Sunday, August 15, 2010

ယာကူဇာချစ်သူ အခန်းဆက်-၁၆ (အိမိ)


အခန်း-၁၆ (အိမိ)

ကျွန်မ သူငယ်ချင်းတွေနဲ့ ချိန်းထားသည့် စားသောက်ဆိုင်ထဲတွင် စောရောက်နေသည်။ ဆူရှီ နှင့် ဆာရှီမီ တအောက်နေတော့ ၀င်လာကြသည်။ တူတူလာသော်လည်း တစ်ယောက်နှင့် တစ်ယောက် အမြင်သိပ်ကြည်ပုံ မပေါ်ပေ။ ဆာရှီမီက တံခါးဖွင့်ပြီ ဆူရှီ ၀င်မယ် အလုပ်တွင် တံခါးကို တမင်ပြန်ပိတ်ခဲ့၍ ဆူရှီက စောင့်တွန်းပြီ နောက်မှ လိုက်ဝင်လာသည်။ ထိုင်မယ် လုပ်တော့လည်း ဆာရှီမီထိုင်မည့် ထိုင်ခုံကို ဆူရှီက တမင် ဆွဲထိုင်လိုက်သဖြင့် ဆာရှီမီတစ်ယောက် ကြမ်းပြင်ပေါ် ပြန်လှန်လှဲ လှဲကျသွားသည်။

ဆာရှီမီ ။ ။ ဆူရှီ ဒါနင်တမင်လုပ်တာမလား…
ဆူရှီ ။ ။ တမင် လုပ်တော့ ဘာဖြစ်လဲ…
ကျွန်မ ။ ။ နင်တို့နှယောက် ဟိုနေ့က ကျောင်းအုပ်ရိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခုထိ အစာမကျေ သေးဘူးလားဟ…
ဆူရှီ၊ ဆာရှီမီ ။ ။ အာ မဟုတ်ပါဘူး…



သူတို့ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီ မျက်နှာလွှဲလိုက်ကြသည်။ မဟုတ်ပါဘူးလို့ ကျွန်မကို ပြောင်လိမ်သွား ကြသေးသည်။ ဆာရှီမီ လူလည်ကျလို့ ကျွန်မတို့ ရိုက်ခံရတဲ့ကိစ္စကို ဆူရှီက မကျေနပ်သေးပုံ ရသည်။ ကျွန်မ တစ်ဘက် တစ်ချက်တွင် ထိုင်၍ စူပုပ်နေကြသည်။

စားပွဲထိုး ။ ။ အစ်မ ပီဇာ ဘယ်သူ မှာထားလည်း မသိဘူး…
ကျွန်မ စားပြီပြီမို့ ဆာရှီမီ နှင့် ဆူရှီ အတွက် မှာပေးထားခြင်း ဖြစ်၍၊

ကျွန်မ ။ ။ ဒါ နင်တို့ အတွက် ငါမှာထားပေးတာ။ ငါက စားပြီပြီ…
ဆူရှီ ။ ။ အေး ကျေးဇူးပဲ…
စားပွဲထိုးက ပီဇာကို ဆူရှီကို လှမ်းပေးတွင်။ ဆူရှီက ၀မ်းသာစွာဖြင့် ပီဇာကို ယူမယ် အလုပ်တွင် ဆာရှီမီက ပီဇာဆွဲယူုသည်။ ဆူရှီက ပီဇာကို တဖန် ပြန်ဆွဲလုပြန်သည်။

ဆာရှီမီ ။ ။ ဖက်တီးမ ငါပီဇာ ပြန်ပေး…
ဆူရှီ ။ ။ ရာရာစစ ပိန်ရှည်မကများ။ ငါအားကို နိုင်ရင် လုစားလေ…

စားပွဲထိုးက ပီဇာ ဆွဲလုနေသော သူတို့ နှစ်ယော်ကို ကြည့်ပြီ ဘာလုပ်ရမှန်း မသိဖြစ်နေသည်။ သူတို့ ကြားမှာ ပီဇာခမျာ ဟိုဘက်ရောက်လိုက်၊ ဒီဘက်ရောက်လိုက်ဖြင့် ဆွဲရင်းဆွဲရင်း အရှိန်လွန်ပြီ ကြမ်းပြင်ပေါ်သို့ အားလုံးမှောက်ချ သွားတော့သည်။

