Wednesday, October 6, 2010

ဟာကျူလီ (အခန်း၁- ဆိုင်ရှင်ကို ကျေးဇူးတုံ့ပြန်ခန်း)

ဟာကျူလီ
အခန်း၁- ဆိုင်ရှင်ကို ကျေးဇူးတုံ့ပြန်ခန်း

    ခွေးရောင်းဆိုင် တစ်ခုအတွင်းတွင် ခွေးအမျိုးအစားပေါင်းစုံ လှောင်အိမ်ကိုယ်စီဖြင့် ထည့်ထားသည်ကို တွေ့ရပေလိမ့်မည်။ ခွေးလှောင်အိမ်များသည် ကျဉ်းသည့် အပြင် သန့်ရှင်းလုပ်ပေးဖို့ လွန်စွာလိုအပ်နေလေသည်။ ထိုခွေးများထဲတွင် ခွေးပုFrench Bulldog အမျိုးအစား၊ ကိုယ်လုံးတွင်လည်း အဖြူရောင်တွင် အမဲကွက်ကြားလေးများပါပြီး၊ မျက်နှာအမဲရောင် နားရွက်ထောင်ထောင်နှင့် ရုပ်ဆိုးပြီး သန်မာလှသော “ဟာကျူလီ” ဟုခေါ်သည့် ရလအရွယ် ခွေးတစ်ကောင် ရှိလေသည်။ ဟာကျူလီသည် အစာစားချိန်ရောက်၍ အစာခွက်အလာကို လှောင်အိမ်ထဲမှ စောင့်မျှော်နေလေသည်။ သို့သော် အစာကျွေးချိန်ကျော်သည့် တိုင်အောင် ဆိုင်ရှင်က အလုပ်ရှုပ်နေ၍ ဘယ်သူမှ အစားလာမကျွေးကြချေ။ ဟာကျူလီမှာ သည်းမခံနိုင်တော့သည့်အဆုံး ဆိုင်ရှင် နားမခံသာအောင် အဆက်မပြတ် ဟောင်တော့သည်။

ဟာကျူလီ ။    ။ ၀ုတ်ဝုတ်ဝုတ်…
သူဟောင်သဖြင့် တခြားခွေးတွေကပါ ရောယောင်ပြီး လိုက်ဟောင်ကြတော့သည်။
ခွေးများ ။    ။ ၀ုတ်ဝုတ်ဝုတ်…
ဆိုင်ရှင် ။    ။ တိတ်စမ်း၊ တိတ်စမ်း။ မင်းတို့တွေ တစ်နေ့လောက် အငတ်ထား ထားမှ တန်မယ့်ဟာတွေ။ နားညဉ်းလိုက်တာနော်…

    ဟုငြီးတွားကာ ဟာကျူလီလှောင်အိမ်ကို ခြေထောက်ဖြင့် သုံးချက်လောက် ပိတ်ကန်၍ ခြောက်လန့်လေသည်။ ထိုသို့ခြောက်လှန့်လိုက်သောအခါ တခြားခွေးများ ငြိမ်ကျသွားသော်လည်း ဟာကျူလီမှာ ဇွတ်ပေကပ်ပြီး ဆက်ဟောင်နေလေသည်။ ထိုအခါ ဆိုင်ရှင်က သည်းမခံနိုင်တော့ပဲ ရေယူ၍ ဟာကျူလီကို ပတ်လိုက်တော့မှ ဟာကျူလီလည်း ဟောင်သံ ရပ်သွားတော့သည်။ 

ဆိုင်ရှင် ။    ။ ဒီခွေး တော်တော်လည်း ဆိုးတဲ့ကောင်။ နောက်လမှ ရောင်းမထွက်ရင် မင်းနဲ့ မင်းအဖေ လမ်းဘေးခွေး လုပ်ဖို့သာပြင်ပေတော့…

