Monday, April 11, 2011

Vampire နဲ့ Dhampir ဘာကွာလဲ (အခန်း-၃)




သေမင်း

ယမမင်း အခေါ်လွှတ်လိုက်သော ငရဲသား နှစ်ယောက် နောက်သို့ ကျွန်ုပ် လိုက်လာခဲ့သည်။ မဆုံးနိုင်အောင် ရှည်လျားသော ငရဲသားအတန်းကြီးကို ကြည့်ကာ ကျွန်ုပ် ခေါင်းတစ်ချက် ခါယမ်းလိုက်သည်။ တစ်နေ့တစ်နေ့ ယမမင်းဆီတွင် ခွင့်ရက်ရှည်ရဖို့၊ ငရဲတံခါးစောင့် နေရာရဖို့၊ လက်ဆောင်ပဏာ လာဆက်သသော ငရဲသားများဖြင့် ပြည့်လျှံနေသည်။ ငရဲပြည်တွင် ငရဲတံခါးစောင့် နေရာသည် ကတို့ဖိုးနဲ့ပင် အတော်လာဒ်ရွှင်သော နေရာဖြစ်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့လို သေမင်းနေရာကိုတော့ လိုချင်တဲ့သူ တစ်ဦးတလေမှ မရှိ၍ ကျွန်ုပ်မြဲနေသလားတော့ မသိပေ။ ထိုငရဲသား အားလုံးကို ကျော်တက်ကာ ယမမင်းရှေ့တွင် အခစားဝင်လိုက်သည်။ ယမမင်းသည် သာမန်လူပုဂိုလ်ထက် ၂ဆလောက် ပိုကြီးပြီ သူ၏ ထူးခြားချက်မှာ နှာတံ အရှေသို့ ချွန်ထွက်နေခြင်းနှင့် လှိုင်းတွန့်ကဲ့သို့ အဆီတလိမ့်လိမ့်ဖြစ်နေသော သူ၏ ဗိုက်ကြီး ပင်ဖြစ်သည်။ 
ကျွန်ုပ် ။ ။ ယမမင်း၊ ကျွန်ုပ်သေမင်း ရောက်ပါပြီ...
ယမမင်း ။ ။ သေမင်း၊ မင်းလာတာနဲ့ အတော်ပဲကွာ။ ဒီရှေ့မှာ တန်းစီနေကြတဲ့ ငရဲသားတွေက အကြောင်းပြချက်မျိုးစုံနဲ့ ခွင့်ရက်ရဖို့ ကြိုးစားနေကြတာ။ ဒါပေမယ့် မင်းကျတော့ နှစ်ပေါင်း နှစ်သောင်း ကျော်တာတောင် ခွင့်ရက်တစ်ရက်တောင် ငါကို မတောင်းဆိုခဲ့ဖူးဘူးကွာ။ ငါမင်းကို အရမ်းလေးစားတယ်...
ကျွန်ုပ် ။ ။ ကျွန်ုပ်အတွက် မလိုလို့ပါ...
ယမမင်း ။ ။ ဘယ်ဟုတ်ပါ့မလဲကွာ ၊ မင်းစက္ကန့်အမျှ အလုပ်တွေပဲ လုပ်နေတာကို ငါသနားလိုက်တာ၊ ဟိဟိဟိ...
ငိုနေသဖြင့် ကျွန်ုပ်စိတ်ရှုပ်နေမိသည်။ ယမမင်းမို့သာ သူကို သည်းခံ ဆက်ဆံနေရခြင်းဖြစ်သည်။ 