ဆူရှီ ။ ။ အမယ်လေး ငါပီဇာတွေ ကုန်ပါပြီ။ ဟိဟိဟိ…
ဆူရှီက ပြုတ်ကျသွားသော ပီဇာတွေ ကြည့်ပြီ ၀မ်းနည်းပက်လက် ဖြစ်နေရှာသည်။ ဆာရှီမီက ဘာမှ မပြောသော်လည်း သူလည်း ဗိုက်ဆာနေတာမို့ နှမြောတတ်သ ဖြစ်နေသည်ကို ကျွန်မသိသည်။ ထို့နောက် ယူမီကို ဆိုင်တွင်းသို့ ၀င်လာသဖြင့် ကျွန်မ လက်ပြလှမ်းခေါ်လိုက်သည်။ ယူမီကို နောက်မှ ကပ်ပါသူမှာ မာဖီယာနဲ့ ရုပ်ချင်းဆင်သည်ဟု တွေးလိုက်မိသည်။ မာဖီယာနှင့် ယူမီကို တူတူလာစရာ အကြောင်း မရှိတာမို့ မဖြစ်နိုင်ပါဘူး ကျွန်မ တွေးလိုက်သည်။ သေသေ အနီးကပ်ကြည့်မှ မာဖီယာ ပဲဟု တွေးနေစဉ် မာဖီယာ ယူမီကို လက်ကို နောက်မှ လှမ်းကိုင်လိုက်သဖြင့် ကျွန်မတို့ အားလုံး ‘ဟင်’ ပြိုင်တူ ထအော်လိုက်မိသည်။

ဆူရှီ ။ ။ ယူမီကို လက်ကို မာဖီယာ ကိုင်...
ယူမီကို သူမလက်ကို ကိုင်သဖြင့် သိပ်မကြိုက်ပုံ ပေါ်သော်လည်း အပြုံးမပျက်ပဲ ရယ်နေသည်။ သူတို့နှစ်ယောက် ဘာလို့ တွဲလာသည်ကို အရမ်းအံ့ဘြမိသည်။

မာဖီယာ ။ ။ အားလုံး မင်္ဂလာပါခင်ဗျာ။ ကျွန်တော် ကိုတော့ သိပြီသား ဖြစ်ကြမှာပါ။ ကျွန်တော် နာမည် နာဂါတိုလို့ ခေါ်ပါတယ်။ တွေ့ရတာ ၀မ်းသာပါတယ် ခင်ဗျာ…

အရမ်းနူးညံ့သိမ့်မွေ့ နေသော မာဖီယာကို ကြည့်၍ မာဖီယာမှ ဟုတ်ရဲ့လား သေချာ ကြည့်ရသေးသည်။ ဆူရှီက ကျွန်မနားကပ်၍၊

ဆူရှီ ။ ။ အိမိ အဲဒါ မာဖီယာ မဟုတ်လားဟဲ့…
ကျွန်မ ။ ။ မာဖီယာနဲ့ တူသလိုလိုပဲ။ ဒါပေမယ့် ပိုချောနေသလိုပဲ၊ ငါတို့ ဟိုတစ်ခါတွေ့တုန်းက စုတ်ပြတ်သတ်နေတာလေ…
ဆူရှီ ။ ။ အဲတုန်းက ငါတို့ ၀ိုင်းရိုက်ထားတာကိုး…
ကျွန်မ ။ ။ အေးဟုတ်သားပဲ…
ကျွန်မတို့ စကားပြောနေစဉ် မာဖီယာက သူဆံပင်ကို အပေါ်သို့ လက်ဖြင့် သတ်လိုက်ပြီ၊
မာဖီယာ ။ ။ ကျွန်တော်က ယူမီကို ချစ်သူပါ…

ထပ်နှုတ်ဆက်၍ ယူမီကို ပခုံးကို သိုင်းဖက်လိုက်သဖြင့် ကျွန်မတို့ အားလုံး လန့်ပြီ ထိုင်ခုံ နောက်ပြန် လှဲကျသွားသည်။ မာဖီယာက သူကိုယ်သူ ယူမီကို ချစ်သူ ပြောနေပါ့လား။ မဖြစ်နိုင်ဘူး ကျွန်မစိတ်ထဲ ရေရွှတ်နေသည်။ ယူမီကို ငယ်သူငယ်ချင်း ဖြစ်တာမို့ ကျွန်မ ယူမီကို မာဖီယာကို ဒီလို အချိန်တိုအတွင်း ပြန်မကြိုက်ဘူးဆိုတာ ကျွန်မသိနေသည်။ ယူမီကိုက မာဖီယာ လာဖက်ထားသော လက်ကို မသိမသာ တွန်းထုတ်နေသည်ကို ကျွန်မသတိထားမိ လိုက်သည်။ ယူမီကိုကို တစ်ခုခုအကျပ်ကိုင်ထားပုံ ရ၍ မာဖီယာကို မတွန်းလှန်နိုင်ခြင်း ဖြစ်ရမည်ဟု ကျွန်မတွေးနေသည်။ ဆာရှီမီကတော့ မာဖီယာနားကပ်၍၊