    ဟုကြိမ်းမောင်း အော်ဟစ်ကာ ထွက်သွားလေသည်။ ဟာကျူလီ တစ်ယောက် လှောင်အိမ်အတွင်းတွင် ထိုင်လျှက် အကြံထုတ်၍သာနေတော့သည်။ ဟာကျူလီ အကြံမှာ ငါလှောင်အိမ်ထဲက ထွက်ခွင့်ရတာနဲ့ အရင်ဆုံးလုပ်ရမဲ့ အလုပ်က ဆိုင်ရှင်ကို ပြေးကိုက်မယ်ဟူသော အကြံကြီး ဖြစ်လေသည်။ ဟာကျူလီဘေး လှောင်အိမ်ဘေးတွင် အပိတ်ခံထားရသူ၊ ဟာကျူလီ ဖခင်ဖြစ်သူ အိုးမင်းနေပြီ ဖြစ်သော အသက် ရနှစ်အရွယ် မွတ်တားက၊

မွတ်တား ။    ။ ဟေ့ကောင် ဟာကျူလီ၊ ငါကတော့ အသက်ကြီးနေပြီ ဆိုတော့ မျှော်လင့်ချက် မရှိတော့ဘူးကွ။ မင်းကတော့ ငယ်သေးတော့ ဒီလှောင်အိမ်ထဲက လွှတ်ဖို့ အခွင့်အရေး ရှိသေးတယ်…
ဟာကျူလီ ။    ။ ကျွန်ုပ်လည်း ဒီလှောင်အိမ်ထဲမှာ လုံးဝမနေချင်ပါဘူး။ ဒီက ထွက်ရမယ့် အခွင့်အရေးကိုပဲ စောင့်နေတာပဲ…
မွတ်တား ။    ။ အေး မင်းကို ငါတစ်ခုတော့ မှာလိုက်မယ်။ ငါလိုတော့ သခင်ကို ပြန်ကိုက်လို့ ပြန်ပြီးအပို့ မခံရစေနဲ့ပေါ့ကွာ။ ပြောရင်းနဲ့ ခွေးဝယ်မယ့် လူတွေ လာပြီကွ။ သူတို့ ချစ်အောင် နေပြစမ်းဟေ့…

    ဟာကျူလီ သည် ခွေးဝယ်ရန် လာသော ၉နှစ်အရွယ် ကလေးတစ်ဦးနှင့် ကလေးမိဘ နှစ်ယောက်ကို အဝေးကနေ အကဲခတ်လိုက်ပြီး၊ ကလေးက ငါ့ကိုသဘောကျအောင် မြူးပြအုန်းမှဟု အကြံရလေသည်။ ထို့နောက် ဟာကျူလီသည် ချစ်စဖွယ် အမူအရာလေးများ လုပ်ပြ၍ ဟိုဘက်ခုန်လိုက်၊ ဒီဘက်ခုန်လိုက်၊ ကျွမ်းထိုးပြလိုက်ဖြင့် သူကို ချစ်လာအောင် မြူးနေလေသည်။ ခွေးဝယ်ရန် လာသော ကလေးမှာ ဟာကျူလီကို သဘောကျစွာဖြင့် သူ့နားသို့ ပြေးလာသည်။ ကလေးက ဟာကျူလီ လှောင်အိမ်နားတွင် ထိုင်လျှက်၊

ကလေး ။    ။ မေမေ၊ သား ဒီခွေးလေးကို သဘောကျတယ်…
အမျိုးသမီး ။    ။ အို၊ သွားမကိုင်နဲ့နော် ညစ်ပတ်တယ်…
အမျိုးသား ။    ။ ဒီလောက် ရုပ်ဆိုး၊ အကြီးတန်တဲ့ ခွေးကြီးကို မယူပါနဲ့ သားရယ်။ ဟိုဘက်မှာဆူရှီအမျိုးစား ခွေးလေးတွေ ရှိတယ်၊ လာကြည့်…

    ဟုပြောကာ လူကြီးက ကလေးငယ်ကို အတင်းဆွဲခေါ်သွားသည်။ ကလေးငယ်ကလည်း ဟာကျူလီကို ကွက်ကြည့်ကွက်ကြည့်ဖြင့် ပါသွားလေသည်။ ဟာကျူလီကတော့ ငါကိုများ ညစ်ပတ်ပြီး ရုပ်ဆိုးတဲ့ ခွေးတဲ့၊ လှောင်အိမ်ထဲကမို့ပေါ့၊ မဟုတ်လို့က ဒင်းတို့ကို ကိုက်ပြီသားပဲ ဟုတွေးရင်း ချစ်စရာကောင်းအောင် မလုပ်ပြတော့ပဲ၊ မာန်လိုက်ဖီနေလိုက်သည်။

