယောက်ထဲသွားတာမှ ပိုကောင်းအုန်းမည်ဟု တွေးလိုက်မိသည်။

ဂင် ။ ။ မီနိုနဲ့ ဂါဂျက်က ဆရာမရွှီကို ထောက်လှမ်းဖို့ တာဝန်ယူပါ။ ဆရာကီကို ထောက်လှမ်းဖို့ကိစ္စကို ကျွန်ုပ်တာဝန်ထား။ မနက်ဖြန် ညနေစောင်းတာနဲ့ နာဂိုယာမြို့လယ်က ရီရီစံ ချွေးထုတ်ခန်းမှာ အားလုံး ပြန်ဆုံကြမယ်။ မနက်မိုးလင်းတာနဲ့ စုံစမ်းရေး စလိုက်ရအောင်...

အားလုံး သဘောတူညီစွာ ခေါင်းညိတ်လိုက်ပြီ တစ်ယောက်လက်ပေါ် တစ်ယောက်ထပ်၍ သဘောတူညီမှု ရယူလိုက်တော့သည်။ ထို့နောက် ဂင်က အားလုံးကို ကိုယ်တိုင် အိမ်သို့ ကားဖြင့် မောင်းပြန်ပို့ပေးသည်။ ကြောက်နေသော မီနိုကို သူမအိမ်အ၀ထိ ကျွန်တော် လိုက်ပို့ပေးလိုက်ပြီ ကျွန်တော်အိမ်ထဲဝင်လိုက်သည်နှင့်၊

ဆာကေး ။ ။ ကိုကြီး မြန်မြန်လာ...
ကျွန်တော်လက်ကို အတင်းဆွဲကာ သူအိပ်ခန်းထဲသို့ ဆွဲခေါ်သွားတော့သည်။

ကျွန်တော် ။ ။ ဒါဘာတွေလဲကွ...
ဆာကေး ။ ။ ကိုကြီး ဒီနေ့လေ့လာရမယ့် စာအုပ်တွေလေ...
ကျွန်တော် ။ ။ ကိန်...
တောင်လောက်မြင့်သော စာအုပ်အပုံးကြီးကို မြင်ရုံဖြင့် ကျွန်တော်ထိုနေရာတွင်ပင် မူးမေ့လှဲကျသွားတော့သည်။ မနက်မိုးလင်းလင်းချင်းပင် ဥက္ကဌကို ထောက်လှမ်းရန်အတွက် ဟာရုနဲ့တူတူ ထွက်လာခဲ့သည်။ ဥက္ကဌအိမ်နား မရောက်ခင် ခပ်လှမ်းလှမ်း အနေထားတွင် ရပ်လိုက်ပြီ၊

ကျွန်တော် ။ ။ ဟာရု၊ မင်း ဒီနားမှာ နေခဲ့။ ငါအခြေအနေ သွားအကဲခတ်လိုက်အုန်းမယ်...
ဥက္ကဌ အိမ်ပတ်ဝန်းကျင်ကို မသိမသာ အနီးကပ် လေ့လာကြည့်လိုက်သည်။ ထိုရပ်ကွက်က သူဌေးတွေ နေတဲ့ရပ်ကွက်ပင်။ စပိုင် ဥက္ကဌ တစ်ဦး အနေနဲ့ ဒီလိုနေရာမျိုးမှာ နေနိုင်သည်မှာ သိပ်အထူးအဆန်းတော့ ဖြစ်မည် မထင်ပေ။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေတော့သည်။
ဥက္ကဌနဲ့ သိကျွမ်းခဲ့သော အချိန်တွေကို ပြန်သတိရမိသည်။ ကျွန်တော် တက္ကသိုလ် ပထမဆုံးနေ့တွင် တက္ကသိုလ်လျှောက်လွှာကုန်သွားသဖြင့် စိတ်ညစ်နေတုန်း၊ ကျောင်းအုပ်ရောက်လာပြီ အစစအရာရာ ကူညီပေးခဲ့သည်။ ကျွန်တော်ကိုလည်း သူ့တပည့် တစ်ယောက်လို မဆက်ဆံပဲ၊ သွေးသားအရင်းတစ်ယောက်လို အမြဲသွန်သင် ဆုံးမခဲ့သည်။ ကျောင်းအုပ်က အသက် ၅၀ ၀န်းကျင် ဖြစ်၍ အလွန်မှ ဥပတိရုပ်ကောင်းမွန်ပြီ ဖြောင့်မတ်မှန်ကန်သူ တစ်ယောက်ဖြစ်သည်။ ဒါကြောင့် သူကို ကျောင်းသားတိုင်းက ချစ်ကြောက် ရိုသေကြသည်။ ထို့အတူ ကျောင်းအုပ်က စပိုင်ဥက္ကဌဟု သိလိုက်ချိန်တွင် ကျွန်တော် အလွန်တရာမှကို ထိတ်လန့်သွားခဲ့သည်။ ကျွန်တော်နှင့် ဥက္ကဌ၏ ခင်မင်မှု အတိုင်းအတာ အရဆိုလျှင် ကျွန်တော် မသိစိတ်က ဥက္ကဌကို လူသတ်တရားခံမဖြစ် စေချင်မိတာကတော့ အမှန်ပင်။ ထိုအကြောင်းအရာများကို စဉ်းစားရင်း ဟာရုရှိရာ နေရာသို့ ပြန်လာခဲ့သည်။ ဘေးဗယ်ကြည့်လိုက်တော့ ကျွန်တော် စောင့်ခိုင်းထားသော နေရာတွင် ဟာရု မရှိတော့ပေ။ ဒီကောင်၊ ဟာရုတော့ ဘယ်လျှောက်သွားနေပြန်ပြီ လည်းမသိပါဘူးဟု ဒေါခွီနေမိသည်။