ဆာရှီမီ ။ ။ မာဖီယာ၊ အဲ နာဂါတိုက အရင်တုန်းက ကြာကူလီနဲ့ တူတယ် ထင်နေတာ။ ခုတော့လည်း တကယ်လူချောပါ့လား…
ဆာရှီမီရဲ့ စကားကို မာဖီယာ သဘောကျရအခက်၊ စိတ်ဆိုးရ အခက် ဖြစ်နေရှာသည်။
မာဖီယာ ။ ။ ဟဲဟဲ။ ကျွန်တော်တို့ နှစ်ယောက် မလိုက်ဖက်ဘူးလား…
မာဖီယာက ယူမီကိုပခုံးကို သူနားဆွဲခေါ်လိုက်သည်။ ယူမီကို ဘာမှ မပြောပဲ ဟဲဟဲ လို့သာ ရယ်နေသည်။

ဆာရှီမီ ။ ။ လိုက်တာမှ အရမ်းလိုက်တာပဲ…
ကျွန်မ ။ ။ အင်း လိုက်ဖက်ပါတယ်…
ဆူရှီ ။ ။ ဘယ်လိုလုပ် လိုက်ဖက်မှာလည်း။ ယူမီကိုက ဒေါင်းဆိုရင်၊ သူက မြေးခွေးပုံနဲ့များ ဟွန်း…
ဆာရှီမီ ။ ။ ဆူရှီ နင်သူများတွေကို မနာလို ဖြစ်မနေနဲ့။ နာဂါတိုက ဒီလောက် ချောတဲ့ဟာကို…

ဆာရှီမီကတော့ ယောကျာ်းချောချော တွေ့ရင် မနေနိုင်သူ ပြီပြီပင်။ ဆူရှီကတော့ မာဖီယာကို အမြင်မကြည်လင် သေးပုံ ရသည်။ မာဖီယာက ပြောလို့သာ ပြောရတယ် ခုလို ၀တ်စားထားတော့ တော်တော်ခန့်နေသည်။

မာဖီယာ ။ ။ ကျွန်တော်က မချောရပါဘူးဗျာ။ အချစ်ကသာ လှလွန်းတာမို့ မြင်မြင်ချင်း ချစ်မိတာပါ။ မဟုတ်လား အချစ်…
ယူမီကို ပါးကို လှမ်းဆွဲလိုက်သည်။
ယူမီကို ။ ။ ဟုတ်တယ်။ ဟုတ်တယ်…
ယူမီကိုက မာဖီယာက ပါးကို တမင်နားအောင် ပြန်လိမ်ဆွဲလိုက်သည်။

မာဖီယာ ။ ။ အားနာလိုက်တာ။ ကျွန်တော် အချစ်က နည်းနည်းကြမ်းတယ်ဗျ။ ဟီးဟီး…
ဆာရှီမီကတော့ ယူမီကိုတို့ စုံတွဲကို အရမ်းကို အားကျနေလေသည်။

ဆာရှီမီ ။ ။ အရမ်းကို Romantic ဖြစ်လိုက်တာ။ အားကျလိုက်တာဟယ်…
ဆူရှီကတော့ ဆာရှီမီနဲ့ ဆန့်ကျင်ဘက် လိုက်ပြောသည်။
ဆူရှီ ။ ။ ရုပ်ကြမ်းကြီးနဲ့များ နွဲ့ပြနေတယ်…

ကျွန်မကတော့ ဘာမှ ၀င်မပြောပဲ သူတို့ ဒီလောက် အဆင့်အထိ ဘယ်လို ရောက်သွားသည်ကို ကျွန်မမယုံနိုင်ပဲ သံသယ မျက်လုံးများဖြင့်သာ ကြည့်နေမိသည်။

ယူမီကို ။ ။ နင်တို့ ဘာစားကြမလဲ၊ မှာချင်တာ မှာလေ…

ဆာရှီမီနဲ့ ဆူရှီက ဗိုက်ဆာ နေတာမို့ ၀မ်းသာအားရဖြင့်၊
ဆာရှီမီ၊ဆူရှီ ။ ။ ဘြော်အေး၊ ငါကို…
ဆူရှီ စကားမဆုံးခင် ကျွန်မ ၀င်ဖြတ်၍၊
ကျွန်မ ။ ။ ငါတို့ အားလုံး စားပြီသွားပြီ၊ ဗိုက်ပြည့်နေလို့ မမှာတော့ဘူး။ နင်တို့ပဲ စားကြ…
ဆာရှီမီ နှင့် ဆူရှီက ကျွန်မကို မကျေနပ်သည့် အကြည့်ဖြင့် လှမ်းကြည့်သည်ကို ကျွန်မ မသိချင် ယောင်ဆောင်နေသည်။

