Saturday, October 16, 2010

ယာကူဇာချစ်သူ၂ ( အခန်း-၃ (ဟွန်ဒါ) )

 ယာကူဇာချစ်သူ-၂  ( အခန်း-၃ (ဟွန်ဒါ) )

ယာကူဇာချစ်သူ ဇာတ်ကောင်သစ်နှင့် မိတ်ဆက်ပေးခြင်း


ဟွန်ဒါနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးကို အရင်ပြောချင်ပါတယ်။ ဟွန်ဒါဆိုတာ မာဖီယာရဲ့ တပည့် ယာကူဇာဂိုဏ်းဝင် တစ်ယောက်ပါပဲ။ ယာကူဇာချစ်သူ၁ ဇာတ်သိမ်းပိုင်းမှာတုန်းက မာဖီယာအိမ်ရှေ့ခန်းမှာ ယူမီကိုကြောက်၍ အိမ်ရှေ့ခန်းမှ ထွက်ခိုင်းလိုက်သော လူကောင်ကြီးကြီးနှင့် အင်မတန်မှ ကြောက်စရာကောင်းလှသော လူက ဟွန်ဒါပဲ ဖြစ်ပါတယ်။ ဟွန်ဒါက အရပ် ရပေလောက်ရှိပြီ လူကောင်ကြီးတဲ့အပြင် ဆံပင်ရှည်ကို စီးထားပြီ မုတ်ဆိတ်ကြီးနဲ့မို့ မြင်တဲ့သူတိုင်း ကျောချမ်းလောက်ပါတယ်။ ဟွန်ဒါကို သူတို့အချင်းချင်း ဟွန်ဒါကြီးလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ မာဖီယာအတွက် မရှိမဖြစ် လိုအပ်မယ့် ညာလက်ရုံးဖြစ်လာမယ့်သူ တစ်ယောက်မို့ စာရေးသူကိုယ်တိုင် ဟွန်ဒါကြီးနဲ့ ပရိသက်များကို မိတ်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။

-ပုံ စာရေးသူ


ဟွန်ဒါ
  
    ကြောင်နဲ့ကြွက်ဂိုဏ်း နေ့တွင်းချင်း ချေမှုန်းခံရသည့် ဖြစ်ရပ်သည် ယာကူဇာဂိုဏ်းအားလုံးကို အရမ်းကို ထိတ်လန့်သွားစေတော့သည်။ ကြောင်နဲ့ကြွက်ဂိုဏ်းက ယာကူဇာဂိုဏ်းကြီးတွေထဲမှာ အင်အားအနည်းငယ် လူဦးရေ ၁၀၀လောက်ပဲ ရှိသည်။ ကျွန်ုပ်တို့ နဂါးနီဂိုဏ်းက ဂိုဏ်းချုပ်မှာပင် ၁၀၀ကျော် ရှိပြီ ဂိုဏ်းခွဲက ဦးရေ အားလုံးပေါင်းလိုက်လျှင် အယောက် ၁၀၀၀ကျော်လောက် ရှိသည်။
ဒီညနေတော့ နဂါးနီဂိုဏ်း၏ အထူးအရေးပေါ် အစည်းအဝေးဖိတ်ခေါ်သဖြင့် နဂါးနီဂိုဏ်းခွဲ အသီးသီးမှ ခေါင်းဆောင်များ မှန်အနက်ရောင် တိုယိုတာနောက်ဆုံးပေါ် ကားကိုယ်စီဖြင့် ဂိုဏ်းချုပ်ဗဟိုဌါနသို့ စုဝေးရောက်ရှိလာကြသည်။ ဒီလို အရေးကြီး အစည်းအဝေးကို ၁နှစ်တစ်ခါ ပြုလုပ်တတ်သော်လည်း ကျွန်ုပ်အတွက်တော့ ဒ်ီခေါင်းဆောင်တွေ မြင်လိုက်တိုင်း စိတ်ရှုပ်မိတာ အမှန်ပင်။ ခုချိန်လေးမှာများ ပန်းခြံက ထိုင်ခုံလေးပေါ်တွင် ထိုင်ရင်း ကျွန်ုပ်လော်လီပေါ့များ စုတ်နေရရင် အိုဘယ်လောက်များ အရသာရှိလိုက်မလဲနော်ဟု တွေးနေစဉ် ဂိုဏ်းချုပ် စားပွဲကို အားဖြင့် ထုရိုက်လိုက်သဖြင့် သတိချက်ချင်း ပြန်ကပ်သွားသည်။