ယမမင်း ။ ။ ဒါကြောင့် ငါမင်းကို ခွင့်ရက်ရှည်ပေးဖို့ စဉ်းစားထားတယ်။ မင်းအရမ်းပျော်သွားတယ် မဟုတ်လား...
ကျွန်ုပ် ။ ။ ကျွန်ုပ်မပျော်ပါဘူး။ ကျွန်ုပ်အတွက် ခွင့်ရက်ရှည်မှ မလိုတာ။ ကျွန်ုပ်လိုတာတော့ ခင်မျာမှ မပေးပဲ...
ယမမင်း ။ ။ အမ်၊ မင်းက ဘာလိုလို့လဲ...
ကျွန်ုပ် ။ ။ မိန်းမလေ...
ယမမင်း ။ ။ မသိဘူး။ ခုချိန်ကစပြီ မင်းကို အားလပ်ရက် တပတ်ပေးလိုက်ပြီ။ မင်းလုပ်ချင်ရာလုပ်၊ သွားချင်ရာသွားနိုင်ပြီ...
ကျွန်ုပ်အား ခွင့်ရက်ရှည် ပေးလိုက်သဖြင့် တန်းစီနေသော ငရဲသားအားလုံး လှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည်။ ငရဲပြည်တွင် ခွင့်ရက်၁ရက်ရဖို့ အရေးကို ထိုသို့ တန်းစီရသောကြောင့် ဖြစ်သည်။ သို့သော် ယမမင်း ခွင့်ရက်ရှည် ပေးသည်ကို ကျွန်ုပ် ၀မ်းလည်းမသာသလို၊ ၀မ်းလည်း မနည်းပေ။ ကျွန်ုပ်က သေမင်းဖြစ်သည်မို့ ကျွန်ုပ်အလုပ်မှာ သတ္တ၀ါတို့၏ ၀ိညာဉ်တွေကို ချွေသည့်လုပ်ငန်းကို လုပ်ကိုင်ရသည်။ ဒါကြောင့် လူသတ္တ၀ါတွေ ပိုတိုးပွားလာသည်နှင့်အမျှ ကျွန်ုပ်အတွက် အားလပ်ရက်၊ နားချိန်ဆိုတာ မရှိခဲ့ပေ။ ခုလည်း ကျွန်ုပ် လူတစ်ယောက်၏ အသက်ဝိညာဉ်ကို ချွေရန် လူပြည်သို့ သွားရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ထိုလူ၏ ကိုယ်ရေးရာဇာဝင်ကို ဖတ်ကြည့်လိုက်သည်။

ကိုယ်ရေးရာဇာဝင် ။ ။ အမည်- မိုးဇက်။ သေနေ့စိသည့်ရက် - ယနေ့ နေမွန်းတည့်ချိန်။ အသက် - ၁၈နှစ်...
ထိုလူရဲ့ ကိုယ်ရေးရာဇာဝင်ကို ဖတ်ပြီ အသက်ငယ်ငယ်နဲ့ နောက်တစ်ဦး သေရမှာပါ့လားဟု တွေးလိုက်မိသည်။ ကျွန်ုပ် အသက်ချွေခဲ့သော သူများထဲတွင် ၁ရက်သားကအစ ပါခဲ့သည်။ သေမင်းဖြစ်တာမို့ ကျွုန်ုပ်မှာ လူတွေလို ခံစားချက်တွေ၊ မုန်းတာ၊ ချစ်တာ၊ သနားတာတွေ မရှိဘူးလို့ မထင်ပါနဲ့။ ကျွန်ုပ်မှာလည်း ကြင်နာတတ်တဲ့ နှလုံးသား ရှိပါသေးတယ်။ ဒါကြောင့် သေနေ့စိနေသော်လည်း မသေသင့်သည့် သတ္တ၀ါတွေကို ကျွန်ုပ်မှာ ကယ်တင်ပေးချင်သည့် စိတ်ထားလေးတော့ရှိသည်။ ကျွန်ုပ်၏ အားလပ်ရက်ကို ဘယ်လို အသုံးချရမည်ကို စဉ်းစားရင်း မိုးဇက်ဆိုသည့်လူမှာ သေသင့်၊ မသေသင့်သည်ကို လူပြည်ကို သွားပြီ ဆုံးဖြတ်မည်ဟု အကြံရလာသည်။ 
လူပြည်မသွားခင် ကျွန်ုပ်ရဲ့ ညှာလက်ရုံးနှင့်ဗယ်လက်ရုံး အတိုင်ပင်ခံ နှစ်ဦးကို တန်ခိုးဖြင့် အခေါ်လွှတ် လိုက်သည်နှင့် မီးခိုးလုံးကြီး နှစ်ခုပေါ်လာတော့သည်။ ထိုမီးခိုးလုံးထဲမှ အမဲကောင် နှင့် အဖြူကောင်တို့ ထွက်လာပြီ ကျွန်ုပ်ရှေ့တွင် ဒူးထောက် ဂါရ၀ပြုလိုက်ကြသည်။

အမဲကောင် ။ ။ သေမင်း၊ ကျွန်တော် ရောက်လာပြီ...
အဖြူကောင် ။ ။ ကျွန်တော်မျိုးလည်း သေမင်းကို ဂါရ၀ပြုပါတယ်...
အမဲကောင်မှာ မကောင်းဆိုးဝါး(ငရဲသား)ကို ကိုယ်စားပြုသော အတိုင်ပင်ခံဖြစ်ပြီ အဖြူကောင်မှာ ကောင်းမှု(နတ်သား)ကို ကိုယ်စားပြုသော အတိုင်ပင်ခံဖြစ်သည်။ 