ယူမီကို ။ ။ ဒါဆို ငါလည်း မစားတော့ပါဘူး…
မာဖီယာ ။ ။ အချစ်ကလည်း နေမကောင်း ဖြစ်တော့မှာပါ။ ကိုယ်ကို ဒယ်ဒီနဲ့ မာမီက အပ်ထားတာ၊ မဖြစ်ပါဘူး။ တစ်ခုခု မှာကျွေးမှ ဖြစ်မှာပါ…

ယူမီကို မိဘတွေကို ဒယ်ဒီ၊ မာမီ ခေါ်လိုက်သဖြင့် အံ့အားသင့်ပြီးရင် အံ့အားသင့်နေမိသည်။ မာဖီယာသည် စားပွဲထိုးကို လှမ်းခေါ်လိုက်၍၊

မာဖီယာ ။ ။ ပီဇာ၂ချပ်၊ ကြက်ကြော် တစ်ပွဲ၊ အာလူးကြော် တစ်ပွဲ၊ ရေခဲမုန့် ၂ခု၊ ကိုလာ ၂ခွက် မြန်မြန်လေး လုပ်ပေးနော်။ အချစ်က ဗိုက်ဆာနေပြီ…

ပြောကာ ယူမီကိုကို လှမ်းရယ်ပြသည်။ ယူမီကိုကလည်း ထောက်ခံတဲ့ သဘောနဲ့ ပြန်ရယ်ပြသည်။ ခဏနေတော့ စားပွဲထိုးက မှာထားသည်များကို လာချပေးသည်။ ယူမီကို နှင့် မာဖီယာ ရှေ့တွင် ဟင်းလျာတွေ ပြည့်နှက်နေသည်။
ယူမီကို ။ ။ ဒီလောက် အများကြီး ဘယ်ကုန်ပါ့မလဲ၊ နင်တို့လည်း ၀ိုင်းစားကြလေ…
ဆူရှီ ။ ။ ဘြော် အေးစားပေးမှာပေါ့။ ဟီးဟီး…
ဆူရှီက ကြက်ကြော်တစ်တုံး ယူရန် လက်ရွယ်နေစဉ်၊

မာဖီယာ ။ ။ အာ အချစ်ကလည်း အချစ်စားချင်လို့ တမင်မှာ ထားတဲ့ဟာကို။ သူများကို မကျွေးပါနဲ့။ မရဘူးကွာ ကိုယ်ခွံ့ကျွေးမှ ဖြစ်မယ်။ ပါးစပ်လေးဟ ပါအုန်း…
ဆူရှီ ရွယ်ထားတဲ့ လက်ကို ရှက်ပြီ ပြန်သိမ်းလိုက်သည်။

ယူမီကို ။ ။ ရပါတယ် ကိုယ်မှာကိုပဲ စားပါ့မယ်…
မာဖီယာ ။ ။ မရဘူး ပါးစပ်ဟ ပါဆို။ အာ…

မာဖီယာက သူလည်း စားလိုက်၊ ယူမီကို ပါးစပ်ထဲသို့ တစ်ခုပြီး တစ်ခု ခွံ့လိုက်လုပ်နေသည်။ ကျွန်မတို့ကို စားမလား တစ်ခွန်းလေးတောင် မမေးပေ။

ဆာရှီမီ ။ ။ ယူမီကို နင်အရမ်းကံကောင်းတာပဲ။ ဒီလို ဂရုစိုက်တဲ့ချစ်သူမျိုး ငါလည်း လိုချင်လိုက်တာ…
ယူမီကို ။ ။ အေး။ ဟဲဟဲဟဲ…

မာဖီယာက ထပ်ခွံ့မယ် အလုပ်တွင်၊
ယူမီကို ။ ။ ဗိုက်အရမ်းပြည့်နေပြီ…
မာဖီယာ ။ ။ ဒါဆိုလည်း…
မှာထားတာတွေ များနေပြီ မာဖီယာနဲ့ ယူမီကို မစားနိုင်ပဲ ပီဇာ တစ်ချက်၊ ကြက်ကြော်၊ အားလူးကြော်တွေ အများကြီး ပိုနေသည်။ ပိုနေရင် ဆူရှီက သူတို့ကို ကျွေးမလား မျှော်လင့်ချက်လေးဖြင့် ကြည့်နေရှာသည်။ မာဖီယာ စားပွဲထိုးကို လှမ်းခေါ်၍၊

မာဖီယာ ။ ။ ပိုတာတွေ အားလုံး ထုပ်ပေးပါ။ ကျွန်တော် အိမ်က ခွေးကို ကျွေးမလို့ပါ…
စားပွဲထိုး ။ ။ ဟုတ်ကဲ့…
မာဖီယာ ။ ။ ဘယ်လောက်ကျလည်း…
စားပွဲထိုးက ပြေစာ စာရွက်ကို မာဖီယာကို ပေးလိုက်သည်။ မာဖီယာက ယူမီကိုကို ပြန်ပေးလိုက်ပြီ၊