ဂိုဏ်းချုပ် ။    ။ ဟွန်ဒါကြီး၊ တိုမိုယာ ဘာလို့ ခုထိ မပေါ်မလာသေးတာလဲကွ။ မင်းကို တိုမိုယာကို သေချာ စောင့်ကြည့်ထားဖို့ ငါမမှာထားဘူးလား…

    နေ့လည်က ကြောင်နဲ့ကြွက်ဂိုဏ်းမှာ ကြွက်ဖြူပြိုင်ပွဲ ရှိသည့်အကြောင်းကို ကျွန်ုပ်ကိုယ်တိုင် သခင်လေး တိုမိုယာကို ဖုန်းဆက် အကြောင်းကြားခဲ့သည်။ ခုဆို ဗုံးပေါက်ပွဲပြီ ကြောင်နဲ့ကြွက်ဂိုဏ်းဖြိုခွင်းခံ ရတဲ့အထဲ ပါသွားလောက်ရောပေါ့ဟု သက်ပြင်းတစ်ချက်ချလိုက်ပြီ၊

ကျွန်ုပ် ။    ။ ဒီနေ့ နေ့လည်က သခင်လေး၊ တိုမိုယာ ကြောင်နဲ့ကြွက်ဂိုဏ်းက ကြွက်ဖြူ ပြိုင်ပွဲ သွားမယ်လို့ နောက်ဆုံး သတင်းပို့ပါတယ်…
    ဂိုဏ်းချုပ်(မာဖီယာ အဖေ)က အရမ်းထိတ်လန့်သွားပုံဖြင့်၊

ဂိုဏ်းချုပ် ။    ။ ဘာ၊ ဒါဆို ငါ့ကြွက်ဖြူများ သေသွားပြီလားမသိဘူး။ တိုမိုယာသေသွားလဲ အကြောင်းမဟုတ်ဘူးကွ။ ခုတော့ ငါအဖေ ကိုယ်တိုင် အမွေပေးခဲ့တဲ့ ကြွက်ဖြူပါ အချောင် သေသွားရတယ်လို့ကွာ…

    သားသေမှာကို စိတ်မပူပဲ၊ ကြွက်ဖြူသေမှာ စိတ်ပူနေသော ဂိုဏ်းချုပ်ကို ကျွန်ုပ် ထူးဆန်းစွာ ကြည့်နေစဉ်၊ ဂိုဏ်းချုပ်ကတော် (မာဖီယာ အမေ) အစည်းအဝေးခန်းထဲ ၀င်လာပြီ ဂိုဏ်းချုပ်ကို ပါးဗန်းခနဲမြည်အောင် ရိုက်ချလိုက်သည်။

ဂိုဏ်းချုပ် ။    ။ မင်းက ငါကို ပါးရိုက်ရဲတယ်ပေါ့၊ ဒီမိန်းမ ငါလုပ်လိုက်ရလို့ကွာ…
    သူဓားဖြင့် ရွယ်လိုက်သော်လည်း ဂိုဏ်းချုပ်ကတော်က ဂိုဏ်းချုပ် ဗိုက်ကို သေနတ်နှင့် ချိန်းပြီသား ဖြစ်နေသည်။

ဂိုဏ်းချုပ်ကတော် ။    ။ ရှင်၊ ကျွန်မကို ထိရဲထိကြည့်လေ၊ ရှင်ဗိုက်ထဲက အူကလီစာ အားလုံး ပေါက်ထွက်သွားမယ်။ နာဂါတို တစ်ခုခု ဖြစ်သွားလို့ကတော့ ရှင်ပါ အသေပဲမှတ်…
    ဂိုဏ်းချုပ်ကတော်က ရုပ်ရည် အလွန်ချောမောသလောက် စကားအပြောအဆို အလွန်မှ ကြမ်းတမ်းလှသည်။

