Thursday, October 14, 2010

ယာကူဇာချစ်သူ -၂ (အခန်း၁ (ယူမီကို))

 
ယာကူဇာချစ်သူ -၂ (အခန်း၁ (ယူမီကို))

    အိဂျီနောက် ယူမီ့ ဘော်ဒီကဒ် နှစ်ယောက် ပြေးလိုက်၍ အိဂျီ အော်ဟစ်ကာ ထွက်ပြေးသွားသည်ကို ကြည့်၍ ယူမီ တချက်ပြုံးလိုက်မိသည်။ အိဂျီက ယူမီ ၅တန်းကတည်းက လာရောက်ပိုးပန်းနေသူ ဖြစ်သည်။ ၅တန်းလောက်တုန်းကတော့ အရပ်ချင်း သိပ်မကွာပေမယ့် တဖြည်းဖြည်းနဲ့ ယူမီက အရပ်ရှည်ထွက်လာပြီ အိဂျီက ၁ပေလောက်ပုကျန်ရစ်ခဲ့ ရှာသည်။ အိဂျီလို ငနဲတွေ တက္ကသိုလ်မှာ အများကြီး ဆိုသည်ကို သိနေ၍ ဘော်ဒီကဒ်ကို နှစ်ယောက်ထဲ မဟုတ်ပဲ ၅ယောက်ထိ တိုးမြှင့် ခေါ်ထားခဲ့သည်။

ကျန်ဘော်ဒီကဒ် ၃ ။    ။ မမလေး ကျွန်တော်တို့ကို ဘာအမိန့်ရှိသေးလဲ…
ယူမီ ။            ။ ငါခေါ်မှ လာလို့ ဘာနှစ်ခါ ပြောရမလဲ…

    ယူမီ စိတ်တိုတိုဖြင့် ပြန်အော်ထုတ်လိုက် သဖြင့် ဘော်ဒီကဒ်တွေ ပျောက်ကွယ်သွားကြသည်။ စီးပွားရေး မေဂျာက ကျောင်းသားတွေက အူကြောင်ကြားပုံစံ၊ မျက်မှန်ထူကြီးတွေနှင့် ကျောင်းသူတွေက ပုံတုံးကြီးတွေ ဖြစ်နေ၍ ယူမီ ငါတော့ ဒီမေဂျာတက်မိတာမှားပြီဟု နောင်တရနေမိသည်။ ဒါတွေ အားလုံး ဒယ်ဒီအတင်း စီစဉ်တာမို့ ဒယ်ဒီကို စိတ်ထဲက မကျေမနပ် ဖြစ်နေစဉ် ဒယ်ဒီဆီမှ တိုက်ဆိုင်စွာ ဖုန်းဝင်လာသည်၊

ဒယ်ဒီ ။        ။ သမီး၊ ယူမီ တက္ကသိုလ်စတက်တာ အဆင်ပြေလား…
ယူမီ ။        ။ အင်၊ ဒီလိုပါပဲ…
ဒယ်ဒီ ။    ။ ခုဆို စီးပွားရေး အကြောင်းတွေ တော်တော်သိရောပေါ့။ အိမ်ပြန်ရောက်ရင် ဒယ်ဒီနဲ့ စီးပွားရေး အကြောင်း ပညာတစ်ပွဲလောက် စမ်းရအောင်…

    ယူမီ ဒေါသထွက်ပြီ ခေါင်းထဲမှ အငွေ့တစ်ဆူဆူထွက်လာသည်။ ဒီနေ့မှ စီးပွားရေး မေဂျာကို စတက်တာ၊ သင်ခန်းစာတောင် ဘာမှ မသင်ရသေးဘူး၊ ပညာပြိုင်ဖို့ လာပြေနေသေးတယ်ဟု တွေးပြီ စိတ်ဆိုးဆိုးဖြင့်၊

ယူမီ ။    ။ ဒီမှာ သင်ခန်းစာတောင် စမသင်ရသေးဘူး။ ပေါက်ကရလေးဆယ်တွေ လာပြောနေရကောင်းလား…