ကျွန်ုပ် ။ ။ ကျွန်ုပ်ခု ခွင့်ရက်ရှည် တပတ်ကို လူပြည်သွားပြီ မိုးဇက်ဆိုတဲ့ လူငယ်ဟာ သေသင့်၊ မသေသင့်ဆိုတာကို စုံစမ်းစစ်ဆေးမယ်။ သင်တို့ရဲ့ အကြံပြုချက်ကိုလည်း ကြားချင်တယ်...
အမဲကောင် ။ ။ သေမင်း၊ တန်ဖိုးရှိလှတဲ့ အားလပ်ရက်တွေကို ဒီမိုးဇက်ဆိုတဲ့ လူငယ်အတွက် မသုံးသင့်ကြောင်းပါ သေမင်း။ မိုးဇက်ဟာ ဘယ်လောက်ထိ မကောင်းမှုတွေ ပြုခဲ့သလဲဆိုရင် သူများကို ရိုက်တယ်၊ နှိပ်စက်တယ်၊ ရေနစ်တယ်၊ တွန်းချတယ်။ နောက်ဆုံး သူကျောင်းအုပ် သေတာတောင် သူရဲ့ စနက်ကြောင့်ပါပဲ။ ဒါကြောင့် အချိန်ဆွဲမနေပဲ အသက်ချွေသင့်ပါကြောင်း...
အဖြူကောင် ။ ။ အသက်မချွေသင့်ကြောင်းပါ သေမင်း။ မိုးဇက်ဟာ မကောင်းမှုတွေ ပြုခဲ့ပေမယ့် သူ၎တန်းတုန်းက ကြီးမားတဲ့ ကောင်းမှုတစ်ခုကို ပြုခဲ့ပါတယ်။ အဘွားအိုတစ်ဦး လမ်းပျောက်နေသည်ကို ကူညီခဲ့ပေးဖူးတဲ့အတွက် အဘွားအိုဟာ အသက်ချမ်းသာရာ ရခဲ့ပါတယ်။ ဒါကြောင့် သူဟာ အကျင့်ဆိုးပေမယ့် စိတ်ထားက ဖြူစင်ပါတယ်။ မသေသင့်ကြောင်းပါ...

အမဲကောင်ကတဖန်၊ သေသင့်ကြောင်း။ အဖြူကောင် မသေသင့်ကြောင်း သူတို့နှစ်ယောက် ငြင်းခုန်နေကြတော့သည်။ ကျွန်ုပ် ပုံမှန်အတိုင်းဆိုလျှင် မကောင်းမှုများနေသဖြင့် မချိန်းမဆိုင်းပဲ အသတ်ချွေခဲ့မိမှာ အမှန်ပင်။ သို့သော် ကျွန်ုပ်လည်း အားနေတာမို့ မိုးဇက်ဆိုသည့် ကောင်းလေး ကံကောင်းသွားသည်ဟု ဆိုရမည်။ ဒါကြောင့် လူပြည်ကို သွားပြီ မိုးဇက်ကို ကျွုန်ုပ်ကိုယ်တိုင် သေသင့်၊ မသေသင့်ကို ဆုံးဖြတ်မည်ဟု အဓိဌာန်ချမှတ်လိုက်ပြီ လူပြည်သို့ ထွက်ခွာလာခဲ့သည်။ 


------------------------------------------------

အခန်း-၃
သေမင်းနှင့် တွေ့ဆုံခြင်း


ဆေးရုံပေါ်တွင် လူနာတင်လှည်းများ၊ သူနာပြု ဆရာမများ၊ ဆရာဝန်များဖြင့် ရှုတ်ယှက်ခတ်နေတော့သည်။

ဆရာဝန်မ ။ ။ ရှင် သတိရလာပြီလား။ ကျွန်မတို့က ရှင်ကို အသက်တောင် ရှင်မယ်လို့ မထင်ဘူး...
သူနာပြုဆရာမ ။ ။ လမ်းဖြတ်ကူးတာလည်း သေသေချာချာ ကူးပေါ့ရှင်...
လူနာကုတင်ဘေးထိုင်ခုံမှာ ကာတွန်းစာအုပ်ဖတ်ရင်း သူတို့ ပြောနေသည်ကို မကြားတကြား နားစွင့်နေမိသည်။

သူနာပြုဆရာမ ။ ။ ဟေ့မိုးဇက်၊ ရှင်သူငယ်ချင်း သတိရလာပြီ...
ကျွန်ုပ် ။ ။ ကျွန်ုပ်သိပါတယ်။ ကာတွန်းစာအုပ် ဖတ်လို့ မပြီသေးလို့ပါ...