ဟာရု ။ ။ ယမ်ချာ...
ကျွန်တော်နောက်မှ ပခုံးပုတ်လိုက်သဖြင့် လန့်ပြီ ဟာရုလက်ကို လိမ်ချိုးဖို့ နည်းနည်းပဲ လိုတော့သည်။

ဟာရု ။ ။ အားအားအား။ ကျွန်တော်ပါဗျ...
ကျွန်တော် ။ ။ မင်းလား၊ ငါမှာ လန့်သွားတာပဲ။ ဘယ်လျှောက်သွားနေတာလဲ...
ဟာရု ။ ။ မသင်္ကာစရာ တစ်ခု ကျွန်တော်တွေ့ခဲ့လို့...
ကျွန်တော် ။ ။ ဘာများလဲ...
ဟာရု ။ ။ ခင်ဗျာ ခုနက ဥက္ကဌအိမ်နားသွားနေတုန်း။ ဆရာမရွှီ ရေးကြီးသုတ်ပျာနဲ့ ဒီနားက ပန်းခြံထဲဝင်သွားတာကို တွေ့လိုက်တယ်။ ကျွန်တော်စိတ်ထင် သူ ဥက္ကဌနဲ့ ချိန်းထားပုံပဲ...
ကျွန်တော် ။ ။ ဒါဆို သူခုထိ ပန်းခြံထဲမှာပဲ ရှိသေးလား...
ဟာရု ။ ။ ရှိသေးတယ်...
ကျွန်တော် ။ ။ မီနိုနဲ့ ဂါဂျက်ကို ဆရာမရွှီနောက်လိုက်ခိုင်း ထားတာ သူတို့ ဘယ်မှာလဲ။ ဆက်သွယ်ကြည့်အုန်းမယ်...

မီနိုနှင့် ဂါဂျက်ဆီကို ဆက်သွယ်သော်လည်း ဆက်သွယ်လို့ မရ၍ ကျွန်တော်တို့ ကိုယ်တိုင်ပင် လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။

ကျွန်တော် ။ ။ ပြောရင်းနဲ့ ဥက္ကဌ ထွက်လာပြီ။ ဥက္ကဌ ပန်းခြံထဲ သွားမသွား စောင့်ကြည့်ရအောင်...

ဥက္ကဌက ကျွန်တော်တို့ ခန့်မှန်းထားသလို ပန်းခြံထဲမသွားပဲ။ တခြားတဖက်သို့ ဆက်လျှောက်သွားသည်။ ကျွန်တော်မှာ ဆရာမရွှီနောက်လိုက်ရနှိုးနှိုး၊ ဥက္ကဌနောက်လိုက်ရနှိုးနှိုး ဝေခွဲရခက်စဉ် ဆရာမရွှီလည်း ပန်းခြံထဲမှ ပြန်ထွက်လာပြီ ဥက္ကဌနောက်မှ တိတ်တိတ်လေး လိုက်ပါသွားသည်။ ဆရာမရွှီနောက်မှ ထပ်ပြီ ခြေရာခံလိုက်လာသော မီနိုနှင့်ဂါဂျက်တို့နှင့် တွေ့ဆုံပြီ ကျွန်တော်တို့ ၄ယောက်ပြန်ပေါင်းမိ သွားတော့သည်။