    ဟု အော်ဟစ်ကာ ဖုန်းကို ချပစ်လိုက်သည်။ ယူမီ့ သူငယ်ချင်းတွေလည်း အနားတွေ တစ်ယောက်မှ မရှိ၍ အထီးကျန်နေလို့ စိတ်မရှည်တဲ့ကြားထဲ ဒယ်ဒီကြောင့်ပါ ပိုစိတ်နှောက်လာသည်။ ခုလိုချိန်မှ တစ်ယောက်ယောက်ကများ လာစနောက်ရင်တောင် ဒီလူကို ပိုင်းပိုင်းခုတ်ကာ သတ်ပစ်ချင်နေသည့်ကြားမှ အိဂျီနောက်ပြေးလိုက်သွားသော ဘော်ဒီကဒ် နှစ်ယောက်မှ တစ်ယောက် ပြန်ပြေးလာပြီ၊

ဘော်ဒီကဒ် ။    ။ မမလေး ဟိုတစ်ယောက်ကို ကလိထိုးတာ ဘယ်ချိန်ရပ်ရမှာလဲ လာမေးတာပါ…
    ယူမီ မျက်မှောင်တချက်ကုတ်၍ ပြန်ကြည့်လိုက်ပြီ၊

ယူမီ ။            ။ လုံးဝမရပ်နဲ့…
ဘော်ဒီကဒ် ။        ။ ဟုတ်၊ ဟုတ်ကဲ့…

    ပြောကာ ပြန်ပြေးထွက်သွားသည်။ ဘယ်လို ဘော်ဒီကဒ်တွေ ဒယ်ဒီခန့်ထားမှန်း မသိပေ။ ဆူရှီတို့ တက်သော မေဂျာကို သွားလည်ရင်ကောင်းမလား အတွေးဝင်လာသည်။ ဆူရှီက ဗုံးစမ်းရင်း သူ့အိမ်မီးလောင်သွားပြီ ကတည်းက ဓာတုဗေဒမေဂျာကို ရွေးချယ်ခဲ့သည်။ ဆာရှီမီကတော့ ဖက်ရှင်၊ဒီဇိုင် မေဂျာတက်ချင်သော်လည်း ဆူရှီစကားကျောသည်ကို မခံနိုင်၍ ဓာတုဗေဒမေဂျာကိုပဲ တက်ခဲ့သည်။ မကြာခင်မှာတော့ ဆူရှီရဲ့ တစ်လွှဲလုပ်မှုကြောင့် ဓာတုဗေဒမေဂျာမှာ ဗုံးပေါက်ကွဲခြင်းကို သတင်းခေါင်းစီးမှာ တွေ့ရမှာ ကျိန်းသေးနေသည်။
    သွေးမြင်ရင်တောင် မေ့လဲတတ်သော အိမိကတော့ ဆေးတက္ကသိုလ်ကိုမှ တမင်ရွေးချယ် တက်ရောက်ခဲ့သည်။ သူအလွန် ရွှံရှာသော ဖားကို ခွဲစိတ်သည့်အခါ အော်ဟစ်နေမည့် အိမိ မျက်နှာကြီးကို ယူမီစိတ်ထဲမှ တွေးပြီ သဘောကျစွာ ရယ်မောနေမိသည်။

ယူမီ ။        ။ အိမိ၊ အိမိ…

    ပါးစပ်ကလည်း နံမည်တောင် ရေရွှတ်လိုက်သေးသည်။ မာဖီယာကတော့ ကိုယ့်ချစ်သူလေး တက္ကသိုလ်ပထဆုံး တက်ရက်ဖို့ လာလည်ဖော်တောင် မရတဲ့ အပြင်၊ ခုလောက်ဆို သူ့တို့ သမိုင်းမေဂျာမှ ကျောင်းသူသစ်တွေကို လိုက်ငန်းနေလောက်ပြီဟု တွေးမိပြီ မာဖီယာကို သတ်ချင်မိသည်။ မာဖီယာဆီ ဖုန်းဆက်ပြန်တော့လဲ၊

ဖုန်းမက်ဆေ့ ။ ။ ကျွန်တော်နံမည် နာဂါတိုပါ။ ကျောင်းသူသစ်လေးများ ၀ိုင်းဝိုင်းလည်နေပါ၍ မအားပါသဖြင့် မက်ဆေ့ချန်ခဲ့ပါ။ ၀ူးဟားဟားဟား…