ကာတွန်းစာအုပ်ကို ဘေးမှာ ချခဲ့ပြီ ကုတင်ပေါ်တွင် ပတ်တီးအပြည့်ဖြင့် လှဲနေသော ပေါင်ချိန်ဘေးတွင် ရပ်လိုက်တော့သည်။ ပေါင်ချိန်က ကျွန်ုပ်ကို မြင်တော့ မျက်ရည်များ စီးကျလာပြီ၊

ပေါင်ချိန် ။ ။ မိုးဇက်၊ ငါမင်းနဲ့ သူငယ်ချင်း မဖွဲ့တော့ဘူး...
နားကျည်းစွာ ကျွန်ုပ်ကို ပြောလိုက်သည်။ သူ နားကျည်းမည်ဆိုလည်း တကယ်လည်း နားကျည်းသင့်သည်။ ကျွန်ုပ်လမ်းဖြတ်ကူးစဉ် ကျွန်ုပ်ဆီသို့ ကုန်တင်ကားကြီး တန်းတန်းကြီး လာနေသဖြင့် ကြံရာမရတဲ့အဆုံး ဘေးမှ လူတစ်ယောက်ကို ဆွဲကာ ကျွန်ုပ်အစားဝင်ခံခိုင်း လိုက်သည်။ သို့သော် ထိုလူမှာ ပေါင်ချိန်ဖြစ်နေမှန်း ကျွန်ုပ်သိချိန်တွင် အရာအားလုံးဟာ လက်လွန်သွားခဲ့ပြီ ဖြစ်သည်။ ကျွန်ုပ် မျက်လွှာလေးကို ချရင်း၊

ကျွန်ုပ် ။ ။ အေး ငါစိတ်မကောင်းပါဘူးကွာ။ ငါမင်းကို တမင်ရည်ရွယ်ပြီ လုပ်ခဲ့တာ မဟုတ်ပါဘူး...
ဟုပြောရင်း ဆေးရုံမှ ပြန်ထွက်ခွာလာခဲ့သည်။ ကျောင်းသို့ ရောက်ရောက်ချင်းပင် အားလုံးရဲ့ ပြစ်တင်ကဲ့ရဲ့ခြင်းကို ကျွန်ုပ်ခံရတော့သည်။

ကျောင်သား ။ ။ မိုးဇက်၊ ပေါင်ချိန်ကို ကားရှေ့တွန်းလိုက်တာ ငါကိုယ်တိုင်မြင်ခဲ့တာ...
နောက် ။ ။ ဟုတ်လား။ ပြီတော့ ကျောင်းအုပ်သေတာလည်း သူလက်ချက်ပဲဆို...
တခြား ။ ။ ငါတို့အလှည့်လည်း ဘယ်ချိန်လာမလဲ မသိဘူးကွ။ သတိသာ ထားနေ...
ကျောင်းသား ။ ။ ပြောရင်း မိုးဇက်လာနေပြီ။ ရှောင်ကြရအောင်...
ကျွန်ုပ်ကို မြင်သည်နှင့် ကျောင်းသားအားလုံး တမင်ရှောင်တိမ်းသွားတော့သည်။ ကျောင်းအုပ် သေဆုံးသည့်ကိစ္စရော၊ ခုပေါင်ချိန်ကိစ္စပါ ကျွန်ုပ်ထိခိုက်ဖို့ ရည်ရွယ်ပြီ လုပ်ခဲ့ခြင်း လုံးဝမဟုတ်ပေ။ ကျွန်ုပ်စိတ်ထဲတွင် ၀မ်းနည်းသလိုလို ပထမဆုံးအကြိမ်ခံစား လိုက်ရသည်။ ကျွန်ုပ်ရဲ့ အနီးကပ်ဆုံးလူနှစ်ယောက် မရှိတော့သောကြောင့် ဖြစ်နိုင်သည်။ ဒါကြောင့် ကျွန်ုပ်၏ ၀မ်းနည်းမှုအား ဒေါသအဖြစ်ပြောင်းပစ်လိုက်ပြီ၊