မာဖီယာ ။ ။ အချစ် ဒယ်ဒီ မုန့်ဖိုးပေးလိုက်တဲ့ ပိုက်ဆံထဲက ပေးလိုက်…
ယူမီကို ။ ။ အင်း ကိုယ်ပဲ ပေးလိုက်ပါ…
မာဖီယာ ။ ။ အချစ်ကလည်း လိမ္မာပါတယ်။ ပေးလိုက်ပါနော်…
ယူမီကို ။ ။ ကိုယ်အချစ်ကို ချစ်တယ် ဆိုရင် ပေးလိုက်ဆို…

ပိုက်ဆံ ရှင်းဖို့ အရေး နှစ်ယောက် ငြင်းခုံ နေကြသည်။ မာဖီယာက မအီမသာ ရုပ်ကြီးဖြင့် ပိုက်ဆံရှင်းပေးလိုက်သည်။ သူတို့ နှစ်ယောက် ဘာတွေ ရှုပ်နေကြသည်ကို ကျွန်မ နားကို မလည်နိုင်ပေ။ ဆူရှီတစ်ယောက် သရေတမျှမျှဖြင့် မျက်နှာပျက် နေရှာသည်။ ဆာရှီမီကတော့ အစားထက် ယူမီကိုနှင့် မာဖီယာကို ပိုစိတ်ဝင်စားနေသည်။

မာဖီယာ ။ ။ အချစ် ကိုယ် Toilet သွားလိုက်အုန်းမယ်။ စိတ်ချပါရစေနော်…
ယူမီကို ။ ။ အင်းပါ…
မာဖီယာ ။ ။ ကိုယ် အချစ်ကို ယုံလို့ရပါတယ်နော်…
ယူမီကို ။ ။ သွားစရာရှိ သွားပါဆို…
မာဖီယာက Toilet သွားမည်ကို ဘာကို စိတ်မချဖြစ်နေသည်ကို ကျွန်မ မသိပေ။ Toilet သွားရန် ခြေလှမ်းပြီမှ ပြန်လှည့်လာပြီ ကိုယ်ယုံကြည်နေမယ်နော် ထပ်ပြော၍ အိမ်သာထဲသို့ ၀င်သွားသည်။ မာဖီယာ အိမ်သာထဲ ၀င်သွားသည်နှင့်၊

ယူမီကို ။ ။ လာမြန်မြန်၊ ငါတို့ ထွက်ပြေးကြရအောင်…
ကျွန်မ ။ ။ အင်း ဘာဖြစ်လို့လဲ…

ယူမီကိုက ဘာမှ ပြန်မဖြေပဲ ဆိုင်ထဲတွင် ပြေးထွက်သွားသဖြင့် ကျွန်မတို့ ၃ယောက် နားမလည်စွာဖြင့် ယူမီကိုနောက်သို့ ပြေးလိုက်သွားကြသည်။ ယူမီကိုက အပြေးမြန်၍ သူမနောက်လိုက်ရသည်မှာ အလွန်မောသည်။ မာဖီယာ ဘာကို စိတ်မချဖြစ်နေသည်ကို ကျွန်မခုမှ နားလည်နိုင်တော့သည်။ ကျွန်မတို့လည်း ပြေးရင် မောလာသည်နှင့် လမ်းထောင့်ချိုးတစ်ခုမှာ ရပ်လျှက် အနားယူနေကြသည်။

ဆာရှီမီ ။ ။ ယူမီကို နာဂါတိုကို ထားခဲ့ပြီ ဘာလို့ ထွက်ပြေးလာတာလဲ…
ယူမီကို ။ ။ ငါနောက်မှ ရှင်းပြမယ်။ ခုမောလွန်းလို့…
ဆူရှီ ။ ။ ငါကတော့ ဗိုက်ဆာတာပဲ သိတယ်…
အိမိ ။ ။ ဆူရှီ ၀မ်းနည်း မနေပါနဲ့။ ငါမာဖီယာ ထုပ်ခိုင်းတဲ့ အထုပ်ဆွဲပြေးလာတာ။ ရော့ ဗိုက်ဆာရင် စား…

ဆူရှီက ၀မ်းသာအားရဖြင့် အထုပ်ဖြေ၍ စားတော့သည်။ ဆာရှီမီကလည်း စားချင်၍ ဆူရှီနားကပ်၍ သွားစားနေသည်။

မာဖီယာ ။ ။ ဟိတ် ကောင်မလေးတွေ…
မာဖီယာ အော်သံကြားလိုက်သဖြင့် ဘာကြောင့်မှန်းမသိပဲ၊ လိပ်ပြာလန့်မတတ် ဖြစ်သွားသည်။