    တော်တော်လည်း ပေါပဲ ပေါရဲနိုင်လွန်းလှတဲ့ မာဖီယာပါ့လား တွေးနေစဉ် ယူမီဆီ တည့်တည့်မတ် ဦးတည်၍ တက္ကသိုလ်ကျောင်းသူ အယောက် ၅၀ကျော်လောက် ပြေးလာကြသည်။ တဖြည်းဖြည်းနှင့် မိန်းခလေးအုပ်လိုက်ကြီး ယူမီနားသို့ နီးကပ်လာ၍ ယူမီဇောချွေးပြန်ချင်လာသည်။ ယူမီ အခန်းရှေ့ စင်္ကြ့မှာရပ်နေတာမို့ တခြားသို့ ပြေးပေါက်မရှိပဲ ရှေတည့်တည့်သို့သာ ခွေးပြေးဝက်ပြေး ပြေးရတော့သည်။ အိဂျီကို နှိပ်စက်သမျှ ခုတော့ ယူမီပြန်ဝဋ် လည်ပြီပေါ့ဟ၊

ယူမီ ။        ။ အားအားအား၊ ဘာလို့ ငါနောက်လိုက်ကြတာလဲ…

    အော်ဟစ်၍ ထိပ်ဆုံးမှ ထွက်အပြေး၊ သူတို့က လိုက်ဖြင့် မာဖီယာနှင့် ပုတ်သင်ညှိဂိုဏ်းက လိုက်လို့ အသက်လုပြေးရတဲ့ အဖြစ်ကို ပြန်မြင်ယောင်မိသေးသည်။ ဒီလို အရေးကြီးချိန်တွေမှာ ဟိုဘော်ဒီကဒ်တွေ ဘယ်ရောက်နေကြလဲဟု တွေးရင်း ပြေးနေတော့သည်။ ယူမီနောက်လှည့်ကြည့်ကာ ပြေးရင်း ရှေ့တည့်တည့်က လူတစ်ယောက်ကို သတိမမူမိပဲ အရှိန်အပြည့်ဖြင့် ၀င်တိုက်မိလိုက်ရာ၊

ယူမီ ။        ။ အားအားအား…
    စပရိန်တစ်ခုကို ၀င်တိုက်မိသလို ယူမီ နောက်သို့ လွင့်ထွက်ကာ ပြုတ်ကျသွားတော့သည်။ ယူမီဝင်တိုက်မိသော ကျောင်းသားကတော့ ဘာမှဖြစ်ပုံ မပေါ်ပေ။ ယူမီမှာတော့ ငါတော့ ခါးရိုးများ ကျိုးသွားပြီလား မသိပါဘူး တစ်ယောက်ထဲ ရေရွှတ်ရင်း ကုန်းအထ နောက်မှ ပြေးတက်လာသော ကျောင်းသူတွေက ယူမီ ကိုဝိုင်းတွန်းထုတ်လိုက်သလို ရှေ့သို့ ပြန်ပစ်လှဲကျသွား ပြန်သည်။ ဒီလူအုပ်နဲ့တော့ ယူမီသေတော့မှာလားဟု စိတ်ထဲမှ တချက်သက်ပြင်းအချ၊ ယူမီခြေတစ်လုံးကို ၀ိုင်းတက်နင်းလိုက်သဖြင့်၊

ယူမီ ။        ။ အားအားအားအားအားအားအား….
    လည်ချောင်းကွဲမတက် အော်မိကာ ယူမီခေါင်းတွေ ချားရဟတ်လည်သလို မူးနောက်သွားတော့သည်။ ကျောင်းသူတွေက ယူမီနှင့် ၀င်တိုက်မိသော ကျောင်းသားနားသို့ အပြေးအလွှားသွား၍၊

ကျောင်းသူ ။    ။ ကိုယ်၊ ဘယ်နား နာသွားသေးလဲဟင်…
တခြား ။    ။ ဟဲ့ကောင်မ၊ အဲဒီမေးခွန်းက ငါမေးရမှာ…
နောက် ၁ ။    ။ တို့အရမ်းစိတ်ပူ သွားတာ သူသိလားဟင်…
ကျောင်းသူ ။    ။ ငါချစ်လို့ မေးတာ နင်အပူဘာပါလဲ…
တခြား ။    ။ ကောင်မ လူပါးဝလို့…