ကျွန်ုပ် ။ ။ ငါ မကောင်းကြောင်း နောက်တစ်ခါ ပြောရဲပြောကြည့်ကြစမ်း။ ပြောတဲ့ကောင်ကို သေမင်းနဲ့ တခါတည်း ပေးတွေ့လိုက်မယ်ကွ...
ဟုကြိမ်းဝါး ဆဲဆိုလိုက်သည်။ ထိုချိန် ကျွန်ုပ်နောက်တွင် ရပ်နေသော လူ၃ယောက်ကို သတိထားလိုက်မိသည်။ အရှေ့ဆုံးမှာ ရပ်နေသော အမဲရောင်ကုတ် အကျီင်္ရှည်ကို ၀တ်ဆင်ထားပြီ အလွန်ခန့်ညားသော ဥပတိရုပ်ရှိသည့် အရှည်ရှည်ရှည် ဖြောင့်ဖြောင့် လူကို ကျွန်ုပ် ခြေဆုံးခေါင်းဆုံး ကြည့်လိုက်မိသည်။ သူဘေးမှာလည်း ၈နှစ်သားအရွယ် အမဲရောင်နှင့်အဖြူရောင် စူပါမင်းလို ၀တ်စုံ ၀တ်ဆင်ထားသော ကလေးနှစ်ဦး ပါသေးသည်။

ကျွန်ုပ် ။ ။ ခင်မျာတို့က ဘယ်သူတွေလဲ။ ဘာကိစ္စရှိလို့ ကျွန်ုပ်ကျောင်းထဲ ၀င်လာတာလဲ ပြောစမ်း...
အမျိုးသား ။ ။ ကျွန်ုပ်က သေမင်းပါ...
ကျွန်ုပ် နှာခေါင်းရှုတ်၍ သေမင်းဟု ပြောသော အမျိုးသားကို စေ့စေ့ကြည့်ပြီ လျင်မြန်သော လက်သီးဖြင့် ထိုးလိုက်ရာ ထိုအမျိုးသားကို မထိပဲ လျှောထွက်သွားတော့သည်။ ကျွန်ုပ် မကျေနပ်သေးပဲ၊ နောက်တကြိမ် ထပ်ထိုးပြန်ရာ ထိုအတိုင်းပင်။ ဒါနဲ့ အချက်ပေါင်းများစွာ ဗယ်၊ ညာနှစ်ဖက်သုံးသော်လည်း တချက်လေးတောင် မထိသဖြင့် အံတချက်ကြိတ်လိုက်ပြီ၊

ကျွန်ုပ် ။ ။ ခင်မျာ ဘယ်သူလဲဆိုတာ မှန်မှန်ပြောစမ်းပါ...
အမျိုးသား ။ ။ ကျွန်ုပ်က သေမင်းပါလို့ ပြောပြီပြီပဲ...
ဟုပြောပြီ သူကုတ်အကျီင်္ပေါ်မှ ဖုန်အနည်းငယ်ကို ခါချလိုက်သည်။ သေမင်းဆိုတာနဲ့ ကျွန်ုပ်ကြောက်သွားမည်ဟု ထင်လျှင် မှားလိမ့်မည်။ ကျွန်ုပ်အတွက် သေခြင်းဆိုတာ မကြောက် သောကြောင့်ဖြစ်သည်။

ကျွန်ုပ် ။ ။ ကျွန်ုပ် စိတ်မတိုခင်၊ ခင်မျာ ဒီကျောင်းထဲက ထွက်သွားရင် ကောင်းလိမ့်မယ်...
သေမင်း ။ ။ အို ကိုယ်လူက အလာကြီးပါ့လား။ ဒါဆိုလည်း ကျွန်ုပ်ထွက်သွားရင် ခင်မျာကိုပါ တပါတည်းခေါ်သွားမှ ဖြစ်လိမ့်မယ်...
ကျွန်ုပ် ။ ။ သေရမှာ ကြောက်နေရင် ကျွန်ုပ် မိုးဇက်နံမည်တောင် တွင်မှာ မဟုတ်ဘူးဗျ။ ခင်မျာ ဘာသာ သေမင်းမကလို့ ဘာပဲဖြစ်နေ ကျွန်ုပ် လုံးဝ မကြောက်ဘူး...
စကားအဆုံးတွင် ကျောင်းထဲတွင် ရပ်နေရာမှ အမှောင်ထုကြီး တစ်ခုထဲသို့ ကျရောက်သွားတော့သည်။ ဒါကျွန်ုပ်ကို သက်သက်စမ်းနေတာပဲဟု တွေးမိ၍ ပြန်ခုခံရန် ဟန်ပြင်ထားလိုက်သည်။ ခဏနေတော့ အပူအငွေ့အသက်တွေကို ခံစားရပြီ အော်ဟစ်သံတွေကိုလည်း ကြားလိုက်ရမှ၊