ဂိုဏ်းချုပ် ။    ။ တိုမိုယာလို့ ခေါ်ပါပြောနေတာကို၊ မင်းက နာဂါတိုဆိုတဲ့ နံမည် ဒီလောက် ကြိုက်နေရအောင်၊ မင်း လင်ဟောင်းနံမည်နဲ့ တူနေလို့လားကွ…
   
ဂိုဏ်းချုပ်နှင့် ဂိုဏ်းချုပ်ကတော် တစ်ယောက်နှင့် တစ်ယောက် မခံနိုင်အောင် ညစ်တီ၊ညစ်ပတ်တွေ ပြောပြီ ဆဲဆိုရန်ဖြစ်ကြသည်။
ဂိုဏ်းချုပ်ကတော် ။    ။ ကျွန်မ လင်ဟောင်းနဲ့တော့ မတူဘူး။ တူတာက.x.x.x.x.x.x.x.x.x…
ဂိုဏ်းချုပ် ။    ။ မင်းက ဒီလိုဆို၊ ငါကလဲ.x.x.x.x.x.x.x.x.x…

    ဂိုဏ်းချုပ်နှင့် ဂိုဏ်းချုပ်ကတော်က သခင်လေး နံမည်နဲ့ ပတ်သက်ပြီ ရန်ဖြစ်တာ သခင်လေး မွေးတဲ့အချိန်ကတည်းက ဖြစ်သည်။ ဂိုဏ်းချုပ်က သူ့သားဦးကို တိုမိုယာလို့ ပေးချင်သော်လည်း၊ ဂိုဏ်းချုပ်ကတော်က နာဂါတိုလို့ ပေးချင်သည်။ နောက်ဆုံး သူတို့ ဝေစုမတည့်ကြသည်နှင့် နာဂါတို တိုမိုယာဟု အမည်တွင်သွားခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ ယာကူဇာအသိုင်းအ၀ိုင်းက သခင်လေးကို တိုမိုယာဟု ခေါ်ကြပြီ အပြင်လောက လူများက နာဂါတိုလို့ ခေါ်ကြလေတော့သည်။ အစည်အဝေးစတင်ပြီ ဖြစ်သည်။

ဂိုဏ်းချုပ် ။    ။ အားလုံးသိပြီသား ဆိုပေမယ့် ကြောင်နဲ့ကြွက်ဂိုဏ်း တမနက်အတွင်း ချေမှုန်းခံ ရတဲ့သတင်းက ငါတို့ အားလုံးကို သတိဝိရီယ ပိုထားဖို့ ပြောလိုက်သလိုပဲ။ ပြီတော့ ဒီယာကူဇာစလေရာကို ဖမ်းမမိမချင်း ငါလုံးဝ
စိတ်မအေးနိုင်ဘူးကွ…
ခေါင်းဆောင် ။    ။ ကြောင်နဲ့ကြွက်ဂိုဏ်းက နံမည်စီးလို့ အဖြိုခံရတယ်လို့ ကျွန်တော်ကြားပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့က နဂါးနီဂိုဏ်း နံမည်ကိုလည်း သေချာတွက်ချက်ပြီ ပြောင်းသင့်တယ်လို့ အကြံပြုချင်ပါတယ်…
 တခြား ။    ။ ကျွန်တော်ကတော့ ဒီနိုင်ငံကနေ အမြန်ဆုံးပြောင်းသင့်တယ်လို့ အကြံပြုချင်ပါတယ်…
နောက် ။    ။ ဒီနိုင်ငံကတင် မဟုတ်ဘူး၊ တခြားအင်္ဂါဂြိုလ်ကို ပြောင်းရင်ရော ဘယ်လို သဘောရလဲ ဂိုဏ်းချုပ်…
    ဂိုဏ်းချုပ် စိတ်ဆိုးသွားဟန်ဖြင့်၊