    ရန်ဖြစ်တဲ့သူက ဖြစ်နှင့် နပန်းလုံးသူက လုံးနှင့် ထိုကျောင်းသားနားတွင် ပုရောစိတ်အုံသလို အုံတတ်နေကြသည်။ ယူမီကိုတော့ သူတို့ တက်နင်းသွားပြီ နာသွားလား တစ်ယောက် တစ်လေတောင် မေးဖော်တောင် မရကြပေ။ ယောကျာ်းတစ်ယောက်ကို ဒီလောက်ထိ ငန်းငန်းတက် ဖြစ်နေစရာလားဟု အထင်သေးမိသည်။ ထိုကျောင်းသားက သူနား လာကပ်နေသော ကျောင်းသူတွေကို အရေးတောင် တချက်လေးမှ မလုပ်ပဲတွန်းထုတ်၍ ထွက်လာသည်။ ယူမီနားသို့ ရောက်တော့ ယူမီကိုများ ပြန်တောင်းမလားဟု တွေးမိ၍၊

ယူမီ ။        ။ အားနာလိုက်တာ၊ လမ်းတောင် လျှောက်လို့ မရတော့ဘူးထင်တယ်…

    ထိုကျောင်းသား ကြားရုံတမယ် တိုးတိုးလေး ရေရွှတ်လိုက်သော်လည်း အဖတ်မလုပ်တဲ့အပြင် ယူမီကို ကျော်ပြီ ဖြတ်လျှောက် ထွက်သွားသေးသည်။

ယူမီ ။        ။ ယူမီကိုကို ဘယ်ယောကျာ်းလေးမှ ဒီလို ကျော်လို့ မရဘူး…
   
    ပြောကာ ထွက်သွားသော ကျောင်းသားကို အနောက်ကနေ အော်ကြီးဟစ်ကျယ်ဖြင့် ရန်တွေ့တော့သည်။

ယူမီ ။    ။ ဟိုအရှေ့က တစ်ယောက် ခုချက်ချင်း ရပ်စမ်း။ နင် ငါကို ၀င်တိုက်သွားပြီ မတောင်းပန်ပဲ ထွက်သွားရဲတယ်ပေါ့။ ငါပြောနေတယ် ခုချက်ချင်း ရပ်စမ်းလို့…

    ယူမီ ဒေါသတကြီးဖြင့် ခြေထောက်နာနေသည့် ကြားမှ ဆဲဆိုတော့သည်။ ထိုကျောင်းသားက သူ့ခြေလှမ်းတွေကို ချက်ချင်း ရပ်တန့်လိုက်ပြီ ယူမီ နောက်သို့ တချက်လှည့် ကြည့်လိုက်သည်။ သူရဲ့ အလွန်မှ စူးရှပြီ အရည်ပျော်နိုင်လောက်သော မျက်လုံးများကြောင့် ယူမီခိုက်လွန်းလို့ ရူးမတတ်တောင် ဖြစ်သွားမိသည်။ အိုမာဖီယာနဲ့ တခြားစီပါ့လားနော်။ ယူမီတသက်မှာ ဒီလောက်ချောပြီ ညှို့အားပြင်းတဲ့ ယောကျာ်းမျိုး မတွေ့ဖူးပေ။ ဒါကြောင့် မိန်းခလေးတွေ သူကို ရူးမတတ်ဖြစ်နေကြတာ လုံးဝကို မထူးဆန်းပေ။ သို့သော်လည်း ယူမီမာနကြောင့် ယူမီချက်ချင်း အိနြေရေ ပြန်ဆယ်လိုက်ကာ မျက်နှာကို ပြန်တင်းမာလိုက်သည်။ ဒီတစ်ခါတော့ ယူမီအသံ နည်းနည်းပျော့သွားသည်။

ယူမီ ။        ။ ရှင်ကြောင့် ကျွန်မ ခြေထောက်နာသွားတယ်၊ ရှင်တာဝန်ယူရ…

    စကားပင် မဆုံးသေးခင် ထိုကျောင်းသားက ယူမီ ကိုမြန်ဆန်စွာ အတင်းပွေ့ချီလိုက်၍ ကြက်သေသေသွားမိသည်။ ဘေးမှ ကျောင်းသူများကလည်း Romatic ဖြစ်လွန်းအားကြီး၍ မေ့လှဲသူက မေ့လှဲ၊ ငိုတဲ့သူက ငိုကြသည်။ ခဏကြာမှ၊