ကျွန်ုပ် ။ ။ ဟင်၊ ကျွန်ုပ် ဘယ်ရောက်နေတာလဲ...
သေမင်း ။ ။ ခင်မျာ ငရဲပြည်ကို ရောက်နေတာ...
ကျွန်ုပ် ။ ။ ငရဲပြည်ရောက်ရင် ယမမင်းကို ချမယ်၊ ခင်မျာကိုလည်း သတ်ပြီ လူပြည်ပြန်မယ်ဗျာ...
သေမင်း ။ ။ ဟားဟားဟား။ တော်တော် သတ္တိကောင်းတဲ့ လူပါ့လား...
ကျယ်လောင်စွာရယ်သံနှင့်အတူ သေမင်းပျောက်ကွယ် သွားတော့သည်။ မီးမှိန်မှိန်လင်းနေသော အခန်းများမှ ငရဲသားများ ထွက်လာကြတော့သည်။ တချို့က ကျွန်ုပ်ကို အော်ဟစ် ခေါ်နေကြသည်။ တချို့ ကျွန်ုပ်ကို ၀ါးမျိုချင်နေကြသည်။ ကျွန်ုပ်အတွက် အားလုံးကို ပြန်ချရန် လမ်းသာ ရှိတော့သည်မို့ ချရန်ဟန်ပြင်လိုက်စဉ်၊

ကျောင်းအုပ် ။ ။ မိုးဇက်၊ ငါကို ကယ်ပါအုန်းကွာ။ ငါကို မထားခဲ့ပါနဲ့...
မီးကျွမ်းလောင်နေသော အခန်းတစ်ခန်းထဲမှ ကျောင်းအုပ် အသံကို မသဲမကွဲကြားလိုက်ရ၍ လှမ်းကြည့်လိုက်သည်။ ငရဲသားတွေကြားမှ အတင်းတိုးထွက်နေသော ကျောင်းအုပ်ကို ကြည့်၍၊

ကျွန်ုပ် ။ ။ ကိုယ်အကုသိုလ်နဲ့ ကိုယ်ပဲ၊ ကျွန်ုပ်လည်း မကယ်နိုင်ဘူး။ ကျွန်ုပ် ကိုယ်ကိုတောင် အနိုင်နိုင်ရယ်...
ငရဲသားတွေ နီးကပ်လာလျှင် ဘေးမှ ငရဲမီးအိုးကြီးကို အားဖြင့် အတင်းသွန်ချကာ ငရဲတံခါးပေါက်သို့ ထွက်ပြေးတော့သည်။ ငရဲတံခါးပေါက်ရှေ့ ရောက်မှ သေမင်းနှင့် ပြန်ဆုံတော့သည်။

သေမင်း ။ ။ မိုးဇက်၊ ခင်မျာခုရော သေချင်သေးရဲ့လား...
ကျွန်ုပ် ။ ။ ခင်မျာသာ ကျွန်ုပ်နေရာမှဆိုရင် သေချင်ပါ့မလားဗျ...
သေမင်း ။ ။ ခင်မျာ သတ္တိကိုတော့ ကျွန်ုပ်လေးစားသွားပြီ။ ဒီတစ်ခါ ခင်မျာကို အသက်ရှင်ခွင့်ပေးနိုင်မယ်...
ပြောရင်း ကျွန်ုပ်လက်ကို ဆွဲကိုင်လိုက်ရာ အိပ်မက်မက်နေရာက နှိုးထ သလိုပင် လန့်နှိုးသွားတော့သည်။ သတိရချိန်တွင် ကျွန်ုပ်ကျောင်း မြက်ခင်းပြင် ပေါ်သို့ ပြန်ရောက်ရှိနေသည်။ ကျွန်ုပ်ဘေးတွင်လည်း ကျောင်းသားများ ၀ိုင်းအုံနေကြသည်။

ကျောင်းသား ။ ။ မိုးဇက်၊ ပြန်သတိရလာပြီကွ...
တခြား ။ ။ ဟာ၊ တခါတည်း သေသွားတာ မဟုတ်ဘူး...
နောက် ။ ။ သေသွားပြီမှတ်လို့ ၀မ်းသာသွားတာ။ အလကားပဲ၊ တောက်...
ကျောင်းသား ။ ။ ဟုတ်ပကွာ...
ကျွန်ုပ် ပြန်သတိရလာသည်ကို မည်သူမှ ၀မ်းမသာကြပေ။ ကျွန်ုပ်တကယ်များ ခုနေ သေသွားခဲ့လျှင် ကျောင်းအုပ်ကဲ့သို့ပင် အားလုံးက ၀မ်းသာနေမည်ကို တွေးကာ စိတ်ထဲမှာ ဘ၀င်မကျဖြစ်နေမိသည်။ မလှမ်းမကမ်းတွင်ရပ်ပြီ ကျွန်ုပ်ကို ကြည့်နေသော အသက်စက်စက် ဆရာမလေးကို ကျွန်ုပ် ပြန်ငေးကြည့်နေမိသည်။ ခဏကြာမှ ဆရာမလေး ကျွန်ုပ်နားသို့ လမ်းလျှောက်လာပြီ၊