ယူမီကို ။ ။ ဟဲဟဲ ဗိုက်တင်းနေလို့ လမ်းလျှောက်ထွက်ကြတာ …
မာဖီယာ ။ ။ အချစ်ကလေ ကိုယ်ကို စိတ်ပူအောင် တော်တော်လုပ်တယ်။ လူဆိုးမလေး…

ပြောကာ မာဖီယာ ယူမီကို လက်ကို အတင်းဆွဲပြီ ကျွန်မတို့နှင့် ခပ်လှမ်းတစ်နေရာမှာ တိုးတိုးနဲ့ စကားတွေ သွားပြောနေကြသည်။ ဆူရှီနဲ့ ဆာရှီမီကတော့ မုန့်တွေကို အငန်းမတက် စားနေကြသည်။ ကျွန်မကတော့ မာဖီယာနှင့် ယူမီကိုကို သေသေချာချာ အကဲခတ်နေသည်။ ခဏနေတော့ ပြန်ရောက်လာကြပြီ ယူမီကိုက ကာလာအိုကေ သွားဆိုဖို့ ပြော၍ ယူမီကိုကားဖြင့် ကျွန်မတို့ လိုက်လာကြသည်။ မာဖီယာ ကားမောင်း၍ ယူမီကိုက ဘေးမှာ ထိုင်သည်။ ကာလာအိုကေ ဆိုင်ရှေ့သို့ ရောက်တော့ ကျွန်မတို့ အားလုံး ဆိုင်တွင်းသို့ ၀င်လာခဲ့ကြသည်။
မာဖီယာက ယူမီကို လက်ကို လုံးဝမဖြုတ်ပဲ၊ အားဖြင့် ဆုပ်ကိုင်ထားသည်။ ယူမီကို ထိုင်မည့်ထိုင်ခုံကိုလည်း ဖုန်သုတ်ပေးလိုက်သေးသည်။ မာဖီယာ ဘယ်ချိန်က ၀ှက်ထားမှန်း မသိတဲ့ ပန်းစီးတစ်ခု ယူမီကိုကို လာယူပေးသေးသည်။ ကျွန်မတို့ အားလုံးလည်း သူတို့ နှစ်ယောက်ကို တငေးတမောပဲ ကြည့်နေမိသည်။ မာဖီယာ ယူမီကိုအပေါ် ဟန်ဆောင်ကောင်း နေတာလား၊ တကယ်ကောင်းနေတာလား ကျွန်မလည်း ဝေခွဲမတတ်ပေ။ ဆာရှီမီကတော့ သူတို့ စုံတွဲကို အားကျသူ ဖြစ်သည့်အလျောက်၊

ဆာရှီမီ ။ ။ နာဂါတိုက ကြင်နာလိုက်တာနော်။ တို့ကိုလည်း နာဂါတို သူငယ်ချင်း တစ်ယောက်လောက်နဲ့ မိတ်ဆက်ပေးပါလား…

မာဖီယာက ဆာရှီမီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီ၊

မာဖီယာ ။ ။ ဆာရှီမီ လို မိန်းမချောလေး ဆိုရင် ကျွန်တော် သူငယ်ချင်းထဲမှ အကောင်းဆုံး၊ အချောဆုံးနဲ့ မိတ်ဆက်ပေးမယ် စိတ်ချ…

ဆာရှီမီက မျက်လုံးမှ ကြယ်တွေလင်းလက်လာပြီ၊

ဆာရှီမီ ။ ။ ယူမီကို နာဂါတိုက သဘောကောင်းလိုက်တာဟယ်…
ယူမီကို ။ ။ အေး သူက အရမ်းသဘောကောင်းတာ…
ယူမီကိုက မာဖီယာ နောက်ကျောကို တမင်နာအောင် ဗန်းခနဲ ရိုက်လိုက်သဖြင့် မာဖီယာ တော်တော် နာသွားပုံပေါ်ပြီ ခဏကြာ ပြန်ရယ်နေပြန်သည်။ ဆူရှီကလည်း ဆာရှီမီ အတွက် ရှာပေးမယ်ပြော၍ အားကျမခံ၊

ဆူရှီ ။ ။ အဟမ်းအဟမ်း…
ဆူရှီက မာဖီယာကို သူအတွက်လည်း ရှာပေးဆိုသည့်ပုံမျိုးဖြင့် ဆံပင်ကို ခါးယမ်းပြလိုက်သည်။ မာဖီယာက ဆူရှီကို ခြေဆုံး ခေါင်းဆုံးကြည့်ပြီ ခေါင်းကုတ်၍ မျက်နှာလွှဲသွားသဖြင့် ဆူရှီ ဒေါသထွက်နေသည်။ ကျွန်မမှာ ကြားထဲက အူလိမ့်နေသည်။ ဆာရှီမီက ထပ်ရှာရှည်ပြန်သည်။