ယူမီ ။        ။ ရှင် ကျွန်မကို ပြန်ချပေး။ ဒီလို အသားယူလို့ ရမယ် အောင်းမေ့နေလား…

    ဘာညာ ကိကွ အော်ဟစ်တော့သည်။ သို့ပေမယ့် ထိုကျောင်းသားက စကားတစ်ခွန်းမှ ပြန်မပြောပဲ၊ မချိပြုံးလေး တချက်ပြုံးပြလိုက်သည်။ သူ့အပြုံးကြောင့် ယူမီ ရင်ထဲမှ နှလုံးတွေ ဒုတ်၊ဒုတ်၊ဒုတ် လော်စပီကာ ဖွင့်ပြီ ခုန်နေသလားပင်။ သူ့ရင်ခွင်ထဲမှ အရမ်းကို နွေးထွေးသွားမိပြီ စကားတစ်ခွန်းမှ မပြောနိုင်ပဲ သူချီခေါ်သွားသည့် နောက်သို့ လိုက်ပါသွားတော့သည်။ တက္ကသိုလ် ဆေးကုခန်းသို့ ရောက်သို့ ယူမီ ကိုလူနာကုတင်ပေါ်သို့ အလွန်ညင်သာစွာ ချပေးလိုက်သည်။ ဘေးမှာ ရပ်နေသော ဆရာဝန်အား၊

ကျောင်းသား ။    ။ ဆရာ၊ ထိုမိန်းခလေးက ခြေကျင်းဝတ်မှာ ဒဏ်ရာ ရသွားလို့ပါ။ ကျွန်တော်ကြောင့် ဖြစ်တာမို့ ကျွန်တော်မှာ တာဝန် ရှိပါတယ်။ ဒါကြောင့် သူကို သေသေချာချာလေး ဂရုစိုက်ပေးပါ…
ဆရာဝန် ။    ။ စိတ်ချပါ၊ ကျွန်ုပ်သေချာ ဂရုစိုက်လိုက်ပါမယ်၊ မောင်ရင်လည်း ကျောင်းတက်ရမှာ မဟုတ်လား…
ကျောင်းသား ။    ။ ဟုတ်ကဲ့။ လိုတာရှိရင် ကျွန်တော်ကို အချိန်မရွေးခေါ် လိုက်ပါ။ ကျွန်တော်က စီးပွားရေး မေဂျာ ပထမနှစ်-အေတန်းက ဂင်ပါ…

    အင်း သူက ယူမီတို့ မေဂျာကပေမယ့် အတန်းတော့ မတူပေ။ အိုဘာပဲဖြစ်ဖြစ် ငါ စီးပွားရေးမေဂျာ တက်မိတာ မှန်သွားပြီဟဟု တွေးကျေနပ်နေမိသည်။ ဒီတစ်ခါတော့ ဒယ်ဒီိကို အရမ်းချစ်သွားပြီ ဒယ်ဒီရေ။ ဂင်က ဆရာဝန်ကို သေသေချာချာ မှာကြားခဲ့ပြီ အလွန်တရာမှ ကြင်နာသော အပြုံးလေးဖြင့် ယူမီဘက်သို့ လှည့်ကြည့်ပြုံးပြကာ အခန်းထဲမှ ထွက်သွားတော့သည်။ သူ၏ ၆ပေနီးပါးလောက်ရှိသည့် အရပ်နှင့် ယောကျာ်းပီသသော ခန္တာကိုယ်ကို နောက်မှ ငေးကြည့်ရင်း ယူမီမျက်လုံးထဲမှာ အသဲပုံတွေ တဝေ့ဝေ့လည်ရင်း ရင်ခုန်စွာ ကျန်ခဲ့စဉ် လူတစ်ယောက် ယူမီကျောကို မညှာမတာ ပိတ်ရိုက်လိုက်သဖြင့်၊

ယူမီ ။        ။ အား…
    နောက်လှည့်ကြည့်တွင် မာဖီယာ မျက်နှာကြီးလဲ မြင်ရော ပိုလို့တောင် လိပ်ပြာလန့်မတတ် ဖြစ်သွားသေးသည်။

မာဖီယာ ။    ။ ဟေ့ ယူမီကို၊ ချစ်လေး ဘယ်လိုလုပ် ဆေးခန်း ရောက်နေတာလဲ…

    ပြောကာ ပါးကို အားကြီးနှင့် လိမ်ဆွဲလိုက်သည်။ နာလိုက်တာ ဒီမာဖီယာတော့လေ၊ ကိုယ့်ချစ်သူကို တချက်လေးမှ ကြင်နာမူ မရှိဘူး၊ ဟိုတစ်ယောက်နဲ့များ ကွာလိုက်တာဟု တွေးလိုက်မိသည်။ ဒီနေ့မှ မာဖီယာက ထူးထူးခြားခြားကိုပင်၊