မွတ်တား ။     ။ စိတ်ဓာတ်လည်း သိပ်မကျပါနဲ့ကွာ။ တစ်နေ့တော့ မင်းသခင်ကောင်းနဲ့ တွေ့မှာပါ…

    ထိုသို့ ပြောနေစဉ် ခွေးဆိုင်အတွင်းသို့ ခွေးစာဝယ်ရန် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ၀င်လာသည်။ ဟာကျူလီမှာ ထိုလူမျက်နှာကို မြင်လိုက်သည်နှင့် ခွေးချစ်တတ်သည့်သူမှန်း တန်းသိသည်နှင့်၊

ဟာကျူလီ ။    ။ ၀ုတ်ဝုတ်ဝုတ်…
    သူ့ကို သတိထားမိအောင် ဟောင်တော့သည်။ ထိုအမျိုးသားက ဟာကျူလီကို မြင်သည်နှင့်၊

အမျိုးသား ။    ။ ဆိုင်ရှင်၊ ဒီခွေးက အသစ်ရောက်တာလား။ ကျွန်တော် အရင်လာတုန်းက မတွေ့မိသလိုပဲ…
ဆိုင်ရှင် ။    ။ ဟုတ်တယ်ကွ။ ဒီခွေးမျိုးတွေက အရမ်းဆိုးတာ။ သူ့အဖေဆိုရင် သခင်ကိုတောင် ပြန်ကိုက်လို့ ပြန်ပို့ခံရတဲ့ ကောင်။ ဒါကြောင့် ငါ့ဆိုင်ခွဲမှာ မရောင်းရလို့၊ ဒီဘက်ကို ပို့ထားတာ…

    အမျိုးသားက ရယ်လိုက်ပြီး၊
အမျိုးသား ။    ။ ကျွန်တော်က ခွေးဆို ဆိုးတဲ့ခွေးမှ လိုချင်တာ…

    ထိုစကားကို ကြားလိုက်သဖြင့် ဟာကျူလီမှာ ငါတော့ တကယ့် အချဉ်ကြီး တစ်ယောက်တော့ တွေ့ပြီဟေ့ဟု စိတ်ထဲမှတ်လိုက်လေသည်။

အမျိုးသား ။    ။ သူက ဘယ်နှစ်လသားလဲဗျ…
ဆိုင်ရှင် ။    ။ အယ်၊ ၅လပဲ ရှိသေးတယ်ခင်ဗျ…
    ဆိုင်ရှင်က ရလကို ၅လဟု လိမ်ပြောနေမှန်းသိ၍ ဟာကျူလီ စိတ်ထဲ ဆိုင်ရှင်ကို ကြိမ်ဆဲလိုက်လေသည်။

အမျိုးသား ။    ။ ချစ်စရာလေးဗျ။ တောင့်တင်းနေတာပဲနော်။ သူ့ကို ဘယ်လောက်နဲ့ ရောင်းမှာလဲ။ လျှော့ပေးအုံးနော်…
    ဆိုင်ရှင်ကလည်း အမျိုးသားမှာ ဟာကျူလီကို အရမ်းလိုချင်နေမှန်း သိ၍ ဈေးမလျှော့သည့်အပြင် ဈေးပင် တိုးပြောလိုက်သေးသည်။

ဆိုင်ရှင် ။    ။ ဖောက်သည်ရင်းတွေမို့ ၄သိန်းနဲ့ပဲ လျှော့ရောင်းလိုက်မယ်ဗျာ။ ဒီကောင်တွေက မျိုးအရမ်းကောင်းပြီး၊ အရမ်းတောင့်တင်းတာဗျ…
ဟာကျူလီ ။    ။ ဟေ့ကောင်၊ ငါ မျိုးကောင်းတာ ငါသိတယ်။ မင်းဘာမှ ရှင်းပြနေဖို့ မလိုဘူး။ ပြီးတော့ မင်း ငါ့ကိုလည်း ကောင်းကောင်းမွန်မွန်လည်း မထားပဲနဲ့ ပိုက်ဆံကျ ၄သိန်းတောင် လိုချင်တယ်။ အမြတ်ကြီးစား လှချည်းလား။ မင်းတပြားမှ ရဖို့ မတန်ဘူးကွ…