ဂိုဏ်းချုပ် ။    ။ မင်းတို့ကောင်တို့ တိတ်စမ်း။ မင်းတို့ဒီလို ကြောက်တတ်လို့ ယာကူဇာစလေရာက ဒီလောက်ထိ အတင့်ရဲနေတာပေါ့။ အလကား သုံးစားမရတဲ့ကောင်တွေ…

    ဂိုဏ်းချုပ်က ခေါင်းဆောင် အယောက် ၂၀ကို ဆူပူနေစဉ်၊ သခင်လေး တိုမိုယာ အစည်အဝေးခန်းမထဲသို့ ၀ုန်းတိုင်းကျဲပြီ ပြေးဝင်လာပြီ၊

တိုမိုယာ ။    ။ အဖေ အရမ်းအရေးကြီးတဲ့ သတင်းပါတယ်…

    သခင်လေး တိုမိုယာကို တခြားဘယ်သူမှ မမြင်ပဲ ငါတစ်ယောက်ထဲများ မြင်နေတာလားမသိဘူး။ သေသွားပြီ သရဲဖြစ်ပြီ လာခြောက်နေတာဆို ငါတော့ ဒုက္ခပါပဲဟု တွေးကြောက်နေသည်။ ကံကောင်းချင်တော့ တခြားသူတွေလည်း သခင်လေးကို မြင်ရ၍၊

ခေါင်းဆောင်များ ။    ။ တိုမိုယာ လာပြီကွ။ ဘာအရေးကြီး သတင်းလဲ မြန်မြန်ပြောလေ…

    ပြောလိုက်မှ ကျွုန်ုပ် တော်ပါသေးရဲ့ဟု သက်ပြင်းချနိုင်တော့သည်။ သခင်လေး တိုမိုယာက ဘာမှ ဆက်မပြောပဲ အူကြောင်ကြောင် လုပ်နေ၍၊ ဂိုဏ်းချုပ်က စိတ်မရှည်စွာ သခင်လေးအကျီင်္ကို အားဖြင့် စောင့်ဆွဲ၍၊

ဂိုဏ်းချုပ် ။    ။ ဟေ့ကောင် တိုမိုယာ၊ ငါစိတ်မရှည်တော့ဘူး ပြောစရာရှိ မြန်မြန်ပြောစမ်းကွ…
တိုမိုယာ ။    ။ ဟို၊ ကြောင်နဲ့ကြွက်ဂိုဏ်း ချေမှုန်းခံရတဲ့ ဂိုဒေါင်အောက်မှာ သူတို့ရဲ့ မသမာပဲရထားတဲ့ငွေတွေ မြုပ်ထားတယ်လို့ ကျွန်တော် သတင်းအခိုင်အလုံ ရခဲ့တယ်။ အဲဒါ သူများ မဦးခင် ကျွန်တော်တို့ သွားတူးရအောင်…
    ဂိုဏ်းချုပ် အရမ်းစိတ်ဆိုးသွားသော လေသံဖြင့်၊

ဂိုဏ်းချုပ် ။    ။ ဘာကွ၊ ဒါကို အရေးကြီး ပြောချင်တာလား။ အလကား ငရှုပ်ကောင်…

    သခင်လေး တိုမိုယာကို ခြေထောက်ဖြင့် ပေ ၁၀လောက်ထိ ကန်ထုတ်လိုက်သည်။ ခေါင်းဆောင်များ တစ်ယောက် တစ်ပေါက်ပြောနေ၍ ဆူညံနေသည်များကို ငြိမ်သက်အောင် စားပွဲကို ထပ်ထုရိုက်လိုက်ပြီ၊