ဆာရှီမီ ။ ။ ယူမီကို ယာကူဇာဂိုဏ်း ၀င်တော့မယ်ဆို…
မာဖီယာ ။ ။ မဟုတ်ပါဘူး။ အားအားအား၊ နာတယ်ဗျ…
မာဖီယာကို ယူမီကို တစ်ခုခု လုပ်လိုက်ပုံပေါ်သည်။
ဆာရှီမီ ။ ။ ဘာဖြစ်သွားတာလဲ…
မာဖီယာ ။ ။ ဟုတ်တယ်လို့ ပြောတာပါ။ မြွှေနီဂိုဏ်း လက်ထောက်နဲ့တောင် ဂိုဏ်းဝင်ဖို့ ပြောထားသေးတယ်…
ကျွန်မ ။ ။ ယူမီကိုက နဂါးနီ ဂိုဏ်းဝင်မှာ မဟုတ်ဘူးလား…
ယူမီကိုက မာဖီယာကို တစ်ဒေါင်နဲ့ တွတ်လိုက်ပြီ၊
ယူမီကို ။ ။ ကိုယ်ကလည်း နဂါးနီဂိုဏ်းလေ ဘာတွေ လျှောက်ပြောနေတာလဲ…
မာဖီယာ ။ ။ နဂါးနီဂိုဏ်း။ ဘြော်ဟုတ်တယ် နီချင်တူတာနဲ့ မှားပြောတာ…
ဆာရှီမီကလည်း ယာကူဇာဂိုဏ်းဝင်ချင်သည့် အရူးတစ်ယောက် ဖြစ်တာမို့၊

ဆာရှီမီ ။ ။ ကျွန်မကိုလည်း ယာကူဇာဂိုဏ်းဝင်ဖို့ ကူညီပေးလို့ မရဘူးလားဟင်…
မာဖီယာ ။ ။ ရတာပေါ့။ ကူညီပေးရမှာပေါ့…
ကျွန်မ ယူမီကိုကို အကဲခတ်လိုက်တော့ ယူမီကို မျက်မှောင်ကုတ်ပြီ မာဖီယာကို လှမ်းကြည့်နေသည်။
ဆူရှီ ။ ။ ငါလည်း ယာကူဇာဂိုဏ်းချင်တယ်…
ဆာရှီမီ ။ ။ နင်ပုံနဲ့ ဟွန်း။ ငါလို ချောမှ ယာကူဇာဂိုဏ်းက လက်ခံမှာပေါ့…
မာဖီယာ ။ ။ ဆူရှီလည်း ဖြစ်နိုင်ပါတယ်။ နှစ်ယောက်စလုံး ယာကူဇာဂိုဏ်းဝင်အောင် ကျွန်တော် ကူညီပေးပါ့မယ်…
ဆူရှီ ။ ။ ဟယ် တကယ်ပြောတာလား။ ယူမီကို မာဖီယာက မဆိုးဘူးပဲ…
ဆူရှီကလည်း ယာကူဇာဂိုဏ်းဝင် ရမည်ဆိုတာနဲ့ မာဖီယာကို ချက်ချင်း အမြင်ကြည်သွားသည်။ ကျွန်မကတော့ ကျွန်မကို ဂိုဏ်းဝင်ခိုင်းမှာ စိုး၍ တိတ်ဆိတ်စွာ နေနေသည်။

မာဖီယာ ။ ။ ယာကူဇာဂိုဏ်းဝင်ဖို့ ကူညီပေးတာ ပြသာနာ မရှိပါဘူး။ ဒါပေမယ့်…
ဆာရှီမီ ။ ။ ဒါပေမယ့် ဘာဖြစ်လည်းဟင်…
မာဖီယာ ။ ။ ဂိုဏ်းဝင်ဖို့က လက်ထောက်ကို နည်းနည်းပါးပါးတော့ ပေးကမ်းရတယ်ဗျ။ ကျွန်တော်က မယူပါဘူး၊ သူကို ပေးရတာပါ…
ဆူရှီ ။ ။ ဟိုတစ်ခါ ယူမီကိုဆီက လိမ်တောင်းတဲ့ ယမ်းသိန်း ၂၀လောက် ပေးရမှာလားဟင်…
မာဖီယာ ။ ။ အဲလောက် မပေးရဘူး၊ နည်းနည်းပါးပါးပါပဲ။ ဟဲဟဲဟဲ…

မာဖီယာက ပိုက်ဆံတောင်းတော့ ပါးစပ်က ဖြီးနေတာပဲလေ။ ဆာရှီမီက သူအမေပေးထားတဲ့ ဆွဲကြိုးလေးကို ကြည့်ပြီ ရောင်းပေးဖို့ ကြံနေပုံရသည်။ ဆူရှီကတော့ သူဝတ်ထားတဲ့ ဟမ်းချိန်းလေးကို ကိုင်ကြည့်နေသည်။ ကျွန်မကတော့ ဘာမှ ၀င်မပြောပဲ အကဲပဲခတ်နေသည်။ ယူမီကိုက မာဖီယာနားသို့ ကပ်လျှက်၊