ဆရာမလေး ။ ။ မင်း နေကောင်းသွားပြီလား...
ကျွန်ုပ် ။ ။ ဟုတ်၊ ကောင်းပါတယ်...
ဆရာမလေး ။ ။ ဆရာမလည်း အတန်းရှိသေးလို့ သွားလိုက်အုန်းမယ်...
ဆရာမလေး လှည့်ထွက်မှ ကျွန်ုပ်မှာ မေးစရာ တစ်ခုပေါ်လာ၍၊

ကျွန်ုပ် ။ ။ ဟို...
ဆရာမလေး ။ ။ ဟင်...
ကျွန်ုပ် ။ ။ ဘာမှမဟုတ်တော့ဘူး။ သွားပါ၊ သွားပါ...
ကျွန်ုပ် မေးချင်သည်မှာ ဆရာမလေးရဲ့ ကိုယ်ရေးရာဇာဝင်ကိုပင်။ ဒီလောက်အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ ကျွန်ုပ်တို့ကျောင်းတွင် ဆရာမလာလုပ်နိုင်သည်ကို စိတ်ထဲက ချီးကျူးမိသော်လည်း သိပ်တော့ မသင်္ကာမိပေ။ ကျောင်းက အပြန်တွင် ပေါင်ချိန်ဆေးရုံသို့ ၀င်ကြည့်ရန် ထွက်လာခဲ့သည်။ ပေါင်ချိန် ဆေးရုံအခန်းနားရောက်တော့ သေမင်းရပ်ပြီ အခန်းထဲသို့ ကြည့်နေသည်ကို တွေ့၍ ကျွန်ုပ် အရမ်းထိတ်လန့်သွားသည်။ ပေါင်ချိန်များ သေသွားပြီလားဆိုသော အတွေးဖြင့် သေမင်းအကျီင်္ကို စောင့်ဆွဲလိုက်ပြီ၊

ကျွန်ုပ် ။ ။ ခင်မျာ၊ ကျွန်ုပ်သူငယ်ချင်း ဘာလုပ်လိုက်ပြီလဲ...
သေမင်း ။ ။ ဖြည်းဖြည်းပေါ့။ ကျွန်ုပ်ကို သူနာပြု ချောချောလေးတွေ ကြည့်နေတယ်...
မျက်ရိပ်ပြသော ဘက်ကို ကြည့်လိုက်မှ သူနာပြုဆရာမလေးများ သေမင်းကို ခန့်၍ လာရောက် ၀ိုင်းငန်းနေကြသည်ကို သက်ပြင်းချလိုက်မိသည်။ သေမင်းကို ကြိုက်တဲ့ မိန်းမကလည်း ရှိသေးသားဟု တွေးကာ ရယ်လည်း ရယ်ချင်မိသည်။ ကျွန်ုပ်လက်ကို ပြန်လွှတ်လိုက်ပြီ၊

ကျွန်ုပ် ။ ။ ကျွန်ုပ် သူငယ်ချင်းကို ထိရဲထိကြည့်။ ခင်မျာ တစစီ ဖြစ်သွားမယ်...
သေမင်း ။ ။ ခင်မျာ သူငယ်ချင်းကို စိတ်မပူမနေနဲ့။ စိတ်ပူရမှာက ခင်မျာ ကိုယ်တိုင်ပါ။ မယုံရင် သွားတွေ့ကြည့်ပေါ့...
ကျွန်ုပ် ။ ။ ဖယ်...
သေမင်းကို မယုံသင်္ကာစွာ ကြည့်ပြီ ပေါင်ချိန် ဆေးရုံခန်းထဲသို့ ၀င်လာခဲ့သည်။ ပေါင်ချိန်အိပ်ပျော်နေသည်ကို တွေ့မှ ကျွန်ုပ်စိတ်ကျေနပ်စွာ ပြန်ထွက်လာခဲ့သည်။