ဂိုဏ်းချုပ် ။    ။ တိတ်ကြစမ်း အစည်းအဝေးပြန်စမယ်။ ယာကူဇာစလေရာကို ဘယ်လို နှိမ်နှင်းမယ် ဆိုတာကိုပဲ ပြော…
ခေါင်းဆောင် ။    ။ ကျွန်တော် အမြင်ကို အရင်တင်ပြ ပါရစေ။ ဒီယာကူဇာစလေရာ ဆိုတာ လူမဟုတ်ပဲ၊ တိရစ္ဆာန်တစ်ကောင် ဆိုတာ သေချာပါတယ်…
နောက်ခေါင်းဆောင် ။    ။ ဟေ့ကောင် မဖြစ်နိုင်တာကို မပြောနဲ့။ ယာကူဇာစလေရာက တိရစ္ဆာန် မဖြစ်နိုင်ဘူး၊ ငရဲပြည်က မကောင်းသူပယ်ဖို့ လွှတ်လိုက်တဲ့ သေမင်းတမန်ပဲ ဖြစ်ရမယ်…
အားလုံး ။    ။ ဒါဆို ငါတို့ကိုလည်း ရှင်းတော့မှာပဲ။ ဘယ်လို လုပ်ကြမလဲကွ…
    အားလုံး ရွစိရွစိ ဖြစ်ကုန်ကြသည်။ သခင်လေး တိုမိုယာက တခွန်းမှ ၀င်မပြောပဲ၊ ပြုံးစိပြုံးစိ လုပ်နေသည်။

တခြားခေါင်းဆောင် ။    ။ မင်းတို့ ပြောတာ တစ်ခုမှ မမှန်ဘူး။ ယာကူဇာစလေရာက နတ်ဘုရားလဲ မဟုတ်ဘူး၊ မကောင်းဆိုးဝါးလဲ မဟုတ်ဘူး။ လူပဲကွ…
နောက်ခေါင်းဆောင် ။    ။ ဒါဆို သူက ဘယ်သူလဲ ပြောလေ…
တခြားခေါင်းဆောင် ။    ။ သူကို ဘယ်သူလဲ မခန့်မှန်းနိုင်တာက ယာကူဇာစလေရာက မိန်းမတစ်ယောက် ဖြစ်နေလို့ပဲ။ ပြီတော့ သူက အရမ်းချောပြီ…

    ဂိုဏ်းချုပ်အပါအ၀င်၊ ခေါင်းဆောင်များက အံ့အားသင့်စွာဖြင့် နားထောင်နေကြစဉ် သခင်လေး တိုမိုယာက၊

တိုမိုယာ ။        ။ ဟားဟားဟား၊ အရမ်းရယ်ရတယ်ကွ။ ဟားဟားဟား…
    အစည်အဝေးမှာ ထိုင်နေတဲ့ လူတွေအကြည့်က သခင်လေး တိုမိုယာဆီ ရောက်သွားကြသည်။

ဂိုဏ်းချုပ် ။    ။ တိုမိုယာ၊ မင်းက ဘာလို့ရယ်တာလဲ၊ တရားခံ ဘယ်သူလဲ သိလို့လား…
    ကျွန်ုပ် အပါအ၀င် အားလုံးက သခင်လေး တိုမိုယာများ ယာကူဇာစလေရာ ဘယ်သူလဲ ဆိုတာ သိနေသလား မေးခွန်းများဖြင့် ကြည့်လိုက်စဉ်၊

တိုမိုယာ ။    ။ ခုကြောင်နဲ့ကြွက်ဂိုဏ်း ပြိုလှဲသွားပြီ ဆိုတော့ ကျွန်တော်မှာ ပိုက်ဆံရှာစရာ နေရာမရှိတော့ဘူး တွေးပြီ ၀မ်းနည်းလွန်းလို့ပါဗျာ၊ ဟိဟိဟိ…
ဂိုဏ်းချုပ် ။    ။ ဘာကွ မင်းငါတို့ကို လာနောက်တာပေါ့လေ…

    ဂိုဏ်းချုပ် သူ့ခါးပတ်ကို ထုတ်၍ သခင်လေးတိုမိုယာကို တချက်ရိုက်လိုက်ရုံဖြင့် အစည်းအဝေးခန်းမ ပြင်သို့ လွှင့်ထွက်သွားတော့သည်။ ယာကူဇာစလေရာကို ဘယ်လို ကိုင်တိုင်သင့်သည်ကို ထင်ကြေးတွေဖြင့် ဆွေးနွေးနေကြသည်။ ကျွန်ုပ်အတွေးမှာတော့ ယာကူဇာစလေရာက သူတို့ပြောသလို မိန်းမမဟုတ်ပဲ၊  မိန်းမလျာဖြစ်နိုင်တာပဲဟု တွေးနေမိသည်။ အစည်းအဝေးရုပ်သိမ်းပြီသည်နှင့် ဂိုဏ်းချုပ်က သူအခန်းထဲသို့ လာရန် ကျွန်ုပ်အား ပြောထားသည်နှင့် ဂိုဏ်းချုပ် အခန်းဝမှ သွားစောင့်နေသည်။