ဂါဂျက် ။ ။ ဆရာမရွှီနောက်ကို လိုက်နေတာ ကျွန်ုပ်တို့ မနက်မိုးလင်းကတည်းကပဲ။ သူ ဥက္ကဌကို မျက်ခြေမပြတ် စောင့်ကြည့်နေတာ ကြာပြီ...
ကျွန်တော် ။ ။ မဟုတ်မှလွှဲရော ဆရာမရွှီက ဥက္ကဌကို နောက်ယောင်ခံလိုက် နေတာများလား...
ဟာရု ။ ။ ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်...
မီနို ။ ။ ပြောရင်း လွှတ်သွားအုန်းမယ်။ သွားကြရအောင်...

ဆရာမရွှီနှင့် ဥက္ကဌနောက်သို့ ကျွန်တော်တို့ကို မရိပ်မိနိုင်သော အကွာအဝေးကနေ လိုက်ပါလာသည်။ ဥက္ကဌ ကော်ဖီဆိုင်တစ်ခုထဲသို့ ၀င်သွား၍ ဆရာမရွှီလည်း နောက်မှ လိုက်ဝင်သွားသည်ကို တွေ့လိုက်သည်။

ဂါဂျက် ။ ။ ကျွန်ုပ်တို့လည်း လိုက်ဝင်သွားရင် ကောင်းမယ်...
ကျွန်တော် ။ ။ မကောင်းဘူးဗျ။ ကျွန်တော်တို့ကို မြင်သွားမှဖြင့် အစီအစဉ်အားလုံး ပျက်ကုန်မယ်။ ဆိုင်အပြင်ကပဲ အရိပ်အခြေကြည့်နေရင် ကောင်းမယ်...

ဆိုင်အပြင်ကနေပင် ဆိုင်တွင်းကို မပြတ်စောင့်ကြည့်နေသည်။ ဆရာမရွှီက ဥက္ကဌ သူမကို မမြင်နိုင်အောင် တခြား စားပွဲဝိုင်းတစ်ခုမှာ ၀င်ထိုင်လိုက်ပြီ သူမမျက်နှာကို သတင်းစာဖြင့် ဖုံးကွယ်ထားလိုက်သည်။ ဆရာမရွှီ နေကာမျက်မှန်၊ အကျီင်္အရှည်၊ ဦးထုပ်ဆောင်းပြီ ရုပ်ဖျက်ထားပုံရတော့ ဥက္ကဌကို နောက်ယောင်ခံလိုက် နေသည်မှာ သေချာသွားသည်။ ဥက္ကဌကလည်း သူမကို မြင်ပုံမရပဲ၊ ကော်ဖီတစ်ခွက် မှာသောက်ပြီ အေးဆေးတစ်ယောက်ထဲ ထိုင်နေသည်။
ရုတ်တရပ်ဆိုသလို ဥက္ကဌ ထိုင်နေရာမှ အလျင်အမြန်ထ၍ နောက်ဖေး ယောကျာ်လေးအိပ်သာထဲသို့ ၀င်သွားတော့သည်။ ဥက္ကဌနောက်မှ ကျွန်တော်တို့ တခါမှ မမြင်ဖူးသော လူကြီးတစ်ယောက်လည်း မသိမသာ လိုက်ပါသွားသည်ကို သတိပြုမိလိုက်သည်။ ထိုလူမျက်နှာကို အဝေးကမို့ သဲသဲကွဲကွဲ မမြင်လိုက်ရပေ။ ဆရာမရွှီလည်း ဆိုင်အပြင်သို့ ခပ်သုတ်သုတ် ပြန်ထွက်လာပြီ လမ်းကြားတစ်ခုထဲသို့ ချိုးဝင်သွားသည်။ အရာအားလုံးက မြန်ဆန်လွန်အားကြီးလို့ ဘယ်သူနောက်ကို ဆက်လိုက်ရမှန်းကို မသိတော့ပေ။