ယူမီ ။        ။ ဒီနေ့မှ ရှင်ဘာလို့ ဒီလောက် ရုပ်ဆိုးသွားရတာလဲ…
မာဖီယာ ။    ။ ကိုယ် ရုပ်ဆိုးသွားတယ်၊ ဟုတ်လို့လား။ ဒီနေ့ သေချာ ပြင်လာတာပါ…

    ပြောကာ သူအကျီင်္ ထဲမှ အလွန်ကြီးမားလှသော မှန်ကြီး ထုတ်၍ ရှိုးထုတ်တော့သည်။ အမှန်က မာဖီယာက ရုပ်ဆိုးသွားခြင်း မဟုတ်ပဲ၊ မာဖီယာနဲ့ယှဉ်ရင် ဂင်က အရမ်းချောနေခြင်းသာ ဖြစ်သည်။ ဂင်ကို ရင်ခုန်နေတာ သိလို့ မာဖီယာ ဒင်းတမင် ရောက်လာပဲ ဖြစ်မယ် တွေးပြီ မကျေနပ်နိုင်ပေ။ ထိုအချိန်တွင် သရဲပေါ်သလို ဘယ်နေရာမှ ရောက်လာမှန်း မသိပဲ ယူမီ့ ဘော်ဒီကဒ် ၅ယောက် ပေါ်လာကြပြီ၊

ဘော်ဒီကဒ် ၅ ။        ။ မမလေး ကျွန်တော်တို့ကို ဘာများ မိန့်ကြား စရာရှိပါသလဲ…
ယူမီ ။            ။ ခုနက ငါဒုက္ခရောက်နေတုန်းက နင်တို့ ဘာရောက်နေကြလဲ…
ဘော်ဒီကဒ် ၅ ။        ။ မမလေးက ခေါ်မှ လာရမယ်ဆိုလို့၊ မလာရဲတာပါ…
ယူမီ ။            ။ ခု ငါနင်တို့ကို မခေါ်ပဲ၊ ဘာလို့ ပေါ်လာရပြန်တာလဲ၊ သွား…

    တချက်အော်လိုက်သည်နှင့် ပြန်ပျေက်သွားကြပြန်သည်။ မာဖီယာက ယူမီပါးကို ခိုးနမ်းသွားလိုက်ကာ၊

မာဖီယာ ။    ။ ချစ်လေး၊ ကိုယ်ကျောင်းဆင်းရင် လာကြိုမယ်နော်။ ဘိုင်ဘိုင်…
    ဟုပြောကာ နာနေသော ယူမီခြေထောက်ကို တချက်ရိုက်၍ ထွက်သွားတော့သည်။ တော်တော်ကို ကြင်နာတရာ မရှိတဲ့ မာဖီယာ တပျစ်တောက်တောက် ပြောနေရင်း တစ်ယောက်ထဲ ကျန်ရစ်ခဲ့တော့သည်။ ဆရာဝန်က ပတ်တီးသေချာစီးပေး လိုက်သဖြင့် ထော့နဲ့ထော့နဲ့ဖြင့် ယူမီကျောင်းခန်းထဲသို့ ပြန်လာခဲ့သည်။ စာသင်ခန်းထဲရောက်တော့ ဂင်မျက်နှာကိုပဲ မြင်ယောင်ရင်း စာတောင် အာရုံမစိုက်နိုင်ပေ။ ဂင်အကြောင်း တွေးပျော်မယ် ကြံရုံနဲ့ မာဖီယာမျက်နှာကြီး ယူမီဓမ္မာရုံထဲမှာ ပေါ်ပေါ်လာသည်။ မာဖီယာ ယူမီအတွေးထဲကိုတောင် ၀င်ပြီ Virusဆော့ဝဲလ် ရေးထားသလားတောင် မသိပေ။ စာသင်ချိန်ပြီးခါနီးတွင် ဒေါ်လေးဆူမီကိုဆာရာ ဆီမှဖုန်းဝင်လာသည်။