    ဟာကျူလီတယောက် ထိုသို့ အော်ဟစ်နေသော်လည်း ခွေးစကားဖြင့်အော်နေသဖြင့် မည်သူမှ နားမလည်ပေ။

အမျိုးသား ။    ။ ဒါဆို ခုချက်ချင်း ငွေချေပြီး ကျွန်တော် သူ့ကို ယူသွားမယ်…

    ထိုစကားကြားသည်နှင့် ဟာကျူလီမှာ ပျော်လွန်းအားကြီး၍ ကျွမ်းတပတ်ပြီး တပတ် ထိုးကာ ခုန်ပြတော့သည်။ သူ့ကို ၀ယ်သော သခင်ကလည်း သဘောကျစွာဖြင့် ဟာကျူလီကို ပွတ်သတ်ပြီး၊

ဟာကျူလီ ။    ။ ကျွန်ုပ် လှောင်အိမ်ထဲက လွှတ်ပြီဗျို့…
မွတ်တား ။    ။ မင်း ပြန်မပို့ခံရပါစေနဲ့လို့ ငါဆုတောင်းပေးမယ်ကွာ…

    ထို့နောက် ဟာကျူလီ့သခင်မှာ ကောင်တာသို့သွား၍ ပိုက်ဆံ ရှင်းလေသည်။ ဆိုင်ရှင်မှာ ခွေးပါ ရောင်းရုံမကသေးပဲ၊ ဟာကျူလီအတွက် လိုအပ်သည့် ခွေးအကျီင်္ တစ်ထည်၊ ဆပ်ပြာရည်၊ အစာ အားလုံးကိုပါ ဈေးမြင့်ပြီး ရောင်းလေသည်။ ဟာကျူလီမှာ မတရားလုပ်နေသော ဆိုင်ရှင်ကို ကြည့်ပြီး စိတ်ထဲ ကြိမ်ဆဲနေတော့သည်။ ဟာကျူလီကို လှောင်အိမ်အသေးလေးထဲ ပြောင်းထည့်၍ ဆိုင်ထဲက ထွက်မည် အလုပ်တွင် သူသခင် အသစ်စက်ချွတ်အား၊

ဟာကျူလီ ။    ။  သခင်ရေ၊ မင်းကတော့ ငါ့ကို ကယ်လိုက်ပေမဲ့ ငါကတော့ ကျေးဇူးတင်စကား မပြောနိုင်ဘူးဟေ့…

    ဟုအော်ရင်း သူ့သခင်နဲ့ ဆိုင်အပြင်သို့ ပါသွားတော့သည်။ ဆိုင်အပြင်ရောက်မှ ဟာကျူလီ သတိရသည်မှာ ဆိုင်ရှင့်အား ရလလုံးလုံး ကျွေးမွေးလာသည့် ကျေးဇူးကို သူ မဆပ်ရသေးဘူး ဆိုသည်ကိုပင်။ ထို့ကြောင့် ဟာကျူလီလည်း ဆိုင်အတွင်းဘက်သို့ လှည့်၍ အတင်းထိုးဟောင်တော့သည်။

သခင် ။        ။ ဟာကျူလီလေးက ဆိုင်ရှင်ကို နှုတ်ဆက်ချင်လို့နဲ့ တူတယ်…
ဆိုင်ရှင် ။    ။ ဟားဟား၊ ကျွန်ုပ်ကို ဒီကောင်က မခွဲချင်ပုံပေါ်တယ်…
သခင် ။        ။ ဒါဆိုလည်း သွားနှုတ်ဆက်လိုက်အုန်း…

    ဟုပြောရင်းဆိုရင်း သူ့သခင်က ကိုင်ထားသော လှောင်အိမ်တံခါးကို ဖွင့်လိုက်သည်နှင့် ဟာကျူလီတစ်ကောင် အားအပြည့်ဖြင့် အတင်းခုန်ထွက်ကာ ဆိုင်ရှင့် ခြေတန်လုံးကို အားဖြင့် သွေးထွက်အောင်ကို ပြေးကိုက်၍ ကျေးဇူးဆပ်လိုက်လေသည်။