ဂါဂျက် ။ ။ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ...
ကျွန်တော် ။ ။ ကျွန်ုပ်နဲ့ဟာရုက ဆရာမရွှီနောက်လိုက်သွားမယ်။ ခင်ဗျာနဲ့ မီနိုက ဒီမှာပဲ ဆက်စောင့်ပြီ ကျန်ရစ်ခဲ့...
မီနို ။ ။ အင်း...
ဂါဂျက်က သူမှာ အသင့်ပါလာသော မေ့ဆေးသေနတ်ကို ကျွန်တော် လက်ထဲ လာထိုးပေးပြီ၊

ဂါဂျက် ။ ။ ခင်ဗျာ လိုအပ်ကောင်း လိုအပ်လိမ့်မယ်...
သေနတ်ကို ကျွန်တော်ခါးကြားထဲ ထိုးထည့်လိုက်ပြီ ဟာရုနဲ့တူတူ ဆရာမရွှီနောက်သို့ ပြေးလိုက်သွားတော့သည်။ ဆရာမရွှီကလည်း ကျွန်တော်တို့ သူမနောက်မှ လိုက်လာသည်ကိုပဲ သိနေလို့ပဲလားတော့ မသိ၊ အမြန်ပြေးနေတော့သည်။

ကျွန်တော် ။ ။ ဟာရု မြန်မြန် ငါတို့ မျက်ခြေပျက်သွားလိမ့်မယ်...

လိုက်ရင်းလိုက်ရင်း အဆောက်အဦးတစ်ခုနားတွင် ဆရာမရွှီကို မျက်ခြေပျက်သွားတော့သည်။

ကျွန်တော် ။ ။ တောက်၊ သေစမ်း မျက်ခြေပျက် သွားရတယ်လို့ကွာ။ ဟာရုမင်းနဲ့ငါ လူခွဲရှာမှ ဖြစ်မယ်။ မင်း ဟိုဘက်ဆက်လိုက်သွားကြည့်၊ ငါဒီဘက်မှာ သွားရှာမယ်။ အကြောင်းထူးရင် ဖုန်းဆက်...
ဟာရုနှင့် ကျွန်တော် လမ်းခွဲ၍ ဆရာမရွှီကို လိုက်ရှာတော့သည်။ ကျွန်တော် စိတ်ထဲတွင် အရေးပေါ်ကိစ္စတစ်ခုခု ဖြစ်တော့မည်ဟု အလိုလို ခံစားနေရသည်။ ဒါကြောင့် ကျွန်တော်သွားနေသော ခြေလှမ်းများကို မြန်သည်ထက် မြန်အောင် အားကိုတွန်းပြီ သွားနေစဉ် ဆရာမရွှီဟု ထင်ရသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်၍ သူမနောက်မှ ပြေးလိုက်သွားသည်။ ထိုအမျိုးသမီးမှ တိုတိုယိုအဆောက်အဦးထဲသို့ ၀င်သွား၍ လိုက်ဝင်မည် အလုပ်တွင် ဂါဂျက်ဆီမှ ဖုန်းဝင်လာသည်။

ဂါဂျက် ။ ။ ယမ်ချာ၊ ကျွန်ုပ် ဥက္ကဌအိပ်သာက မထွက်လာတာနဲ့ မသင်္ကာလို့ အိပ်သာထဲ ၀င်ကြည့်တော့ ဥက္ကဌ မရှိတော့ဘူးဗျ။ နောက်ဖေးပေါက်က လစ်ထွက်သွားတာ ဖြစ်နိုင်တယ်...
ကျွန်တော် ။ ။ အေး ဒါဆို မင်းနဲ့မီနို တိုတိုယိုအဆောက်အဦးနားကို ခုလာခဲ့။ မကြာခင် ကိစ္စတစ်ခုခုတော့ ဖြစ်တော့မယ်ကွ...
ဖုန်းချလိုက်ပြီ အဆောက်ဦးထဲသို့ လိုက်ဝင်သွားသည်။ အဆောက်ဦးက လူနေကွန်ဒိုဖြစ်တာမို့ အခန်းပေါင်းမြှောက်မြားစွာဖြင့် ဖွဲ့စည်းထားသည်။ ကျွန်တော် တစ်ထပ်ချင်းကို လှေခါးကပင် တက်လာတော့သည်။ အထပ်မြင့်လာလျှင် အန္တာရာယ်တစ်ခုခုနဲ့ ပိုနီးစပ်သလို ခံစားရလေ ဖြစ်သည်။ ဒါကြောင့် ကျွန်တော်မှာ ပါလာသော မေ့ဆေးသေနတ်ကို ဆွဲထုတ်လိုက်ပြီ မောင်းကို ချိန်းထားလိုက်သည်။ စတုတ္တအထပ်လောက်သို့ ရောက်လျှင် အရာအားလုံးက အလွန်မှ တိတ်ဆိတ်ငြိမ်သက်နေတော့သည်။ ထိုသို့ ငြိမ်သက်နေသည်ကို ကျွန်တော် သဘောမတွေ့မိပေ။ ထိုအချိန်တွင် အဆောက်ဦး၏ လသာဆောင်ဘက်မှ၊