ဂိုဏ်းချုပ် ။    ။ ယာကူဇာစလေရာ ဘယ်သူလဲ မသိမချင်း၊ ငါတို့အားလုံးဟာ ပစ်မှတ်ဖြစ်နိုင်တယ်။ ဒါကြောင့် ဒီနေ့ကစပြီ မင်း တိုမိုယာနားနေပြီ အနီးကပ်စောင့်ရှောက်ဖို့ တာဝန်ယူရမယ်…
ကျွန်ုပ် ။    ။ ဟိုက်၊ဟိုက်…
ဂိုဏ်းချုပ် ။    ။ ပြီတော့ ငါနောက်တစ်ခု တာဝန်ပေးစရာ ရှိသေးတယ်။ အဲဒါကိုတော့ တိုမိုယာ လုံးဝသိလို့ မဖြစ်ဘူး။ အဲဒီ တာဝန်က x.x.x.x.x.x.x.x.x…

    ကျွန်ုပ်ကြားရုံဖြင့် အနည်းငယ် မျက်လုံးပြူးသွားသည်။ ဂိုဏ်းချုပ် ဘာကြောင့် ကျွန်ုပ်ကို ဒီလောက် ကြီးလေးသော တာဝန်မျိုးပေးသည်မှာ ထမ်းနိုင်ရန် ကျွန်ုပ်ခန္တာကိုယ် ထွားကျိုင်း၍ ဖြစ်နိုင်လောက်သည်ဟု စဉ်းစားမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်ုပ် ဂိုဏ်းချုပ် အမိန့်ဖီဆန် မရ၍၊

ကျွန်ုပ် ။    ။ ဟိုက်၊ ဟိုက်…

    ခေါင်းညိတ်ပြ၍ ဂိုဏ်းချုပ်ကို ဂါရ၀ပြု၍ အခန်းထဲမှ ထွက်လာခဲ့သည်။ ဒါပေမယ့် ကျွန်ုပ်စိတ်ထဲ မရှင်းသည်မှာ ယာကူဇာစလေရာ ပေါ်လာခဲ့လျှင် ကျွန်ုပ် သခင်လေးနဲ့ ကြွက်ဖြူကို ဘယ်သူကို စောင့်ရှောက် ရမှာလဲ ဆိုတာကိုပင်။ ထိုအဖြေကို စဉ်းစားရင်း သခင်လေး တိုမိုယာရှိရာသို့ ထွက်လာခဲ့သည်။
ဆက်ရန်....

4 comments:

  1. ဟိုက်..ဟိုက်...
    ကျွနုပ်မှ ဂျူးလိယက်အား ဂါဝရပြုခြင်း မဟုတ်ပါ..
    ဂိုဏ်းချုပ်အား အလေးပြုနောက်ဆုတ်ခြင်းသာ ဖြစ်ပါသည်..။ဟီး

    ReplyDelete
  2. ဟိုက်၊ ဟိုက်!!!... နားလည်တယ်ဆိုတဲ့ သဘောပါ.. heeee

    ReplyDelete
  3. ဟိုက်ဟိုက် ဆိုလို့ အံ့သြနေတယ် မှတ်တာ
    နှုတ်ဆက်နေကြတာကိုးး)
    ယာကူဇာ၁ ထက်ကို ၂က ပိုပြီးကောင်းလာပြီ။
    ပျော်လဲပျော်ဖို့ကောင်းတယ်..

    ReplyDelete
  4. ဟီးဟီး ... ကျေးဇူးပါ မချော... :)

    ReplyDelete