ယူမီကို ။ ။ အချင်းချင်းတွေ ပိုက်ဆံ မတောင်းနဲ့လေ…
မာဖီယာ ။ ။ နည်းနည်းပါးပါးပါပဲ။ ဟီးဟီးဟီး…
မာဖီယာ ။ ။ အိမိရော ယာကူဇာဂိုဏ်း မ၀င်ချင်ဘူးလား။ ကျွန်တော် ကူညီပေးမယ်လေ…
ကျွန်မကို မေးနေဖြစ်၍ ကြောက်ကန်ကန်ပြီ၊

ကျွန်မ ။ ။ ကျွန်မက မွေးရာပါ နှလုံးရောဂါရှိတော့ ချတာတွေ မရဘူးလေ။ ဟဲဟဲဟဲ…
ဆာရှီမီ ။ ။ အိမိ အပိုမပြောနဲ့၊ နင်လည်း ၀င်ရမယ်…
ဆူရှီ ။ ။ အေးလေ၊ သူငယ်ချင်း ၄ယောက်ရှိတာ။ နင်တစ်ယောက်ထဲ မ၀င်လို့ မရဘူး…
ယူမီကို ။ ။ အိမိတော့ အလွှတ်ပေးလိုက်ကြပါ…
ကျွန်မ ။ ။ အေး ငါကိုတော့ ချမ်းသာပေးကြပါနော်…

မာဖီယာ ကာရာအိုကေကို ယူမီကိုနဲ့ တွဲဆိုလိုက်ဖြင့် ပျော်မြူးနေသည်။ ဆာရှီမီနဲ့ ဆူရှီကလည်း ယာကူဇာဂိုဏ်းဝင် ရမည်မို့ အရမ်းပျော်ရွှင်စွာ သီးချင်းဆိုကြသည်။ ကျွန်မ တစ်ယောက်ထဲ ဘက်ပဲ့ပြီ ထိုင်ငိုင်နေသည်။ သီချင်း ဆိုလို့ ပြီရော မာဖီယာ နှင့် ယူမီကိုက ကျွန်မတို့ကို အိမ်နားမှာ ချခဲ့ပေးပြီ ပြန်သွားကြသည်။

ဆူရှီ ။ ။ ဆာရှီမီ ငါတို့ ယာကူဇာဂိုဏ်းဝင် မှာဆိုတော့ သွေးသောက် ညီအစ်မဖွဲ့ရအောင်…
ဆာရှီမီ ။ ။ အေး ကောင်းတယ် ဖွဲ့မယ်…

ဆူရှီနှင့် ဆာရှီမီ တစ်ယောက်နှင့် တစ်ယောက် ဖက်ပြီ အရမ်းပျော်နေသည်။ တော်တော်ပဲ တတ်နိုင်တဲ့ နှစ်ယောက် ခုနကပဲ ရန်ဖြစ်၊ ခုတော့ ချစ်နေကြပြန်ပြီ တွေးရင်း ကျွန်မ အိမ်သို့ လမ်းလျှောက် ပြန်လာခဲ့သည်။ ပြန်လမ်းတွင်လည်း ယူမီကို နှင့် မာဖီယာ ချစ်သူ ဖြစ်သွားသည်ကို မသင်္ကာစိတ်ဖြင့် စဉ်းစားနေမိသည်။

-------------------------------------------

7 comments:

  1. နောက်တစ်ခန်းဆို မာဖီယာနဲ့ ယူမီကို ကြိုက်တော့မှာလား.. :)

    ReplyDelete
  2. ယာကူဇာဂိုဏ်းဝင်ဖို့ စာရင်းလာပေးပါတယ်..း)

    ReplyDelete
  3. မာဖီယာက ယာကူဇာဂိုဏ်းဝင်ချင်တဲ့ သူတွေ လိုက်စုနေတာနဲ့ အတော်ပဲ... :)

    ReplyDelete
  4. အလုပ်မအားတာနဲ့ ခုမှ စုပြီးလာဖတ်ဖြစ်တယ်..
    စိတ်ဝင်စားလာပြီ
    ကျွန်တော်တောင် မာဖီးယားဖြစ်ချင်လာတယ်..း)

    ReplyDelete
  5. လာအားပေးသွားလို့ ကျေးဇူးပါ။ နောက်ခန်းတွေ ပိုလို့ ဇာတ်ရှိန်တက်လာပါပြီ။ ဒီနေ့ ယာကူဇာ အခန်း-၁၇တင်ပါ့မယ်... ဆက်လက် အားပေးပါအုန်းနော်..:)

    ReplyDelete