သေမင်း ။ ။ ကျွန်ုပ်တို့ တစ်ခုခု စားရင် ဆွေးနွေးကြတာပေါ့...
ကျွန်ုပ် ။ ။ ကောင်းပြီလေ...
သူနာပြုဆရာမတွေ သေမင်းနောက်သို့ အုပ်လိုက်ကြီး လိုက်လာသဖြင့် ကျွန်ုပ်စိတ်ထဲ ကသိုးကရွဖြစ်နေမိသည်။ သေမင်းကလည်း ပြုံးစိစိနဲ့ သူသိပ်စွန်တဲ့ပုံစံဖမ်း နေသေးသည်။ ဆေးရုံ စားသောက်ဆိုင်တွင် တူတူဝင်ထိုင်လိုက်သည်။ သေမင်းဘေးတွင် အမဲကောင်၊ အဖြူကောင် နှစ်ကောင်ကလည်း အမြဲပါနေသဖြင့်၊

ကျွန်ုပ် ။ ။ ဒါနဲ့ ဒီနှစ်ကောင်က ခင်မျာ ကလေးတွေလား...
သေမင်း ။ ။ ဟားဟား။ ကျွန်ုပ်က လူပျိုပါဗျ...
ဟုပြောလိုက်သည်နှင့် ဘေးမှ နားစွင့်နေကြသော အမျိုးသမီးအားလုံးက၊

အမျိုးသမီးများ ။ ။ ဟေးဟေးဟေး...
နားဆူအောင် ထအော်ကြတော့သည်။ စိတ်ပျက်စွာ ခေါင်းခါယမ်းလိုက်ပြီ၊

ကျွန်ုပ် ။ ။ ခင်မျာနဲ့ ကျွန်ုပ် ဆွေးနွေးမယ် ဆိုတာ ဘာလဲပြော...
သေမင်း ။ ။ ခင်မျာနဲ့ ကျွန်ုပ် အပေးအယူ လုပ်ကြရအောင်...
ကျွန်ုပ် ။ ။ အပေးအယူ...
သေမင်းကများ ကျွန်ုပ်လို လူနဲ့ အပေးအယူလုပ်မည် ဆို၍ အနည်းငယ် အံ့အားသင့်သွားတော့သည်။

သေမင်း ။ ။ ဟုတ်တယ်။ ခင်မျာ သတ္တိကို ကျွန်ုပ်လေးစားတယ်။ ဒါကြောင့် ကျွန်ုပ်ခိုင်းတာ တစ်ခုလုပ်ပေးရင်၊ ခင်မျာကို အသက်ရှင်ခွင့် ကျွန်ုပ်ပေးမယ်...
ကျွန်ုပ် ။ ။ ခင်မျာ အတည်ပြောနေတာလား...
သေမင်း ။ ။ ကျွန်ုပ်က သေမင်းပါ။ နောက်စရာလား...
ကျွန်ုပ် ။ ။ ကောင်းပြီလေ။ ဘာခိုင်းမှာလဲ...
သေမင်း ။ ။ ခင်မျာ သွေးစုတ်ဖုတ်ကောင်ကို ကျွန်ုပ်အစားသတ်ပေးရမယ်...
သွေးစုတ်ဖုတ်ကောင်ဟု ကြားလိုက်၍ မျက်ခုံးတစ်ချက် လှုပ်သွားတော့သည်။ သွေးစုတ်ဖုတ်ကောင် ဆိုသည်ကို ကျွန်ုပ် ဒဏရီတွေထဲမှာပင် ကြားဖူးသည်။ ခုသေမင်းက တဖန် သွေးစုတ်ဖုတ်ကောင်ကို သတ်ခိုင်းနေ၍ ကျွန်ုပ် ထူးဆန်းနေမိသည်။

ကျွန်ုပ် ။ ။ ခင်မျာ ကတိသာ တည်ပါစေ။ ကျွန်ုပ် သတ်ပေးမယ်...
သေမင်း ။ ။ ကောင်းပြီ။ ဒါဆို ခင်မျာတို့ကျောင်းက ဆရာမလေးကို တပတ်အတွင်း သတ်ပေး...
ကျွန်ုပ် ။ ။ ဗျာ...
ဆရာမလေးကို သွေးစုတ်ဖုတ်ကောင်ဟု ပြောလိုက်သဖြင့် ကျွန်ုပ် တခါမှ မတုန်လှုပ်သော စိတ်မျိုးဖြင့် ထိတ်လန့်သွားတော့သည်။


-----------------------------------------------------

ဆက်ရန်

No comments:

Post a Comment