ဆိုင်ရှင် ။    ။ အားအားအား၊ ခွေးသူတောင်းစား မင်းငါ့ကို ဒီလိုနည်းနဲ့ ကျေးဇူးဆပ်ခဲ့တယ်ပေါ့လေ…

ဆိုင်ရှင်က သူကို ပြန်ရိုက်မည် အလုပ်၊ သူ့သခင် ရင်ခွင်ပေါ်သို့ ခုန်တက်လိုက်ပြီး သူ့ဘက်က ကာကွယ်ပေးရန် ချွဲတော့သည်။

ဆိုင်ရှင် ။    ။ အောက်တန်းစားခွေး၊ င့ါကို ကိုက်သွားသေးတယ်။ မင်းကို အသေသတ်မယ်ကွ…
သခင် ။    ။ မလုပ်ပါနဲ့ဗျာ၊ ကျွန်တော်ကပဲ တောင်းပန်ပါတယ်…

    သူ့သခင်မှာ ဟာကျူလီကို ရိုက်မည် စိုး၍ အရှေ့က ကာစီး၍ တောင်းပန်ရလေသည်။ ထို့နောက် ဆိုင်ရှင်ဒေါသမကြီးခင် သူ့သခင်မှာ ဟာကျူလီကို ကားပေါ်တင်ပြီး ကားကို အမြန်မောင်းထွက် လာရတော့သည်။ ဟာကျူလီကတော့ ဆိုင်ရှင်ကို ကျေးဇူးတုံ့ပြန် လိုက်ရသောကြောင့် ၀မ်းသာအားရ ပီတိဖြာစွာဖြင့် ကားပေါ်မှာ လိုက်ပါ စီးနင်းလာလေတော့သည်။

ဆက်ရန်....

8 comments:

  1. အဲ
    ကျေးဇူးဆပ်မယ်ဆိုလို့ အဟုတ်မှတ်တယ်
    ပြေးကိုက်ပစ်တယ်..
    ဘယ်လိုခွေးတုန်း
    တော်တော်ကို စိတ်ဝင်စားသွားပြီ
    ဘာဆက်ဖြစ်မှာပါလိမ့်။
    ဆန့်တငင်ငင် ဖြစ်အောင် လုပ်ပြန်ပြီ။း)

    ReplyDelete
  2. အဲ
    ကျေးဇူးဆပ်မယ်ဆိုလို့ အဟုတ်မှတ်တယ်
    ပြေးကိုက်ပစ်တယ်..
    ဘယ်လိုခွေးတုန်း
    တော်တော်ကို စိတ်ဝင်စားသွားပြီ
    ဘာဆက်ဖြစ်မှာပါလိမ့်။
    ဆန့်တငင်ငင် ဖြစ်အောင် လုပ်ပြန်ပြီ။း)

    ReplyDelete
  3. ယာကူဇာ ပြီးတော့ ဟာကျူလီ တဲ့
    နာမည်ကြားရုံနဲ့ လန့် နိင်လောက်တယ်။
    တော်သေးတာပေါ့ ခွေးဖြစ်နေလို့
    ဆက်ပါအုံး။ ဒီတခါတော့ အစက ဖတ်ရတာ ဆိုတော့ ဆုံးတဲ့အထိဖတ်ဖြစ်တော့မယ်။

    ReplyDelete
  4. တကယ့် အချဉ်ကြီး တစ်ယောက်???

    ok wait until ur bro is back..

    funny though..

    ReplyDelete
  5. ဟားဟား ကိုဖြိုးသာ ဖတ်ရင် အသေသတ်ခံရမှာ.. ဟီးဟီး...

    ReplyDelete
  6. @ မချော၊ ကိုမြစ်ကျိုးအင်း လာအားပေးသွားလို့ ကျေးဇူးပါနော်... :)

    ReplyDelete
  7. စာလာဖတ်သွားပါတယ်...........

    ReplyDelete
  8. အားပေးသွားလို့ ကျေးဇူးပါ သံယောဇဉ်.. :P

    ReplyDelete