ဒေါ်လေး ။    ။ ယူမီကို ဒီနေ့ကျောင်းဆင်းရင်း ဒေါ်လေးအိမ်ခဏ၀င်ခဲ့ပါအုန်း…
ယူမီ ။        ။ ဒေါ်လေး အရေးကြီးလို့လား…
ဒေါ်လေး ။    ။ တော်တော် အရေးကြီးတယ်…
    ဒေါ်လေးက အရေးကြီးတယ် ပြောလိုက်၍ ယူမီရုတ်တရပ် ဘာများပါလိမ့်ဟု စိတ်ပူသွားမိသည်။

ယူမီ ။        ။ ဘာများ အရေးကြီးလို့လဲ။ ယူမီ စိတ်ပူလာပြီ…
ဒေါ်လေး ။    ။ ဒေါ်လေး သရုပ်ဆောင်ထားတဲ့ အခွေသစ်ထွက်တာလောက် အရေးကြီးတာ ရှိမလား ယူမီကိုရဲ့…

    ဘာသူ့ သရုပ်ဆောင်ထားတဲ့ အခွေက တရက်ခြားတစ်ခါ ၁ခွေလောက် ထွက်နေတာ။ ဒါကိုများ ရေးကြီးခွင်ကျယ် လာလုပ်နေသေးတယ်ဟု စိတ်ထဲက ကြိမ်းဆဲလိုက်၍၊

ယူမီ ။        ။ ဒါကိုရေးကြီးခွင်ကျယ် လုပ်နေစရာလား…
ဒေါ်လေး ။    ။ နာဂါတိုနဲ့ ပတ်သက်ပြီ ပြောစရာ၇ှိလို့ပါ…
   
အင်း မာဖီယာကို ဒေါ်လေး ဘယ်လိုသိနေပါလိမ့် တွေးစရာ မလိုပေ၊ ဒါဒယ်ဒီ ဖောက်သည်ချထားခြင်းပင် ဖြစ်ရမည်။ မာဖီယာအကြောင်း ဖြစ်နေ၍ ယူမီလာခဲ့မယ် ကတိပေးပြီ ဖုန်းပြန်ချလိုက်သည်။ စာသင်ချိန် ဘယ်လိုကုန်သွားမှန်း မသိအောင် ကုန်ဆုံးသွားသည်နှင့် အိမ်ပြန်ရန် ထွက်အလာတွင် တက္ကသိုလ် အပေါက်ဝတွင် ယူမီ ကိုတမင် ရပ်စောင့်နေသော ဂင်ကို တွေ့ရင် အံ့အားသင့်သွားသည်။ ဂင်က ယူမီ ကိုမြင်သည်နှင့် တချက်မချိပြုံးလေး ပြုံးပြ၍ ယူမီနားသို့ လမ်းလျှောက်လာသည်။ ယူမီ ပါးနှစ်ဖက် နီရဲ ရှက်သွေးဖြာ၍ ခေါင်းကို လှည့်လိုက်စဉ် ဂင်နောက်ကွယ်နားမှာ ရပ်လျှက် စပ်ဖြီးဖြီး မျက်နှာဖြင့် လက်ပြနေသော မာဖီယာကိုလည်း မြင်လိုက်ရော။ ဒီဘက်မှာ ဂင်၊ ဟိုဘက်မှာ မာဖီယာ၊ အိုငါဘာဆက်လုပ်ရမှာလဲဟ။

ဆက်ရန်....
---------------------------------------

4 comments:

  1. ခုတစ်ဆက်တည်း ဖြစ်သွားအောင် ယာကူဇာချစ်သူ၂ကို ဆက်တင်လိုက်ပါ... ဟာကျူလီက ဆက်ရန် ကျန်ပါသေးတယ်.. ယာကူဇာချစ်သူ၂ အခန်းဆက် ပြီတာနဲ့ ဟာကျူလီ ပြန်ဆက်မှာပါ.. :)

    ReplyDelete
  2. ဖတ်သွားပါပြီ
    ဆက်ရန်ကို မျှော်နေမည်နော် ။

    ReplyDelete
  3. ကျေးဇူးပါနော် မချော.. :)

    ReplyDelete
  4. ဒီအခန်းက Yakusar-1 ကအိမိအခန်းကို ပြောင်းပြန်လုပ်ထားတာ ဘယ်သူသိကြလဲ?? :)

    ReplyDelete