အသံ ။ ။ ဒိုင်း၊ ဒိုင်း...

သေနတ်ပစ်သံ နှစ်ချက်ကြောင့် လသာဆောင်ရှိရာသို့ အမြန်ပြေးတက် သွားတော့သည်။ ဒီသေနတ်သံက ဥက္ကဌဆီကလား၊ ဆရာမရွှီဆီကလားဟု အတွေးပေါင်းစုံဖြင့် လသာဆောင်သို့ အ၀င်တံခါးပေါက်တွင် ဆရာမရွှီနှင့် ၀င်တိုက်မိတော့သည်။ ဆရာမရွှီလက်မှာလည်း သွေးတွေဖြင့် ကြောက်လန့်တကြား ပြေးဆင်းသွားတော့သည်။

ကျွန်တော် ။ ။ ဟင်၊ ဥက္ကဌ...
ဟုအော်ကာ လသာဆောင်ထဲလည်း ၀င်သွားရော။ ခုနက ကျွန်တော် ကြားလိုက်သော သေနတ်သံများသည် ဥက္ကဌ၏ နှလုံးကို ဖောက်ဝင်သွားသော ကျဉ်ဆံများပင် ဖြစ်နေတော့သည်။ သေနတ်ဒဏ်ရာဖြင့် သွေးတွေ အိုင်နေသော ဥက္ကဌကို မြင်လိုက်သည်နှင့် ကျွန်တော် အသက်ရှုသံတွေ အရမ်းကို မြန်လာတော့သည်။ ဆရာမရွှီနောက်သို့ အမြန်ပြေးလိုက်သွားပြီ လှေခါးတ၀က်လောက်တွင် သူမကိုမှီသည်နှင့် အလွန်မှ မုန်းတီးသော အသံဖြင့်၊

ကျွန်တော် ။ ။ ဆရာမရွှီ၊ ခင်မျာ ရပ်လိုက်စမ်း။ ဆက်သွားရင် ကျွန်တော် ပစ်လိုက်မှာနော်...
ဆရာမရွှီ သွားနေသော ခြေလှမ်းများကို ရပ်တန့်လိုက်ကာ ကျွန်တော်ကို ပြန်လှည့်ကြည့်၍၊

ဆရာမရွှီ ။ ။ ယမ်ချာ၊ မင်းက ဘာမှနားမလည်သေးတဲ့ ချာတိတ်လေး တစ်ယောက်ပဲ...
မချိပြုံး၍ ဆက်ပြေးဆင်းသွားတော့သည်။

ကျွန်တော် ။ ။ ခင်မျာ ရပ်လို့ ကျွန်တော် ပြောနေတယ်နော်...
စကားနှင့်အတူ ကျွန်တော် သေနတ်မှ မေ့ဆေးကျဉ်ဆံလည်း ထွက်သွားတော့သည်။ သို့သော် ဆရာမရွှီကို မထိပဲ၊ သူမနှင့် ကတ်သီလွှဲသွားသည်။ ဆရာမရွှီ လည်း ထွက်ပြေးလွှတ်မြှောက် သွားတော့သည်။ အသုံးမကျသည့် ကျွန်တော်ကိုယ်ကို ထုရိုက်ရင်း၊

ကျွန်တော် ။ ။ ခင်မျာ ဘာလို့ ဥက္ကဌကို သတ်ရတာလဲ။ ဥက္ကဌကို သတ်ရတာလဲ။ အားအားအားအားအား...
အော်သံသည် အဆောက်အဦးတစ်ခုလုံးကို ဟိန်းထွက် သွားတော့သည်။

-----------------------------------------------------------
ဆက်ရန်

No comments:

Post a Comment